မာဖီးယားခေါင်းဆောင် နှစ် ၃၀ ဘယ်လို လွတ်မြောက်နေခဲ့သလဲ
လော်ရာဂေါ်ဆီ - လန်ဒန်နဲ့ ဒေးဗီးဂီလိုနီ - ရောမ၊
ဘီဘီစီ သတင်းဌာန

ဓာတ်ပုံ ရင်းမြစ်, Reuters
ရဲကားနဲ့ ဖမ်းခေါ်သွားတဲ့သူက ဘယ်သူလဲဆိုတာ ပါလာမိုမြို့ခံတွေ ချက်ချင်း မသိလိုက်ကြပါဘူး။
တကယ်တော့ အဲ့ဒီလူဟာ လူမြင်ကွင်းက ပျောက်နေတာ အနှစ် ၃၀ ရှိနေပြီဖြစ်တဲ့ မာဖီးယားခေါင်း ဆောင်တစ် ယောက်ပါ။
ဒါပေမဲ့ သူ့ကိုလာဖမ်းတဲ့ မနက် ပါလာမိုမြို့က လမ်းကျဥ်းလေးတွေထဲကို လက်နက် ကိုင်တပ်ဖွဲ့ဝင် ၁၀၀ ကျော် ရောက်လာတဲ့အတွက် ဒီလောက်အင်အားသုံးပြီး သူတို့ လာဖမ်းတဲ့ ရာဇဝတ်ကောင်ဟာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ လူတွေ သိထားပြီးသားဖြစ်ပါတယ်။
ပါလာမိုမြို့မှာ ရှာဖွေတွေ့ရှိပြီး ရဲတွေဖမ်းသွားတဲ့သူက မာဖီးယားခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်ကြီးလို့တောင် ကင်ပွန်းတပ်နေကြတဲ့ မာဖီးယားခေါင်းဆောင် မက်တီယို မာဆီနာ ဒီနာရို ဖြစ်ပါတယ်။
သူ့ကိုဖမ်းမိပြီဆိုတဲ့ သတင်းထွက်လာတဲ့အချိန်မှာ လက်ခုပ်သြဘာတွေ တီးပြီး အော်ဟစ်အောင်ပွဲခံတဲ့ အသံတွေထွက်လာပါတယ်။ ပြီးတော့ တချို့ကဆို ရဲနဲ့ လက်ဝါးချင်းရိုက်၊ တခြား လူတွေကလည်း ပွေ့ဖက်တာတွေ လုပ်ကြတဲ့အပြင် တချို့ဆိုရင် မျက်ရည်တွေတောင် ကျကြပါတယ်။
မာဆီနာ ဒီနာရို ဖမ်းမိသွားပြီဆိုတဲ့ သတင်းက လူတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။
နောက်ပိုင်းမှာ မာရီယာ ဖယ်လ်ကိုနီကလည်း သူ့အစ်ကို အသတ်ခံရတဲ့ နေရာကို သက်သေအဖြစ် ကြည့်ချင်တယ်လို့ အီတလီမီဒီယာတွေကို ပြောပါတယ်။
မာရီယာဖယ်လ်ကိုနီရဲ့ အစ်ကို မာဖီးယားဆန့်ကျင်ရေး တရားသူကြီး ဂျီယိုဗန်နီ ဖယ်လ်ကိုနီ ကို ၁၉၉၂ခုနှစ်က မာဆီနာ ဒီနာရို ဦးဆောင်တဲ့ စစ္စလီ မာဖီးယားအဖွဲ့က သတ်ပစ်ခဲ့တာပါ။ အဲ့ဒီ ၁၉၉၀ခုနှစ် အချိန်ကာလဟာ အီတလီနိုင်ငံမှာ လူသတ်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့အချိန်ပါ။
အဲ့ဒီအချိန် မာဆီနာ ဒီနာရို ဦးဆောင်ဖွဲ့စည်းထားတဲ့ ရာဇဝတ်မာဖီးယားဂိုဏ်းတွေ အီတလီမှာ အားကောင်းနေတဲ့ အချိန်ဖြစ်ပြီး သူတို့ ဂိုဏ်းလက်ချက်နဲ့ လူ၂၀ကျော် သေဆုံးခဲ့ရတဲ့ အပြင်၊ အဖမ်းခံထားရတဲ့ ထောင်ထဲက မာဖီးယားဂိုဏ်းဝင်တွေကို လွှတ်ပေးဖို့ ပြည်နယ်အစိုးရကို ဖိအားပေး ညှိနှိုင်းတာတွေ မာဖီးယားတွေက လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မာဆီနာ ဒီနာရိုကိုယ်တိုင်ကလည်း "သုသာန်တစ်ခု"လုံးပြည့်သွားအောင် လူတွေ သူသတ် လို့ရတယ်လို့ တောင် ကြွားလုံးထုတ်ခဲ့ဖူးပါတယ်။
