ပိုင်နက်တွေတိုးချဲ့ဖို့ တောင်းဆိုတာလုပ်နေတယ်လို့ G7 ထုတ်ပြန်ချက် တရုတ်ဒေါသတကြီး တုံ့ပြန်- ဧပြီ ၁၈ ရက် ညနေခင်း နိုင်ငံတကာသတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်က နယ်မြေပိုင်နက်တွေကို တိုးချဲ့ဖို့ တောင်းဆိုမှုတွေ ပိုလုပ်နေတယ်ဆိုတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 ထုတ်ပြန်ချက် အပေါ် တရုတ်က ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။
ဂျပန်မှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ တရုတ်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ တာဝန်သိတဲ့ အဖွဲ့ဝင်အဖြစ် ရပ်တည်ဖို့လည်း ထိုင်ဝမ်နဲ့ တောင်တရုတ် ပင်လယ်ထဲက စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေကို ကိုးကားပြီး ပြောဆိုပါတယ်။
ဒီအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက G7 နိုင်ငံတွေက ဖျက်လိုဖျက်ဆီးနဲ့ သွားပုပ်လေလွင့် ပြောနေပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်စွက်နေတယ်လို့ ပြောပါတယ်။
‘တရုတ်ရဲ့ တည်ကြည်တဲ့ ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်ကို G7 နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံရာမှာ လျစ်လျူရှုထားပါတယ်။ တရုတ်နဲ့ပတ်သက်ရင် သွားပုပ်လေလွင့် ပြောဆိုပြီး ပြည်တွင်း ရေးကို ဝင်စွက်နေပါတယ်။ ဒီထုတ်ပြန်ချက်က ဘက်လိုက်ပြီး တရုတ်ကို ဖိနှိပ်ဖို့နဲ့ ဆန့်ကျင် ပျက်စီးဖို့ ဖြစ်ပါတယ်’လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝန်ဘင်းက ပြောပါ တယ်။
ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က ပြည်မရဲ့ အစိတ်အပိုင်းအဖြစ် ပြောဆိုနေပြီး တောင်တရုတ်ပင်လယ်ထဲမှာ ရှိတဲ့ ရေပိုင်နက် အများစုဟာ သူ့ပိုင်နက်ထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
တရုတ် စီးပွားရေး ၄ ရာခိုင်နှုန်းကျော်တိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့ စီးပွားရေးက အရင်နှစ်ဒီလို ကာလမှာ ၄.၅ ရာခိုင်နှုန်း တိုးလာပြီး ဒါဟာ တင်းကျပ်တဲ့ ကိုဗစ် စည်းမျဉ်းတွေ ရုတ်တရက် ဖြေလျော့ပေးခဲ့ပြီးနောက်ပိုင်း စီးပွားရေးက ပြန်လည် တိုးတက်လာတာ ဖြစ်ပါတယ်။
ဒီအရင်မတိုင်မီ လေးလက စာရင်းဇယားတွေ အရ တိုးတက်မှုက ၂.၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ စက်မှုထုတ်ကုန်နဲ့ လက်လီအရောင်းအဝယ်တွေလည်း မြင့်တက်ခဲ့ပါတယ်။
၂ဝ၂၃ ခုနှစ်မှာ တရုတ်အစိုးရက စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းအထိ တက်ဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့နှစ်မှာ တိုးတက်ဖို့ ရည်မှန်းချက်က သတ်မှတ်ထားတာနဲ့ အများကြီး ကွာဟနေတယ်လို့ ဆိုပါတယ်။
ဒေသခံအစိုးရ အကြွေးတွေနဲ့ လူငယ်တွေ အလုပ်အကိုင်မဲ့နေတာက ကြီးမားတဲ့ ပြဿနာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း စီးပွားရေး သမားတွေက ဒီနှစ်စီးပွားရေး တိုးတက်မှုကို လျော့ခန်းမှန်းထားတာ ဖြစ်ပါတယ်။
ယူကရိန်းရဲ့ သိမ်းထားတဲ့ နယ်မြေတွေဆီ ရုရှားသမ္မတ သွားရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းက သိမ်းပိုက်ထားတဲ့ နေရာတွေကို သမ္မတ ပူတင်က သွားရောက်တဲ့ ရုပ်သံကို ရုရှား သမ္မတ အိမ်တော်က ထုတ်ပြန်လာပါတယ်။
ခါဆွန်နဲ့ လုဟန်စ့် ဒေသမှာရှိတဲ့ တပ်မှူးတွေနဲ့ တွေ့ဆုံနေတာကို ရုပ်သံဖိုင်မှာ ပြသထားပါတယ်။
