ပြင်ဦးလွင်က အကွက်ရိုက်မြေကွက်တွေ ပိုင်ဆိုင်မှု ခိုင်မာလား

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံအလယ်ပိုင်းက ရာသီဥတုအပူချိန်ကဲတဲ့မန္တလေးတိုင်းထဲမှာ ပြင်ဦးလွင်မြို့ဟာ မန္တလေးနဲ့ မိုင်ပေါင်း ၄၀ ခန့်ပဲဝေးပေမဲ့ ရာသီဥတုအေးမြတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ဦးလွင်ဟာ နွေရာသီမှာ အပူရှောင်ချင်ကြသူတွေနဲ့ တစ်ချိန်မှာ အခြေချဖို့ရည်ရွယ်ထားသူတွေ မြေပိုင်ဆိုင်ဖို့ ကြိုးစားလာကြတဲ့မြို့ဖြစ်လာပါတယ်။
တစ်ဖက်မှာလည်း တန်ဖိုးခိုင်မာမှုလျော့ကျလာတဲ့မြန်မာငွေကို မြေအဖြစ် ပြောင်းလဲချင်သူတွေ၊ ရှိသမျှငွေကြေးလေးနဲ့ နေလို့ရသလောက် နေခွင့်ရဖို့ ဝယ်ကြသူတွေအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ပြင်ဦးလွင်က မြေကို ဝယ်ကြသူတွေရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ငွေကနေ မြေအဖြစ် ပြောင်းလဲချင်သူတွေ ပိုပြီးအဝယ်များလာကြတယ်လို့ ပြင်ဦးလွင်ဒေသခံတွေဆီကနေ သိရပါတယ်။
ပြင်ဦးလွင်က မြေကွက်တွေကိုတော့ မန္တလေးနဲ့ ရန်ကုန်ဘက်က လူတွေ အဝယ်များပြီး စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဆက်တိုက်ဝယ်ယူမှုတွေရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှာ မြေကွက်တွေကို ဘယ်လိုရောင်းချနေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်ဦးလွင်မြို့နယ်မှာ ကော်ဖီစိုက်ဖို့ဆိုပြီး သစ်တောဦးစီးဌာနပိုင်မြေ ဧက ခြောက်သောင်း နီးပါးကို လုပ်ငန်းရှင်အချို့က သမ္မတဦးသိန်းစိန်လက်ထက်မှာ ငှားရမ်းခဲ့ပါတယ်။
ငှားရမ်းမြေတွေကို စိုက်ပျိုးတာတွေမလုပ်ဘဲ မြေကွက်ရိုက်ပြီး ပြန်လည်ရောင်းချမှုတွေ ရှိနေတဲ့ အတွက် အရေးယူပေးဖို့ ၂၀၁၆ ခုနှစ်တုန်းက မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြင်ဦးလွင် မဲဆန္ဒနယ်လွှတ်တော်အမတ်က အဆိုတင်သွင်း ဆွေးနွေးတဲ့အထိဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြင်ဦးလွင်မှာ စစ်တပ်အာဏာမသိမ်းခင်ရော၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာရော မြေတွေကို အကွက်ချရောင်းတာတွေ တဖြည်းဖြည်းများလာခဲ့တာကို ဘီဘီစီက လေ့လာတွေ့ရှိရပါတယ်။
ဒ့ါအပြင် ကျပ် သိန်း ၆၀ ကနေ ၈၀ နီးပါးအထိတန်ပြီး အုတ်တိုင်နဲ့ သံဆူးကြိုးခတ်ထားတဲ့ ပေ ၂၀ - ၆၀ ပတ်လည်မြေကွက်တွေကို မဲနှိုက်စနစ်နဲ့ ရောင်းဝယ်ကြတာတွေလည်း အာဏာသိမ်းပြီးကာစက ပိုများခဲ့ပါတယ်။
“ရောင်းတဲ့သူတွေက အဲဒီမြေကွက်က ခိုင်မာတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းတယ်၊ မဲကလည်း တစ်မဲကို တစ်သောင်းနဲ့ရောင်းတယ်ဆိုတော့ ဝယ်နိုင်တဲ့ပမာဏပေါ့လေ။ မဲဝယ်ရင် နံပါတ်ပါတဲ့လက်မှတ်ရတယ်။ သူတို့က မဲတွေကို နှိုက်ပေးလို့ ကိုယ်ရထားတဲ့ နံပါတ်ပေါက်ရင် ဒီမြေကွက်ရပြီပေါ့လေ။ လေးခါ၊ ငါးခါလောက် မြေကွက်မဲလက်မှတ် ဝယ်ဖူးတယ်။ မပေါက်တာနဲ့ ဆက်မဝယ်ဖြစ်ဘူး”လို့ အွန်လိုင်းကနေ ပြင်ဦးလွင်က ခြံမြေကိုဝယ်ဖို့ ကြိုးစားဖူးသူတစ်ယောက်က ပြောပါတယ်။
