မြန်မာဆေးသုတေသနကို စတင်ခဲ့တဲ့ ပါမောက္ခ

burma

ဓာတ်ပုံ ရင်းမြစ်, DR MYA TU

ဓာတ်ပုံ ပုံစာ, ထရုံမျိုးနွယ်စု လေ့လာရေး ခရီးက ဒေါက်တာမြတူနဲ့ အဖွဲ့သားများ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာနိုင်ငံ ဆေးသုတေသနဌာနကို ၁၉၆၃ က တည်ထောင်ခဲ့တဲ့ ပါမောက္ခဒေါက်တာမြတူ ကွယ်လွန်တာ ၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒေါက်တာမြတူဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နယူးဒေလီရုံးမှာ ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြီး မြန်မာပြည်ရဲ့ အစောဆုံး ဇီဝကမ္မပညာရှင်တယောက်လည်း ဖြစ်ပါတယ်။

၁၉၂၇ မှာ မွေးဖွားခဲ့တဲ့ ဒေါက်တာမြတူဟာ နိုင်ငံရေးခေါင်းဆောင်ကြီး ဦးဘဘေရဲ့ အတွင်းရေး အတွင်းဝန်အဖြစ် အောင်ဆန်းအက်တလီစာချုပ် ချုပ်ဆိုရာမှာ လိုက်ပါခဲ့ရတဲ့ ဦးဘတူရဲ့ သားဖြစ်ပါတယ်။ သူတို့ညီအစ်ကိုတွေထဲမှာ လူသိများထင်ရှားသူကတော့ မန္တလေးတက္ကသိုလ် စိတ္တဗေဒပါမောက္ခ ဒေါက်တာစိန်တူ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DR MYA TU

ဓာတ်ပုံ ပုံစာ, ဆေးကျောင်းသားဘ၀ မောင်မြတူ

ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါပြီး သုတေသနလုပ်ငန်းကို စိတ်ဝင်စားတဲ့ မောင်မြတူဟာ ဆေးပညာဘွဲ့ရပြီးနောက် အဲဒီခေတ်က အများသူငါ ဝါသနာပါတဲ့ ခွဲစိတ်ဆရာဝန်ဘက်ကို မလိုက်ဘဲ ဇီဝကမ္မဗေဒပညာသင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၅၆ က စကော့တလန် အက်ဒင်ဘာရာတက္ကသိုလ်မှာ နှလုံးကြွက်သားအရည်အချင်းတွေကို စစ်ဆေးခြင်း ကျမ်းနဲ့ ပါရဂူဘွဲ့ရပါတယ်။ ၁၉၅၉ မှာ ရန်ကုန်ဆေးကောလိပ်ရဲ့ ဇီဝကမ္မဗေဒပါမောက္ခ ဖြစ်လာပြီး ၁၉၆၄ မှာတော့ ဆေးတက္ကသိုလ် ၁ ဇီဝကမ္မဗေဒပါမောက္ခ ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ပထမဆုံး ဇီဝကမ္မပါရဂူဘွဲ့ရပညာရှင်နဲ့ ဒီဘာသာရပ်အတွက် ပထမဆုံး အချိန်ပြည့် ပါမောက္ခဖြစ်ပါတယ်။

သူ ပညာသင်ပြန်လာပြီးနောက် ၁၉၅၇ မှာ မြန်မာနိုင်ငံဆေးသုတေသနအသင်းကို တည်ထောင်နိုင်ဖို့ အရပ်ဘက် စစ်ဘက် ပညာရှင်တွေနဲ့ ဒေါက်တာမြတူ ကြိုးပမ်းခဲ့ပြီး ဆေးသုတေသနဂျာနယ်ကိုလည်း ထူထောင်ခဲ့ကြပါတယ်။ ၁၉၆၂ မှာတော့ သူ့ရဲ့ နာမည်ကျော် သုတေသနဖြစ်တဲ့ မြန်မာပြည်မြောက်ဖျားစွန်းက ထရုံမျိုးနွယ်တွေအကြောင်း သုတေသနခရီးကြောင့် သူနဲ့ ဆေးသုတေသနလုပ်ငန်းတွေကို ပြည်သူတွေ စိတ်၀င်စားခဲ့ကြပါတယ်။

၁၉၆၂ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပြီးနောက် သိပ္ပံနဲ့ လူမှုရေးသိပ္ပံဘက်ကို အားပေးတဲ့အနေနဲ့ ဆေး၊ စက်မှု၊ သစ်တော၊ စိုက်ပျိုးရေး၊ စီးပွားရေးနဲ့ ပညာရေး စတဲ့ သက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျောင်းတွေကို တက္ကသိုလ်အဆင့် တိုးမြှင့်ပေးခဲ့သလို ဆေးသုတေသနအတွက်လည်း သီးသန့် ဦးစီးဌာန ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီဌာနကို ပါမောက္ခဒေါက်တာမြတူ ဦးစီးရပြီး တော်လှန်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးတာဝန်ခံ ဗိုလ်မှူးကြီးလှဟန်ကိုယ်တိုင် အားပေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DR MYA TU

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ ဆေးသုတေသန ကွန်ဂရက်အစည်းအဝေးက ဒေါက်တာမြတူ

