ကပ္ပတိန်က အမျိုးသမီးဖြစ်တာကြောင့် သင်္ဘောမှောက်ရတာလို့ စော်ကားနေတာတွေကို နယူးဇီလန်ဝန်ကြီးက ဝေဖန်

တွမ် ဘန်းနက်

BBC News

HMNZS Manawanui

ဓာတ်ပုံ ရင်းမြစ်, SAMOAN GOVERNMENT

ဓာတ်ပုံ ပုံစာ, HMNZS Manawanui ဟာ မီးလောင်ပြီး တိမ်းမှောက် သွားပါတယ်

နိုင်ငံက ရေတပ်သင်္ဘောတစီး နစ်မြုပ်ခဲ့မှုမှာ ကပ္ပတိန်က အမျိုးသမီးဖြစ်တာကြောင့် လို့ ဆိုနေကြတဲ့ "ထိုင်ခုံပေါ်က ဗိုလ်ချုပ်တွေ"ကို နယူးဇီလန် ကာကွယ်ရေးဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ယူပိုလာက ဆမိုအာကျွန်းကနေ ရေမိုင် တမိုင်အကွာလောက်မှာ သန္တာကျောက်တန်း တွေကို စစ်ဆေးနေတုန်း HMNZS Manawanui စစ်သင်္ဘောဟာ သောင်နဲ့ငြိ သွားခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ သင်္ဘော မီးလောင်ခဲ့ပြီး တိမ်းမှောက်သွားခဲ့ပါတယ်။

သင်္ဘောပေါ် ပါလာတဲ့ လူပေါင်း ၇၅ ယောက်ကို အသက်ကယ်လှေတွေနဲ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ကယ်ထုတ်ခဲ့ကြကြောင်း နယူးဇီလန် စစ်တပ်က ထုတ်ပြန်ပါတယ်။

ဒီအဖြစ် ဘာ့ကြောင့်ဖြစ်ခဲ့ရသလဲ ဆိုတာနဲ့ သင်္ဘောပျက်ကြောင့် ထိခိုက်သွားနိုင်မယ့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှု အတိုင်းအတာကို အရာရှိတွေက ဆန်းစစ်နေ ပါတယ်။

"ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာကို စုံစမ်းရေး အဖွဲ့ဖွဲ့ပြီး စစ်မှာပါ" လို့ နယူးဇီလန်ရဲ့ ပထမဆုံးသော အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး ဂျုဒစ် ကောလင်းကဆိုပြီး "ကျွန်မတို့ အသေအချာသိပြီးသား တခုကတော့ ဒါဟာ သင်္ဘော ကပ္ပတိန်က ကျားလား၊ မလား ဆိုတာနဲ့ မဆိုင်ဘူး ဆိုတာပါ" လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံဖွား ရေတပ် ဗိုလ်မှူးကြီး အီဗွန်း ဂရေးဟာ အရင်က ဗြိတိသျှ ဘုရင့် ရေတပ်မှာ တာဝန်ထမ်းခဲ့သူဖြစ်ပြီး အခု HMNZS Manawanui မှာ ကပ္ပတိန် ပါ။

အဖြစ်အပျက်နဲ့ ပတ်သက်ပြီး နယူးဇီလန် သံတော်ဆင့် သတင်းဌာနကို ပြောရာမှာ "မှန်းဆလို့မရအောင် ဆိုးတာတွေ" ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။

အရေးပေါ်အခြေအနေကို တုံ့ပြန်ဆောင်ရွက်ရာမှာ ရေတပ် တပ်ဖွဲ့ဝင်တွေက "ကျွန်မ လုပ်စေချင်တဲ့အတိုင်း သူတို့က တသဝေမတိမ်း အတိအကျ လုပ်ဆောင်ခဲ့တယ်" "ရဲဘော်ရဲဘက်စိတ်အပြည့်၊ သတ္တိအပြည့်နဲ့ လုပ်ခဲ့ကြတယ်"လို့ ရေတပ် ဗိုလ်မှူးကြီး ဂရေးက ပြောပါတယ်။

"သူတို့ လက်အောက်ငယ်သားတွေအတွက် သေရေး ရှင်ရေး အရေးတကြီး လုပ်ရမှာကို တခါမှ မဆုံးဖြတ်ဖူးတဲ့ ထိုင်ခုံပေါ်က ဗိုလ်ချုပ်တွေနဲ့ လူတွေက" အွန်လိုင်းမှာ သရော်စော်ကားပြောနေကြတာတွေကို စိတ်ပျက် ဒေါသထွက်မိတယ်လို့ ဝန်ကြီး ကောလင်းက ပြောပါတယ်။

"ထိုင်ခုံမှာထိုင်ပြီး သူတို့ မသိတဲ့လူတွေ၊ သူတို့ မသိတဲ့ ဧရိယာတွေကို ကီးဘုတ်နှိပ်ပြီး မှတ်ချက်ပေးနေကြတာတွေက ယဉ်ကျေးကြပါတယ်လို့ ဆိုနိုင်မလား" လို့ သူက ထပ်ဖြည့် ပြောပါတယ်။