လက်ရှိမှာ ပြင်ဦးလွင်က မြေကွက်ဈေးနှုန်းတွေဟာ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းကနေ သိန်းထောင်ချီအထိ ရှိနေတာပါ။
“ရုံးခန်းနဲ့လည်းရောင်းတယ်။ Live (အွန်လိုင်းကနေတိုက်ရိုက်) လွှင့်ပြီးတော့လည်း ရောင်းကြတယ်။ ဝယ်တဲ့သူတွေကလည်း ဝယ်ကြတယ်” လို့ မြေယာအရေးကျွမ်းကျင်သူက ပြောပါတယ်။
ဒီလိုရောင်းချတာတွေကြောင့် စစ်ကောင်စီလက်အောက် ပြင်ဦးလွင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက စာထုတ် သတိပေးတဲ့အထိဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြင်ဦးလွင်မြို့ ရပ်ကွက် ၁ ကနေ ရပ်ကွက် ၁၀ အထိက ဂရမ်မြေများပြီး ရပ်ကွက် ၁၁ ကနေ ၂၁ အထိက ရွာတိုးချဲ့မြေတွေများတယ်လို့ သိရပါတယ်။ ရွာတိုးချဲ့မြေတွေမှာ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ စီမံကိန်းဆိုပြီး အသိမ်းခံရတဲ့မြေတွေကို အကွက်ချရောင်းချလာတာတွေ ပိုများတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ပွဲကောက်ရေတံခွန်နဲ့ ဘယ်လောက်နီးတယ်။ ထူးလိမ္မော်ခြံနဲ့ ဘယ်လောက်ပဲဝေးတယ်ဆိုတာမျိုး ရောင်းတဲ့မြေကွက်က အချက်အခြာကျတယ်ဆိုတာ မြင်အောင် ပြောပြီး ရောင်းချတော့ အွန်လိုင်းကနေ ရောင်းတာဆိုပေမဲ့ အညွှန်းကောင်းတော့ ဝယ်ကြတယ်” လို့ ပြင်ဦးလွင်မြေစျေးကွက်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုဝယ်ယူကြရင်း တချို့ မြေတွေဟာ စိုက်ပျိုးရေးလုပ်ခွင့်သာရှိထားတဲ့မြေတွေ၊ စီမံကိန်းမြေတွေ၊ ဌာနဆိုင်ရာပိုင်မြေတွေကို ဝယ်ယူမိတာတွေရှိလာကြပါတယ်။
‘‘ရွာနားနဲ့နီးတဲ့ စားကျက်မြေတွေကို ရွာမြေဆိုတာမျိုး၊ ဘိုးဘွားပိုင်ဆိုတာမျိုး ပြောပြီးရောင်းကြတယ်။ ဝယ်တဲ့သူကလည်း ဝယ်မိတယ်အခါ ရောင်းမှား ဝယ်မှားတွေ ဖြစ်ကုန်ကြတယ်။ မူရင်းပိုင်ရှင်က မြေပိုင်ဆိုင်တာတော့ ဟုတ်တယ်။ စိုက်ပျိုးမြေအဖြစ်နဲ့ပိုင်တာ။ အဲဒါကို ဝယ်မိတော့ ကိုယ့်မြေကွက်က သစ်တောက မကျူးကျော်ရ ဆိုင်းဘုတ်လာထောင်တဲ့မြေထဲပါနေရော’’ လို့ သူက ဆက်ပြောပြပါတယ်။
ဘယ်လိုမြေတွေက ဝယ်ပြီး လူနေထိုင်ခွင့်မရှိတဲ့မြေတွေလဲ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မြေယာဥပဒေတွေအရ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေတွေမှာ လူနေထိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ တိုးလာတဲ့လူဦးရေ၊ မြင့်တက်လာတဲ့ အိမ်ခြံမြေဈေးတွေက မြန်မာမှာ အိမ်ပိုင်ယာပိုင်ဆိုင် နေထိုင်ဖို့ အခွင့်အရေးနဲ့ အလှမ်းဝေးစေခဲ့တာပါ။