၁၉၉၃ ခုနှစ်တုန်းက မာဖီးယားအဖွဲ့ဝင်ကနေ အစိုးရသက်သေလုပ်သွားတဲ့ မာဖီးယား ခေါင်းဆောင် တစ်ယောက်ရဲ့သား အသက် ၁၁ နှစ်အရွယ် ဂျစ်ဆက်ပီ ဒီ မက်တီယိုကို ပြန်ပေးဆွဲ သတ်ဖြတ်တဲ့ ကိစ္စမှာလည်း မာဆီနာ ဒီနာရို ပါဝင်ပတ်သက်ခဲ့ပါတယ်။ အဲဒီကောင်လေးကို ၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး နောက်ပိုင်းမှာ သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ ကောင်လေးရဲ့အလောင်းကို မိသားစုကို ပြန်မပေးဘဲ အက်ဆစ်လောင်းပြီး အလောင်းဖျောက်ပစ်ခဲ့ပါတယ်။
ပြီးတော့ ပြိုင်ဖက် မာဖီးယားခေါင်းဆောင်နဲ့ သူ့ရဲ့ ကိုယ်ဝန်ဆောင် ချစ်သူကို သတ်ဖို့ မာဆီနာ ဒီနာရိုက အမိန့်ပေးခဲ့ပါတယ်။
သူ့ကို ဖမ်းဝရမ်းထုတ်ပြီးနောက် ၁၉၉၃ ခုနှစ် နွေရာသီကတည်းက မာဆီနာ ဒီနိုရာ ဘယ်ရောက် သွားမှန်းမသိအောင်အစပျောက်သွားပါတယ်။ ဗင်နီဇွဲလားကနေ နယ်သာလန်အထိ နေရာအနှံ့မှာ သူ့ကို တွေ့တယ်ဆိုတဲ့ သတင်းတွေ တောက်လျှောက်ထွက်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံး သူ့ကို စစ္စလီကျွန်းရဲ့ အလယ် သူ့မွေးရပ်မြေ ပါလာမိုမြို့ မှာ ပြန်ခြေရာ ခံမိခဲ့တာပါ။ ပါလာမိုမြို့နဲ့ မိုင်၇၀အကွာ၊ သူ့မွေးရပ်မြေ ကက်စတယ်ဗက်ထရာနိုမြို့နဲ့ ၆ မိုင်ကျော်ပဲ ဝေးတဲ့ ကမ်ပိုဘဲလို ဒီ မာဇာရာမြို့က လူတွေနေပူဆာလာလှုံကြတဲ့ ရွာလေးမှာ ရဲက သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
တိတ်ဆိတ်သေးငယ်တဲ့ ကမ်ပိုဘဲလိုလိုနေရာလေးမှာ သူလိုလူမျိုး လွယ်လွယ်ကူကူ ပုန်းအောင်းဖို့ဆိုတာက စိတ်ကူးလို့တောင်မရနိုင်ပါဘူး။
မာဆီနာ ဒီနိုရာဟာ သူအဖမ်းခံရတဲ့နေရာနားက အရက်ဆိုင် ဆန်ဗီတိုရဲ့ ပုံမှန်ဖောက်သည် တစ်ဦးဖြစ်သလို အိမ်နီးနားချင်းတစ်ယောက်ကလည်း သူနဲ့ပုံမှန် နှုတ်ဆက်စကားပြောလေ့ရှိ တယ်လို့ပြောပါတယ်။
ဒီအချက်အလက်တွေကိုကြည့်ရင် ဝရမ်းပြေးတစ်ယောက်ကို အနှစ်၃၀ ကြာ ရှာဖွေမှုနှင့် ပတ်သက်ပြီး အံ့အားသင့်စရာကောင်းနေပါတယ်။
အီတလီနိုင်ငံဟာ မာဖီးယားဆန့်ကျင်တိုက်ဖျက်ရေးမှာ အရင်းအမြစ်တွေ အများကြီး အသုံးပြုခဲ့ ပါတယ်။ ဒါပေမယ့် မာဆီနာ ဒီနာရိုအမှုမှာ လူတွေရဲ့ နှုတ်ဆိတ်နေတတ်တဲ့ သဘာဝက အုပ်စုဖွဲ့ ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို တိုက်ဖျက်ရာမှာ အခက်အခဲတစ်ခုဖြစ်နေတာ တွေ့ရပါတယ်။