New Zealand Defence Force

ဓာတ်ပုံ ရင်းမြစ်, New Zealand Defence Force

ဓာတ်ပုံ ပုံစာ, ရေတပ် ဗိုလ်မှူးကြီး အီဗွန်း ဂရေးက ၂၀၁၂ မှာ နယူးဇီလန်ကို ပြောင်းရွှေ့ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုရက်ပိုင်းတွေအတွင်း ယူနီဖောင်းဝတ် အမျိုးသမီးတွေအနေနဲ့ လမ်းပေါ်မှာ သရော်စော်ကားတာတွေကို ခံနေရတယ်လို့ ကောလင်းက ပြောပါတယ်။

"ဒါဟာ စက်ဆုပ်စရာကောင်းတဲ့ အပြုအမူတွေဖြစ်ပြီး၊ နယူးဇီလန်မှာ ဒါတွေ ဖြစ်တာမျိုး မရှိခဲ့သလို ကျွန်မတို့က တန်ဖိုးရှိတဲ့လူတွေ" လို့ သူက ဆိုပါတယ်။

HMNZS Manawanui ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နယူးဇီလန် ရေတပ်က ပထမဆုံး ဆုံးရှုံးရတဲ့ စစ်သင်္ဘောဖြစ်ခဲ့ပါတယ်။

၁၉၈၇ နှစ် နောက်ပိုင်းကတည်းက ဆန်းစစ်မှု မလုပ်ရသေးတဲ့ ဧရိယာ တခုကို အဲဒီ သင်္ဘောက သွားရောက်ခဲ့တာလို့ ကောလင်းက အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

ဆမိုအာ အဏ္ဏဝါ ညစ်ညမ်းမှု အကြံပေးရေး ကော်မီတီက ဒီသင်္ဘောဟာ "နေရာ ၃ နေရာကနေ လောင်စာဆီတွေ ယိုစိမ့်ခဲ့တယ်" ဒါပေမဲ့ ကမ်းခြေဘက်ကို ဆီတွေ ပြန်ရောက်လာမယ့် အနေအထားတော့ မတွေ့သေးဘူးလို့ ကြာသပတေးနေ့ မနက်က ဆိုပါတယ်။

သင်္ဘောမီးလောင်နေတဲ့အချိန်မှာ သင်္ဘောမှာပါတဲ့ လောင်စာဆီအများစုက မီးလောင်သွားတယ်လို့ မှတ်ယူနိုင်ကြောင်းနဲ့ ပင်လယ်ထဲကို ထွက်ကျခဲ့တဲ့ ဆီတွေက ပင်လယ်ထဲမှာ ပျံ့နှံ့ပျောက်ကွယ်သွားကြောင်း ဆမိုအာ အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေ ရှိနိုင်ကြောင်း တချို့က စိုးရိမ်ကြပါတယ်။

ဒေသခံ မန်နူ ပါစီဗယ်က ကမ်းရိုးတန်းတလျောက်မှာ ဆီတွေကို သူတွေ့ခဲ့ရကြောင်း ရေဒီယို နယူးဇီလန်ကို တနင်္လာနေ့က ပြောပါတယ်။

"အဲဒီ ဧရိယာမှာ အစိမ်းရောင် ပင်လယ်လိပ်တွေ အများကြီးရှိတယ်၊ ငါးလိပ်ကျောက် တွေလည်း အများကြီးရှိတယ်"လို့ သူက ပြောပါတယ်။

"သင်္ဘောမှောက်တဲ့နေရာက ကမ်းခြေရေတိမ်နားမှာဖြစ်ပြီး ဂဏန်းတွေလည်း အဲဒီမှာနေကြတာ၊ အားလုံး ထိခိုက်ပါလိမ့်မယ်။"

ရေတပ်ကနေ အဖွဲ့တခုကို ဖွဲ့စည်းလိုက်ပြီး "ဒေသတွင်း ကမ်းခြေတွေမှာ ညစ်ညမ်းမှု တွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားနိုင်အောင် အလုပ်တွေ စလုပ်နေပြီ" လို့ နယူးဇီလန် စစ်တပ်က ပြောပါတယ်။

ဆမိုအာ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနက ရေငုပ်သမားတွေ "သင်္ဘောပျက်နဲ့ တိုက်မိတဲ့ သန္တာကျောက်တန်း ပျက်စီးမှုကို လေ့လာနေတယ်" လို့ လည်း စစ်တပ်က ပြောပါတယ်။

နယူးဇီလန်ဟာ ဂျန်ဒါ ညီမျှမှုနဲ့ ပတ်သက်ပြီး ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့ကာ အမျိုးသမီးတွေ မဲပေးခွင့်ကို ပထမဆုံး ရရှိခဲ့တဲ့ နိုင်ငံပါ။

ဒါပေမဲ့ နိုင်ငံမှာအမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဂျက်ဆင်ဒါ အာဒန်းဟာ သူတာဝန် ထမ်းဆောင်စဉ် သူ့အပေါ် ကျားမခွဲခြားပြီး နှိမ်ချတဲ့ အပြုအမူတွေကို ကြုံခဲ့ရပြီး ဒီကိစ္စကို နိုင်ငံက မီဒီယာတွေထဲ အငြင်းအခုံဆွေးနွေးခဲ့ကြဖူးပါတယ်။

နယူးဇီလန် စစ်တပ်ထဲမှာ အမျိုးသမီး တပ်ဖွဲ့ဝင် အင်အားက ၂၀% ခန့် ရှိပါတယ်။