ထောင်ကျတဲ့ စင်္ကာပူဝန်ကြီးဟောင်းကို နေအိမ်အကျယ်ချုပ်ပို့

စင်္ကာပူမှာ နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် တရားစွဲခံရတဲ့ နိုင်ငံရေး ရာထူးလက်ကိုင် အစ္စဝါရန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စင်္ကာပူမှာ နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် တရားစွဲခံရတဲ့ နိုင်ငံရေး ရာထူးလက်ကိုင် အစ္စဝါရန်
    • ရေးသားသူ, ခိုယု
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ

မနှစ်က လူအများ စိတ်ဝင်စားခဲ့တဲ့အမှုနဲ့ ထောင်ကျခဲ့တဲ့ စင်္ကာပူ အစိုးရ ဝါရင့် ဝန်ကြီးဟောင်း တယောက်ကို သူ့ရဲ့ ထောင်သက်တမ်း တနှစ်အတွက် ကျန်တဲ့အချိန်ကို နေအိမ် အကျယ်ချုပ်နဲ့ ကျခံခွင့် ပြုခဲ့ပါတယ်။

ရာထူးလက်ရှိဘဝမှာ ဒေါ်လာ သုံးသိန်းကျော်တန်တဲ့ လက်ဆောင်တွေ လက်ခံခဲ့မှု၊ တရားစီရင်ရေးကို နှောင့်ယှက်မှုတွေနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် စူပရာမန်နီယမ် အစ္စဝါရန်ကို အောက်တိုဘာလ ၇ ရက်က ထောင်ချခဲ့ပါတယ်။

အစ္စဝါရန် အမှုက အစိုးရ အရာရှိကြီးတွေရဲ့ ခြစားမှုတွေ ဖြစ်ခဲတဲ့ စင်္ကာပူကို ကိုင်လှုပ်ခဲ့ပါတယ်။

အရှေ့တောင်အာရှရဲ့ ဘဏ္ဍာရေး ဗဟိုချက်လို နေရာယူထားတဲ့ ဒီကျွန်းနိုင်ငံက သန့်ရှင်းတဲ့ အစိုးရအုပ်ချုပ်တဲ့ နိုင်ငံဆိုပြီး သူ့ကိုယ်သူ အမွှမ်းတင်လေ့ရှိပါတယ်။

သူ့ကို သောကြာနေ့က နေအိမ်အကျယ်ချုပ် ပို့ဆောင်လိုက်ကြောင်း စင်္ကာပူ အကျဉ်းဌာနက ဒေသတွင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

စင်္ကာပူမှာ ထောင်တွင်းနေထိုင်မှုနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို လိုက်နာမှုပေါ် မူတည်ပြီး အကျဉ်းသားတွေကို နေအိမ်အကျယ်ချုပ် ပြောင်းပေးနိုင်ပါတယ်။

အစ္စဝါရန် အမှုက အစိုးရ အရာရှိကြီးတွေရဲ့ ခြစားမှုတွေ ဖြစ်ခဲတဲ့ စင်္ကာပူကို ကိုင်လှုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စဝါရန် အမှုက အစိုးရ အရာရှိကြီးတွေရဲ့ ခြစားမှုတွေ ဖြစ်ခဲတဲ့ စင်္ကာပူကို ကိုင်လှုပ်

အစ္စဝါရန်မှာ ပြစ်မှု ပြန်ကျူးလွန်နိုင်ခြေ နည်းပြီး ထောင်ထဲမှာလည်း ဘာပြစ်မှုမှ မကျူးလွန်တဲ့အပြင် မိသားစုရဲ့ ထောက်ပံ့မှုလည်း ကောင်းကြောင်း တွေ့ရှိရတယ်လို့ စင်္ကာပူ အာဏာပိုင်တွေက ပြောပါတယ်။

နေအိမ်အကျယ်ချုပ်ချိန်အတွင်း အီလက်ထရောနစ်နဲ့ စောင့်ကြည့်တဲ့ ခြေစွပ်ကို အစ္စဝါရန် တပ်ထားဖို့ လိုသလို အကြံပေး ဆွေးနွေးဖို့အတွက် ထောင်အာဏာပိုင်တွေဆီကို သတင်းပို့ရမှာ ဖြစ်ပါတယ်။

အစ္စဝါရန် သူ့အိမ်မှာ သောကြာနေ့က ထမင်းစားနေတာ တွေ့ခဲ့ရကြောင်း စင်္ကာပူက CNA သတင်းမှာ ဖော်ပြပါတယ်။

တရားခွင်အတွင်း သူ့ရှေ့နေတွေနဲ့ အစိုးရ ရှေ့နေတွေ နှစ်ဘက်လုံးက အမိန့်ချဖို့ တောင်းဆိုခဲ့တဲ့ ထောင်သက်တမ်းထက် အစ္စဝါရန်ရဲ့ ထောင်သက်တမ်း တနှစ်က ပိုပြီး ရှည်ကြာပါတယ် ။

အစ္စဝါရန်လို နိုင်ငံရေး ရာထူးရှင်တွေအနေနဲ့ အဖိုးတန် လက်ဆောင်ပစ္စည်းတွေ ရဖို့ ရာထူးအလွဲ သုံးစားလုပ်ရင် ပိုအပြစ်ရှိကြောင်း ယူဆသင့်တယ်ဆိုပြီး အောက်တိုဘာလက သူ့ကို ထောင်ချချိန်မှာ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

အစ္စဝါရန်ဟာ စင်္ကာပူမှာ နှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် တရားစွဲခံရတဲ့ နိုင်ငံရေး ရာထူးလက်ကိုင်ယူထားသူ ဖြစ်ပါတယ်။

စင်္ကာပူမှာ ခြစားမှုနဲ့ နောက်ဆုံး စစ်ဆေးခံခဲ့ရတဲ့ ဝန်ကြီးက တေချိအန်းဝမ် ဖြစ်ပြီး ၁၉၈၆ တုန်းက လာဘ်ယူမှုနဲ့ အစစ်ခံခဲ့ရပါတယ်။ သူ့ကို တရားစွဲတာတွေ မလုပ်ခင်မှာပဲ သတ်သေသွားခဲ့ပါတယ်။