ရောမမြို့ လူးဝစ္စတက္ကသိုလ် ရာဇဝတ်မှုဆိုင်ရာရှေ့နေနဲ့ ဥပဒေပါမောက္ခ မာရီဇီယို ဘယ်လာ ကိုဆာက မာဆီနာ ဒီနာရိုဟာ “မာဖီးယားတွေ သုံးလေ့ရှိတဲ့ အလေ့အထကို အပြည့်အဝ အသုံးချ”ပြီး အကာအကွယ်ယူသွားတာပါလို့ ပြောပါတယ်။
မာဖီးယားအလေ့အထဟာ လူ့အသိုက်အဝန်းအတွင်းက ရောယှက်နေတဲ့ လူစုတွေရဲ့သဘာဝကို ပေါင်းစပ် အသုံးပြု ထားတယ်လို့ ပါမောက္ခ ဘယ်လာကိုဆာက ဘီဘီစီကို ပြောပါတယ်။
“နယ်မြေအတွင်းကို မာဖီးယားဂိုဏ်းတွေ ပျံ့နှံ့ရောက်ရှိလာတာ၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မရှိတာ ၊ အထူးသဖြင့် အုပ်ချုပ်ရေးအလှမ်းဝေးတဲ့ ပြည်နယ်ငယ်လေးတွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ စုံစမ်းစစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်တာတွေကြောင့်ပါ။”
ကမ်ပိုဘဲလို မြို့တော်ဝန် ဂျစ်ဆက်ပီ ကက်စတာလီယိုနီက အီတလီမီဒီယာနဲ့ ပြောရာမှာလည်း "မာဆီနာ ဒီနာရိုလိုလူ ကျွန်တော်တို့လူတွေကြားထဲမှာ တစ်နှစ်လောက် အနည်းဆုံး နေသွားနိုင်ခဲ့တာအတွက် တော်တော်စိတ်ပျက်မိတယ်။ ကျွန်တော့်မြို့သားတွေက သူတို့စိတ်ချမ်းမြေ့မယ်ထင်တဲ့ လမ်းကိုရွေးပြီး ဘယ်လို ဦးတည်သွားနေကြတယ်ဆိုတာ အခုတာ့ ကျွန်တော်သိပြီ။”

ဓာတ်ပုံ ရင်းမြစ်, EPA
ဒါပေမယ့် နှုတ်ဆိတ်နေတယ်ဆိုတာက ကျေနပ်လက်ခံတယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။
မာဖီးယားတွေရဲ့ ခြေတံလက်တံက စစ္စလီက လူ့အဖွဲ့အစည်းထဲကို နက်နက်ရှိုင်းရှိုင်း ပျံ့နှံ့ရောက် ရှိလာတာကြောင့် အကြောက်တရားနဲ့ တွေ့တာကိုထုတ်မပြောရဲတဲ့အချက်တွေက ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေမှုကို အမြစ်တွယ်လာစေပါတယ်။
"မာဖီးယားတွေက အသင်းအဖွဲ့ပုံစံကို အလွန်ရိုးရှင်းတဲ့နည်းလမ်းနဲ့ လုပ်ဆောင်ခဲ့တာပါ။ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေကလည်း လက်အောက်ခံတွေနဲ့ ပါဝင်ပတ်သက်သူတွေကို သတင်းမပေးရဲအောင် လုပ်ထားတာလို့ မစ္စတာဘယ်လာကိုဆာက ပြောပါတယ်။
"မာဖီးယားတွေက သူတို့ ရည်မှန်းချက်အောင်မြင်ဖို့ အကြောက် တရားကို အသုံးပြုကြတာပါ။"
မာဆီနာ ဒီနာရို အဖမ်းခံရပြီးနောက် ရဲတပ်ဖွဲ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလာမိုမြို့ အစိုးရရှေ့နေ မာရီဇို ဒီလူစီယာက မာဆီနာဒီနိုရာဟာ "ချမ်းသာအာ ဏာရှိတဲ့ မာဖီးယားအသိုင်းအဝိုင်း" ရဲ့အကူအညီရနိုင်တယ်ဆိုပြီး ဒေသတွင်း ကျွမ်းကျင်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ နိုင်ငံရေးသမားတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