ယူကရိန်း သမ္မတ အကြံပေးက သမ္မတ ပူတင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး နောက်လိုက်တွေရဲ့ ရာဇဝတ်မှုကို သွားရောက် ဆင်နွဲတယ်ဆိုပြီး ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ယူကရိန်းကို သိမ်းပိုက်ပြီးတဲ့နောက် ရုရှား ခေါင်းဆောင်က ယူကရိန်းက သိမ်းထားတဲ့နယ်မြေတွေကို ရှားရှားပါးပါး သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းက ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည် သိမ်းပိုက်ဖို့ ထိုးစစ်အတွက် ပြင်ဆင်နေချိန်မှာ အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆူဒန်မှာ နှစ်ဆယ့်လေးနာရီ အပစ်ရပ်ဖို့ ဗိုလ်ချုပ်တွေ သဘောတူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆူဒန်နိုင်ငံ ခါတွမ်နဲ့ တခြားမြို့တွေမှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ၂၄ နာရီ အပစ်ရပ်ဖို့ ပြိုင်ဘက် ဗိုလ်ချူပ်တွေက သဘောတူလိုက်ပါတယ်။
Rapid Support Forces (RSF)လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဆူဒန်စစ်တပ် တပ်ဖွဲ့ဝင်တွေ မြို့တော်အနှံ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒီကနေ့ည ဒေသစံတော်ချိန် ၆ နာရီမှာ အပစ်ရပ်မယ်လို့ စစ်တပ် ဗိုလ်ချုပ် အက်ဒယ်လ် ဖာတာ အယ်လ် ဘာဟန်က စီအန်အန် သတင်းဌာနကို ပြောပါတယ်။ တချို့တပ်ဖွဲ့တွေက ဒါကို ငြင်းဆန်ထား ပါတယ်။
RSFတပ်ဖွဲ့က ဗိုလ်ချုပ် မိုဟာမက် ဟမ်ဒန်ဒါဂါလိုက ဒဏ်ရာရနေတဲ့ အရပ်သားတွေကို ထွက်ခွာခွင့်ပေးဖို့ အပစ်ရပ်တာကို အတည်ပြုတယ်လို့ ပြောပါတယ်။ လူနေထူထပ်တဲ့ နေရာတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် လူရာနဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။
ခါတွမ်မှာ လေးရက်ဆက်တိုက် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် လူသားချင်း စာနာမှု အကူအညီတွေကို ပေးဖို့ မဖြစ်နိုင်ဘူးလို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကပြောပါတယ်။
မြေအောက်ခန်းတွေမှာ ပုန်းနေပြီး ဒဏ်ရာရသူတချို့တွေဆီကနေ အကူအညီတောင်းဖုန်းခေါ် ဆိုတာတွေကို ရထားတယ်လို့လည်း ဆိုပါတယ်။
စစ်ဘက်ဆိုင်ရာ အဖွဲ့တွေက ကျန်းမာရေးဌာနတွေကို ဝင်စီးထားတာကြောင့် ကျန်းမာရေး စနစ်က ပြိုလဲလုနီးပါး ဖြစ်နေပြီလို့လည်း သိရပါတယ်။
ကုလသမဂ္ဂက နိုင်ငံတွင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ထားပေမဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က ဝန်ထမ်း ၃ဦးအသတ်ခံရပြီးတဲ့နောက် လုပ်ငန်းအားလုံးကို ဆိုင်းငံ့လိုက်ပါတယ်။
အိန္ဒိယမှာ လိင်တူချစ်သူတွေ တရားဝင်လက်ထပ်ခွင့်ပေးဖို့နောက်ဆုံးကြားနာမှု စတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ လိင်တူချစ်သူတွေကို တရားဝင် လက်ထပ်ခွင့်ပေးဖို့ လိင်တူချစ်သူ စုံတွဲတွေက အသနားခံတင်ပြထားတဲ့အပေါ် ဗဟိုတရားရုံးချုပ်က နောက်ဆုံးကြားနာမှုကို စတင်နေပြီ ဖြစ်ပါတယ်။
တရားရုံးရဲ့ ဝက်ဆိုဒ်မှာ တိုက်ရိုက် ထုတ်လွှင့်ချက်မှာ လိင်တူချစ်သူ စုံတွဲ ၁၈ တွဲက လက်ထပ်ခွင့်မပေးဘဲ ထားတာဟာ ဘဏ်အကောင့် အတူဖွင့်ခွင့်မရတာ အိမ်ကို နှစ်ဦး နာမည်နဲ့ ပိုင်ဆိုင်ခွင့်မရဘူးဆိုပြီး တင်ပြခဲ့ကြပါတယ်။
ဒါပေမဲ့ မြို့ပြ ရေပေါ်ဆီ အမြင်ကို ကိုယ်စားပြုတယ်ဆိုပြီး အသနားခံတင်ပြချက်ကို တရားရုံးကနေ ပယ်ချက်ဖို့ အိန္ဒိယ အစိုးရက တောင်းဆိုပါတယ်။
အိန္ဒိယမှာ ရှိတဲ့ ဘာသာ အားလုံးက လက်ထပ်တာက မျိုးဆက်ပွားဖို့ ဖြစ်ပြီး ဖျော်ဖြေဖို့မဟုတ်ဘူးဆိုပြီး လိင်တူ လက်ထပ်တာကို ဆန့်ကျင်ထားပါတယ်။
၂ဝ၁၈ ခုနှစ်မှာ ကိုလိုနီခေတ်က တားမြစ်ထားတဲ့ လိင်တူချစ်သူအချင်းချင်း ကာမဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ဖို့ အိန္ဒိယ ဗဟိုတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။