ကျေးရွာအနားမှာရှိတဲ့ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေတွေကို အကွက်ချပြီး အများစု တတ်နိုင်တဲ့ဈေးနဲ့ရောင်းကြတဲ့အခါ ဒီမြေတွေဟာ လူနေခွင့် ရှိ မရှိဆိုတာ မသိကြသူတွေက ဝယ်မိကြပါတယ်။
ပြင်ဦးလွင်မြို့ဟာ အင်္ဂလိပ်ခေတ်ကတည်းက အပန်းဖြေတဲ့နေရာဖြစ်တာ၊ အရာရှိပိုင်းတွေ အနေများတာ၊ ရာသီဥတု ကောင်းမွန်တာတွေကြောင့် လူကြိုက်များတဲ့မြို့လည်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြင်ဦးလွင်မြို့မှာ မြေယာပြဿနာတွေလည်း ပိုများလာခဲ့ပါတယ်။
“ပုံစံ (၇)လယ်မြေ၊ ယာမြေတွေကို ဝယ်ချင်ဝယ်လို့ရတယ်၊ ဒါပေမဲ့ လူနေဖို့မပြောနဲ့ ခြံတောင် ခတ်ခွင့်မရှိဘူး၊ အဲဒါတွေကို အကွက်ချရောင်းနေကြတာ။ ကျွန်တော့်ကို လာတိုင်ပင်ကြရင် ပုံစံ (၃၀ ခ) အခြားနည်းလမ်းသုံးစွဲခွင့်ရှိတဲ့မြေ၊ ရွာမြေဆိုရင် ဝယ်ခိုင်းတယ်”လို့ သူက ပြောပါတယ်။
ပြင်ဦးလွင်မှာ စားကျက်မြေ ဒါမှမဟုတ် သစ်တောကြိုးဝိုင်းအတွင်းမှာ မြေတွေ အကွက်ချရောင်းချ ဝယ်ယူမှုတွေကြောင့် မကျူးကျော်ရမြေဆိုပြီး သစ်တောဌာနက ဆိုင်းဘုတ်ထောင်တာတွေရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ သစ်တောဥပဒေ ပုဒ်မ ၄၀(က) အရဆိုရင် သစ်တောနယ်မြေထဲမှာ ဝင်ရောက်ကျူးကျော် အခြေချနေထိုင်တာ၊ အိမ်မွေးတိရိ စ္ဆာန် မွေးမြူတာ၊ ခွင့်ပြုချက်မရဘဲ သစ်တောနယ်မြေထဲမှာ ခုတ်ထွင် ရှင်းလင်း တူးဆွတာ၊ မူလအနေအထားပျက်ယွင်းအောင် ပြုလုပ်တယ်လို့ ထင်ရှားရင် တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ငွေကျပ်သုံးသိန်းထက်မပိုတဲ့ ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစေရမယ်လို့ ပါရှိပါတယ်။
မြေကွက်ဝယ်လိုသူများတဲ့ပြင်ဦးလွင်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်အထိ သစ်တောနယ်မြေထဲ ကျူးကျော်မှုနဲ့ တရားစွဲခံရသူတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီဘက်ကတော့ ပြင်ဦးလွင်မှာ စိုက်ပျိုးမြေတွေကို စိစစ်ပြီး ကော်ဖီစိုက်ဖို့ ချပေးထားတဲ့ဧရိယာတွေမှာ တရားမဝင်ကျူးကျော် နေထိုင်တာတွေ တွေ့တာကြောင့် အရေးယူဆောင်ရွက်ထားတယ်လို့ပြောသလို ကော်ဖီစိုက်ပျိုးရေးစီမံကိန်းထဲက စည်းကမ်းနဲ့မညီနဲ့ အဆောက်အအုံတွေကို ဖျက်သိမ်းဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
တပ်ပိုင်မြေ၊ စစ်တက္ကသိုလ်တွေနဲ့ လုံခြုံရေး

ဓာတ်ပုံ ရင်းမြစ်, DSA
ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်းစတဲ့ကျောင်းနဲ့တက္ကသိုလ်တွေရှိနေသလို စစ်မှုထမ်းအရာရှိကြီးတွေလည်း ရာထူးသက်တမ်းကုန်တဲ့အခါ ပြန်လည်အခြေချကြတဲ့မြို့ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အခြေစိုက်မှုအားကောင်းတဲ့ပြင်ဦးလွင်မှာ တပ်ပိုင်မြေဆိုပြီး မြေယာသိမ်းဆည်းမှုတွေ၊ တပ်ပိုင်မြေမှာ ကျူးကျော်တယ်ဆိုပြီး တရားစွဲဆိုတာတွေ အာဏာမသိမ်းခင်ကတည်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းမှာ ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်မှာရှိတဲ့ အကွက်ချထားတဲ့ အုတ်တံတိုင်းတွေ၊ သံဆူးကြိုးတွေကို ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီးမှုရှိခဲ့ပါတယ်။