မာဆီနာ ဒီနာရိုနဲ့ နီးစပ်တယ်လို့ ယူဆရသူတွေ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အဖမ်းခံရတဲ့ အချက်ကို ပါလာမို အခြေစိုက် စာနယ်ဇင်းသမား တူလီယိုဖိလစ်ပိုနီက ထောက်ပြပါတယ်။ အဲ့ဒီအဖမ်းခံရတဲ့ ပုဂ္ဂိုလ်တွေက မာဖီးယားဂိုဏ်းဝင်တွေ ဆေးဝါးစစ်ဆေးမှု၊ မာဖီးယားဂိုဏ်းဝင်တွေရဲ့ ပိုင်ဆိုင်မှု တွေကို စီမံခန့်ခွဲပေးတာ၊ လိုအပ်လာရင် မာဖီးယားဂိုဏ်းတွေကိုနေစရာပေးတာတွေ လုပ်ပေးခဲ့တဲ့ပုဂ္ဂိုလ်တွေလို့ ပြောပါတယ်။
အဲ့ဒီ ဒေသခံပုဂ္ဂိုလ်တွေက မာဆီနာ ဒီနိုရာရဲ့ ပိုက်ဆံတွေကို ခဝါချပေးတာနဲ့ အကူအညီပေးနေတာ တွေ့ရပြီး၊ လူ့အဖွဲ့အစည်းထဲက လူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် အမြစ်ဖြတ် ရှင်းလင်းရမယ်လို့ မစ္စတာဖီလစ်ပိုနီက ပြောပါတယ်။
"မာဖီးယားဂိုဏ်းရှိနေတယ်ဆိုတာ စစ္စလီက လူတိုင်းသိတယ်။ ပြီးတော့ မာဖီးယားတွေဟာ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနိုင်ပြီး နယ်မြေကို အစုံပျံ့နှံ ထိန်းချုပ်နိုင်စွမ်းရှိတယ်။
"မာဆီနာဒီနာရိုက မာဖီးယားဂိုဏ်းခေါင်းဆောင်ဘဝက အငြိမ်းစားယူပြီး ဇာတ်မြှုပ်နေတာလား၊ ဒါမှမဟုတ် မာဖီးယားဂိုဏ်းကို ဆက်ဦးဆောင်ပြီး ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက် နေသေးသလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သူ့ကိုဖမ်းဆီးမှုကတော့ လွယ်လွယ်ကူကူနဲ့ အောင်မြင်ခဲ့ပါတယ်။
ကားဗုံးခွဲတာတွေနဲ့ ဆိုးရွားပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကို မဖြစ်တော့တာ နှစ်ပေါင်းများစွာကြာ သွားပြီဖြစ်ပေမဲ့ မာဖီးယားတွေ မှေးမှိန်သွားပြီလား၊ လူတွေကြားထဲ ပိုစိမ့်ဝင် လာနေပြီလား ဆိုတဲ့အချက်က အငြင်းပွားနေရဆဲဖြစ်ပါတယ်။
ဒါပေမယ့် ရက်စက်တာတွေ၊ ခြိမ်းခြောက်တာတွေနဲ့ ငွေညှစ်တာတွေကတော့ လုံးဝ ပျောက်မသွားသေးပါဘူး။
"မာဖီးယားခေါင်းဆောင် အကြာကြီးပုန်းကွယ်နိုင်ခဲ့သလိုပဲ ဒီမှာ အဲ့ဒါတွေက ဆက်ရှိနေတုန်းပါ။”
မာဆီနာ ဒီနာရို အဖမ်းခံရတဲ့မနက်ခင်းမှာ လူတွေက လက်ခုပ်တီးသြဘာပေးကြတဲ့ အချက်ဟာ ထူးခြား ပြောင်းလဲလာတဲ့လက္ခဏာလို့ လူအများစုက ယူဆကြပါတယ်။
