နှာခေါင်းအစက်ချ ကိုဗစ် ကာကွယ်ဆေး အိန္ဒိယ စထုတ်

ကိုဗစ်ကာကွယ်ဆေး အစက်ချဆေး

ဓာတ်ပုံ ရင်းမြစ်, BHARAT BIOTECH / TWITTER

အိန္ဒိယနိုင်ငံက နှာခေါင်းထဲ ထည့်ရတဲ့ ကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး အသိအမှတ်ပြု လိုက်ပါတယ်။

ဘာရတ် ဘိုင်အိုတက် ကုမ္ပဏီက ထုတ်လုပ်တဲ့ အင်ကိုဗက် iNCOVACC ကာကွယ်ဆေးကို အစက်ချတဲ့ ပုံစံနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဆေးက နှာခေါင်းထဲက တစ်သျှူးတွေရဲ့ ခုခံတုံ့ပြန်မှုကို နှိုးဆွမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း ၂၀၂၂ စက်တင်ဘာမှာ ရှူသွင်းရတဲ့ ကာကွယ်ဆေးကို အသိအမှတ်ပြု ခဲ့ပြီးပြီ ဖြစ်ပြီး အဲဒီဆေးကို ဖြန်းဆေး ပုံစံနဲ့လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

နှာခေါင်းထဲထည့်သွင်းရတဲ့ ဆေးတွေဟာ ကိုဗစ် ခန္ဓာကိုယ်ထဲကို အဓိက ဝင်တဲ့နေရာက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ခုခံအားမြှင့်တင် ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ယူကေနဲ့ အမေရိကန်တို့က သုတေသန အဖွဲ့တွေကလည်း ကာကွယ်ဆေး နှာခေါင်းဖြန်းဆေးတွေကို ရှာဖွေစမ်းသပ်နေကြပါတယ်။

အင်ကိုဗက်ဆေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အိန္ဒိယ ဆေးဝါးအာဏာပိုင်အဖွဲ့အစည်းက ကိုဗစ် ကာကွယ်ဆေး အားမြှင့်ဆေးအဖြစ် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယရဲ့ အဓိက ကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ ကိုဗစ်ရှီးနဲ့ ကိုဗက်ဆင်း ကာကွယ်ဆေးတွေ ထိုးထားပြီးတဲ့ လူကြီးတွေအတွက် အရေးပေါ် အားမြှင့်ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာတော့ အဓိက ကာကွယ်ဆေးနဲ့ လူကြီးတွေအတွက် စွမ်းအားမြှင့် ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေမှာ ဒီကာကွယ်ဆေး တစ်ကြိမ်စာကို ရူပီး ၈၀၀ ( အမေရိကန် ၁၀ ဒေါ်လာ) ကျသင့်မှာ ဖြစ်ပြီး အစိုးရဆေးရုံတွေမှာ ၃၂၅ ရူပီးကျမှာ ဖြစ်ပါတယ်။ ဆေးကို ၂၈ ရက်စီ ခြားပြီး နှစ်ကြိမ် ပေးရမှာ ဖြစ်ပါတယ်။

အိန္ဒိယ ကိုဗစ်စစ်ဆေးမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်ကိုဗက်က တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အသုံးပြုပြီး ကိုဗစ်ကို ဘယ်လို ခုခံရမယ်ဆိုတာကို ခန္ဓာကိုယ်ကို လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေမှာသုံးတဲ့ အဲဒီဗိုင်းရပ်စ်တွေဟာ အားပျော့အောင်ပြုပြင်ထားတာ ဖြစ်လို့ ခန္ဓာကိုယ်မှာ ရောဂါ ကူးစက်ပွားများစေမှာ မဟုတ်ပါဘူး။ 

ဒီနှာခေါင်း အစက်ချ ကာကွယ်ဆေးတွေသုံးဖို့ ထိုးဆေးတွေလို ပိုက်ပြွန်တွေ၊ အပ်တွေ မလိုလို့ သယ်ရတာ လွယ်တယ်၊ ပြီးတော့ ကာကွယ်ဆေး ထိုးဆေးတွေနဲ့ ယှဥ်ရင် ခုခံအားလည်း ပိုများများထုတ်နိုင်တယ်လို့ ဘာရတ် ဘိုင်အိုတက်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခရစ်ရှနာ အယ်လာက ANI သတင်းအေဂျင်စီကို ပြောပါတယ်။

အိန္ဒိယဟာ ကိုဗစ်ကာကွယ်ဆေး ထိုးဆေး နှစ်ဘီလျံကျော် ပြည်သူတွေကို ထိုးပေးပြီး ဖြစ်ပါတယ်။ အိန္ဒိယ လူထုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး ကာကွယ်ဆေး နှစ်ကြိမ် ရထားကြပြီးလည်း ဖြစ်တယ်လို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၂ ဇန်နဝါရီလမှာ စပြီး ကျန်းမာရေးစောင့်ရှောက်သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားရောဂါအခံရှိတဲ့ အသက် ၆၀ ကျော်သူတွေကို အိန္ဒိယမှာ ကိုဗစ်ကာကွယ်ဆေး စွမ်းအားမြှင့်ဆေးတွေ စပေးခဲ့ပါတယ်။ ဒါပေမဲ့ စွမ်းအားမြှင့် ကာကွယ်ဆေး ပေးနှုန်းဟာ နှေးကွေးနေပါတယ်။