ဆိုရှယ်လစ်နိုင်ငံတွေရဲ့ သိပ္ပံသုတေသနလုပ်ငန်းတွေနဲ့ ပြည်သူလူထုရဲ့ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်တဲ့ ဓလေ့ကို အားကျလုပ်ဆောင်တာ ဖြစ်ပေမယ့်လည်း ပညာရပ်ကျွမ်းကျင်သူ ရှားပါးမှု၊ ရန်ပုံငွေ အခက်အခဲ၊ ပညာရေးလွတ်လပ်ခွင့် စတဲ့ အခက်အခဲတွေကို တခြားပညာရပ်ဌာနတွေလိုပဲ မြန်မာနိုင်ငံ ဆေးသုတေသနဌာနလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီအခက်အခဲတွေကြား ဂျပန်အပါအဝင် ပြည်ပနိုင်ငံအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ ရဖို့ ဒေါက်တာမြတူ ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ဌာနတည်ထောင်ရာမှာ ဒေါက်တာအောင်သန်းဘတူ၊ ဒေါက်တာကိုကို စတဲ့ ပညာရှင်ကောင်းတွေရဲ့ အကူအညီကိုလည်း ဒေါက်တာမြတူ ရရှိခဲ့ပါတယ်။ အဲဒီခေတ်က ဆေးသုတေသနစာကြည့်တိုက်ဟာ နိုင်ငံတကာ အဆင့်မီဖြစ်ပြီး ဒေါက်တာမြတူရဲ့ဇနီး ဒေါ်ခင်သက်ထားကိုယ်တိုင် ကွပ်ကဲခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DR MYA TU

ဓာတ်ပုံ ပုံစာ, နာဂနယ်မှာ သွေးနမူနာယူနေတဲ့ ဒေါက်တာမြတူ

၁၉၇၇ မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ဒေါက်တာမြတူ ပြောင်းရွှေ့ထမ်းဆောင်ပြီး လူ့အဖွဲ့အစည်းကို အခြေပြုတဲ့ ဆေးပညာသင်ကြားရေးဖြစ်ဖို့ ဆော်သြခဲ့ပါတယ်။ ဒေါက်တာမြတူဟာ အငြိမ်းစားယူပြီးနောက် ၁၀ နှစ်ကျော် ကျန်းမာရေး အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အရှေ့တောင်အာရှ ဆေးပညာသင်ကြားရေး တိုးတက်ဖို့ သူ့ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁၉၉၈ မှာ ဒေါက်တာမြတူကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

ဒေါက်တာမြတူဟာ မြန်မာပြည်မှာ ပြန်မနေဘဲ သြစတြေးလျမှာ ခေါင်းချခဲ့ပေမယ့် သူပျိုးထောင်ခဲ့တဲ့ ဆေးသုတေသနဌာနနဲ့ အဆက်မပြတ်ဘဲ အကြံဥာဏ်တွေ ပေးနေခဲ့ပါတယ်။ ၁၉၅၅ ကနေ ၂၀၀၁ ခုနှစ်ထိ သူရေးသားပြုစုခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ သုတေသနစာတမ်းတွေကိုလည်း ကမ္ဘာအရပ်ရပ်က သုတေသီတွေ မှီငြမ်းကိုးကားခဲ့ကြပါတယ်။ နှလုံး လျှပ်စစ်ဇီဝကမ္မဗေဒ၊ အားကစားနဲ့ ကြံ့ခိုင်မှု ဇီဝကမ္မဗေဒ၊ လူဦးရေ မျိုးဗီဇ၊ တိုင်းရင်းဆေးသုံးအပင်များ စတာတွေက သူစိတ်ဝင်စားတဲ့ သုတေသနနယ်ပယ်တွေ ဖြစ်ကြပါတယ်။ သူမရှိတဲ့နောက် အရင်လောက် ထင်ထင်ရှားရှား မဖြစ်ပေမယ့် ဒေါက်တာမြတူ စတင်ခဲ့တဲ့ ဆေးပညာသုတေသနလုပ်ငန်းတွေဟာ မျိုးဆက်သစ် လူငယ် ဆေးပညာရှင်တွေအတွက် ရှေ့ဆောင်လမ်းပြသဖွယ် ဖြစ်ကျန်ရစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DR MYA TU

ဓာတ်ပုံ ပုံစာ, ဒေါက်တာမြတူနဲ့ ဆေးသုတေသနအဖွဲ့သားများ

ဒေါက်တာမြတူရဲ့ ဘ၀ခရီးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီမှာ စာကြည့်တိုက်မှူး တာဝန်ယူခဲ့တဲ့ ဇနီးဖြစ်သူ ဒေါက်တာခင်သက်ထားကို ဘီဘီစီက ဆက်သွယ်မေးကြည့်ခဲ့ပါတယ်။ ဒေါက်တာခင်သက်ထားဟာ ဒေါက်တာမြတူ၊ ဒေါ်ဌေးဌေးအေး၊ ဒေါ်ခင်ခင်ဝင်းတို့နဲ့အတူ မည်သူမည်ဝါ မြန်မာဆေးလောကမှာ စာအုပ်ကို အင်္ဂလိပ်လို ပြုစုခဲ့သူ ဖြစ်ပါတယ်။

အသံဖိုင် ပုံစာ, ဆေးသုတေသနဌာနကို ၁၉၆၃ က တည်ထောင်ခဲ့တဲ့ ဇီဝကမ္မ ပါမောက္ခ