"လူတိုင်းက လမ်းပေါ်မှာ၊ ဘတ်စ်ကားတွေကြားမှာ၊ ကျည်ကာအင်္ကျီတွေဝတ်ထားတဲ့ ရဲတွေကို ပွေ့ဖက် အောင်ပွဲခံကြတယ်"လို့ အသတ်ခံခဲ့ရတဲ့ တရားသူကြီးရဲ့ညီမ မစ္စဖယ်လ်ကိုနီကလည်း ပြောပါတယ်။
အပြောင်းအလဲဖြစ်လာနိုင်တဲ့ တခြားလက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။
အထက်တန်းကျောင်းသူ ကျောင်းသားတွေက"ကက်စတယ်ဗက်ထရာနိုမြို့ကို ငါတို့ပိုင်တာ၊ မင်းတို့ပိုင်တာမဟုတ်ဘူး" ဆိုတဲ့ ကြွေးကြော်သံနဲ့ မြို့ထဲက လမ်းတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက အီတလီသတင်းစာ La Repubblica မှာ "ရဲတွေကို လူတွေ လက်ခုပ်တီးအားပေးနေတာတွေ့တော့ ရင်တုန်သွားတယ်။ ဒီမြို့ကို မာဖီးယားဂိုဏ်း တံဆိပ်အကပ်မခံချင်ဘူးဆိုတာ လူစည်ကားတဲ့ ရင်ပြင်မှာ လူတွေက သက်သေပြလိုက်တာ"လို့ ပြောပါတယ်။
အခြားကျောင်းသားတစ်ဦးကလည်း "သူအဖမ်းခံရတယ်လို့ ကြားရတဲ့အတွက် ဝမ်းသာမိတယ်" လို့ ပြောပါတယ်။
မျိုးဆက်ဟောင်းတွေမှာတော့ သူတို့နဲ့ မတူညီတဲ့ အမြင်တွေရှိနေနိုင်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ အတွင်း စစ္စလီကျွန်းက လူသတ်မှုတွေနဲ့ကြုံဲခဲ့ရတဲ့ အသက် ၆၀ အရွယ် ဖိလစ်ပိုနီကတော့ မာဆီနာ ဒီနာရိုကို ကာကွယ်ပြောဆိုခဲ့ပြီး ဘာမှပြဿနာမရှိဘူးလို့တောင် ပြောပါတယ်။
အီတလီတီဗီက ထုတ်လွှင့်တဲ့ ကက်စတယ်ဗက်ထရာနိုက အသက် ကြီးတဲ့သူတွေနဲ့ အင်တာဗျူးတွေမှာပြောခဲ့တာကို မစ္စတာ ဖီလစ်ပိုနီက ရည်ညွှန်းပါတယ်။
အင်တာဗျူးတစ်ခုမှာဆို လူတစ်ယောက်က မာဆီနာ ဒီနာရိုရဲ့ လုပ်ရပ်ကို မဝေဖန်ချင်ဘူးလို့ ဆိုပါတယ်။ ဒေသခံနောက်တစ်ယောက်ကလည်း မာဆီနာဒီနာရိုလို လူဆိုးလူရမ်းကားကို ဖမ်းဆီးတာကိုတောင် အမှားတစ်ခုလို့ ပြောပါတယ်။
"ဒါပေမယ့် လူငယ်တွေကတော့ ဒီလို အရေးကြီးတဲ့အခိုက်အတန့်မှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေကို လမ်းပေါ်ထွက်ပြီး ပြခဲ့ကြတယ်။ ဒါက မတူညီတဲ့ မျိုးဆက်တွေကြားမှာရှိနေတဲ့ ဆန့်ကျင်ဘက် အမြင်တွေကို မီးမောင်းထိုးပြတာဖြစ်ပြီး၊ ကိစ္စရပ်တွေက တဖြည်းဖြည်း ပြောင်းလဲနေတယ်"လို့ မစ္စတာ ဖီလစ်ပိုနီက ဘီဘီစီကို ပြောပါတယ်။
အနည်းဆုံး တော့ မာဆီနာ ဒီနာရိုကို ဖမ်းဆီးခံရတာက ကြီးမား သိသာထင်ရှားတဲ့ လွတ်မြောက်မှုပုံစံတစ်ခုဖြစ်ကြောင်း မစ္စနာဖီလစ်ပိုနီက ပြောပါတယ်။
"ဒီလူတွေအားလုံး လက်ခုပ်သြဘာတီး အားပေးတာက စစ္စလီရဲ့ သမိုင်းနဲ့ နိုင်ငံကို ကိုယ်စားပြုသလို ခေတ်တစ်ခတ်ရဲ့ ဝမ်းသာစရာ အဆုံးသတ်လည်းဖြစ်ပါတယ်။”