ရဲ၊ စစ်တပ်၊ အဖြူရောင်အင်္ကျီနဲ့ ပလေကတ်ပုဆိုးတွေ ဆင်တူဝတ်ဆင်ထားသူတွေ ရောက်ရှိလာပြီး နေအိမ်နဲ့ခြံဝင်းတွေကို ဖျက်ဆီးသွားကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဒီမှာနေလာကြတာက အနှစ် ၂၀ လောက်ရှိနေကြပြီ။ နားလည်မှုနဲ့ ဝယ်ခဲ့ကြတာ။ သိပ်နားမလည်ကြတဲ့သူတွေဆိုတော့ ရွာလူကြီးနဲ့သက်သေလုပ်၊ အရပ်စာချုပ်နဲ့ဝယ်ကြတာပေါ့။ အခု သူတို့က ဖျက်ဆိုတော့ ဖျက်ရတာပဲ။ ဘာတတ်နိုင်မှာမို့လို့လဲ” လို့ ရေချမ်းအိုးကျေးရွာ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“ရေချမ်းအိုးက မြေတွေက အရင်က ပိုးစာ စီမံကိန်းမြေ၊ ပြီးတော့ ကြက်ဆူပင်စိုက်တဲ့ စီမံကိန်းဆိုပြီးဖြစ်သွားတယ်။ အဲဒီနောက် တပ်မြေဆိုပြီး အသိမ်းခံရတယ်။ အဲဒီကနေ တဆင့်ပြီးတဆင့် ရောင်းဝယ်ကြတာကနေ လူနေများသွားတာ”လို့ ပြင်ဦးလွင်မြို့ခံတစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရေချမ်းအိုးရပ်ကွက်ဟာ အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိပြီး မန္တလေး-လားရှိုးလမ်းမကြီးဘေး၊ တပ်မတော်နည်းပညာတက္ကသိုလ်ရဲ့ မျက်နှာချင်းဆိုင်ဘက်မှာရှိပါတယ်။
အဲဒီတက္ကသိုလ်ဟာ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတုန်းက ကြုံခဲ့ရဖူးပါတယ်။
ဒါ့အပြင် ပြင်ဦးလွင် စစ်တက္ကသိုလ်(DSA)ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဧပြီ ၈ ရက်မှာပြုလုပ်ခဲ့ပါတယ်။
မန္တလေး(ပကဖ)က ပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ စစ်တက္ကသိုလ်ထဲက အဆောင်တွေနားနဲ့ မန္တလေး-လားရှိုးလမ်းဘေးက ဗိုလ်လောင်းရုပ်တုနားမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပြင်ဦးလွင်ဟာ အာဏာသိမ်းပြီးတဲ့နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာခဏရောက်တဲ့မြို့လည်းဖြစ်ပါတယ်။
စစ်တက္ကသိုလ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့်သင်္ကြန်မှာပွဲတက်ဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ် နေတာကြောင့် လုံခြုံရေးအရ စစ်ဘက်ဆိုင်ရာတက္ကသိုလ်တွေကို တိုက်ခိုက်နိုင်ခြေရှိတဲ့နေရာတွေမှာ အခုလိုလုပ်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ယူဆကြပါတယ်။
“အခုဖျက်ခံရတဲ့နေရာက တပ်နားက မြေတွေဆိုတော့ သူတို့ တပ်ပိုင်မြေအနေနဲ့ ဖြစ်တာပေါ့။ သူတို့ကတော့ လုံခြုံရေးအကြောင်းပြတာပဲ။ အဖျက်ခံရတဲ့သူတွေကတော့ သွားစရာနေရာမရှိကြသေးဘူး” လို့ ရေချမ်းအိုးဒေသခံက ပြောပါတယ်။












