ထိုင်းလူအများစု မဲထည့်ခဲ့တဲ့ Move Forward ပါတီ ဖျက်ဖို့ ရွေးကောက်ပွဲ ကော်မရှင်တောင်းဆို - မတ်လ ၁၂ ရက် နိုင်ငံတကာ သတင်းများ

ဘုရင်ကို စော်ကားဝေဖန်သူတိုင်းကို ထောင်နှစ်ရှည် ချနိုင်တဲ့ ဥပဒေကို Move Forward ပြောင်းလဲလို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင်ကို စော်ကားဝေဖန်သူတိုင်းကို ထောင်နှစ်ရှည် ချနိုင်တဲ့ ဥပဒေကို Move Forward ပြောင်းလဲလို

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ထိုင်း ရွေးကောက်ပွဲအတွင်း မဲ အများဆုံး ရရှိခဲ့တဲ့ Move Forward ပါတီ ကို ဖျက်သိမ်းပေးဖို့ရာ အခြေခံဥပဒေ ခုံရုံးကို တောင်းဆို သွားမယ်လို့ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်နဲ့ ထီးနန်းကို ဝေဖန်ခွင့် မရှိစေဖို့ ဥပဒေအရ အကာအကွယ် ပြုထားတာကို Move Forward ပါတီ က ပြောင်းလဲ ပစ်လိုတဲ့ အတွက် အဲဒီပါတီဟာ ဖျက်သိမ်းသင့်တယ် ဆိုပြီး ကော်မရှင်ဘက်က ဆိုပါတယ်။

အဲဒီလို ဥပဒေကြောင်း အပြောင်းအလဲ လုပ်ဖို့ Move Forward ပါတီဘက်က အကြံပြုခဲ့တဲ့ လုပ်ရပ်ဟာ အခြေခံဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်အဖြစ် ခုံရုံးဘက်က ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်ကို စော်ကားဝေဖန်သူတိုင်း ထောင် ၁၅ နှစ် ကျနိုင်ပါတယ်။ အဲဒါကို ပြောင်းလဲလိုတဲ့ သဘောထားရှိကြောင်း ဖော်ပြခဲ့တဲ့ Move Forward ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရရှိ ခဲ့ပေမယ့်၊ အစိုးရ မဖွဲ့နိုင်အောင် တခြား နိုင်ငံရေး ပါတီတွေက ညွန့်ပေါင်းဖွဲ့ ခဲ့ကြပါတယ်။

ဟေတီထဲ ပြန်ဝင်မရ ဖြစ်နေတဲ့ ဝန်ကြီးချုပ်က နုတ်ထွက်ကြောင်း ကြေညာ

ဝန်ကြီးချုပ် အေရီရယ် အွန်နရီ ပွာတိုရီကိုမှာ သောင်တင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် အေရီရယ် အွန်နရီ ပွာတိုရီကိုမှာ သောင်တင်နေ

ကာရစ်ဘီယန်ကျွန်း နိုင်ငံတစ်ခု ဖြစ်တဲ့ ဟေတီမှာ ဝန်ကြီးချုပ် အေရီရယ် အွန်နရီက သူ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာပြီး အားလုံး စိတ်အေးအေးထား၊ တိုင်းပြည်တည်ငြိမ်မှု ရှိရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်။

လုံခြုံရေး ပျက်ယွင်းနေပြီး ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်တဲ့ အစိုးရ မရှိတဲ့ အခြေအနေမျိုး ရောက်နေတဲ့ ဟေတီမှာ ဘယ်လိုဘယ်ပုံ နိုင်ငံရေး အသွင် ကူးပြောင်း နိုင်မလဲဆိုတာကို ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ ဂျမေကာနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

အဲဒီ ဂျမေကာ တွေ့ဆုံပွဲ အပြီး နာရီ အနည်းငယ် အကြာမှာပဲ မစ္စတာ အွန်နရီက သူ နုတ်ထွက်ကြောင်း ကြေညာလာတာ ဖြစ်ပါတယ်။

ဟေတီမှာ ၂၀၂၁ ခုနှစ် သမ္မတ ဂျိုဗဲလ်နဲလ် မိုအိစ် လုပ်ကြံခံခဲ့ရပြီး ကတည်းက တိုင်းပြည်ဟာ မတည်မငြိမ် ဖြစ်နေခဲ့ပြီး မင်းမဲ့စရိုက် အသွင်ကို ဦးတည် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာတော့ ပြည်ပခရီးကနေ ပြန်လာတဲ့ ဝန်ကြီးချုပ် အွန်နရီကို တိုင်းပြည်ထဲ မဝင်ရောက်နိုင်အောက် လက်နက်ကိုင် ဂိုဏ်းတွေက လေဆိပ်ကို ထိန်းချုပ်ခဲ့ပါတယ်။

အခုဆိုရင် ဟေတီ မြို့တော်ရဲ့ နေရာ အစိတ်အပိုင်းများစုဟာ လက်နက်ကိုင်အုပ်စုတွေရဲ့ ထိန်းချုပ်မှုအောက် ကျရောက်နေပါတယ်။ တိုင်းပြည်ထဲ ပြန်ဝင်မရဘဲ ပွာတိုရီကိုမှာ သောင်တင်နေတဲ့ ဝန်ကြီးချုပ် အွန်နရီက အခု နုတ်ထွက်သွားတာ ဖြစ်ပြီး ကြေညာတာ ဖြစ်ပါတယ်။

“ဟေတီက ငြိမ်းချမ်းရေး လိုလားပါတယ်။ ဟေတီလိုအပ်နေတာ တည်ငြိမ်ရေးနဲ့ ရေရှည်ခိုင်မြဲနိုင်တဲ့ ဖွံ့ဖြိုး တိုးတက်မှုပါ။ ဟေတီမှာ ဒီမိုကရေစီနည်းကျ အဖွဲ့အစည်း အဆောက်အအုံတွေ ပြန်လည် တည်ဆောက်ဖို့ လိုပါတယ်”

“ဟေတီပြည်သူတွေ စိတ်အေးအေးထားကြပြီး အေးချမ်းတည်ငြိမ်ရေးက အတွက် အတတ်နိုင်ဆုံး အမြန်ဆုံး လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်” ဆိုပြီး မစ္စတာ အွန်နရီ ပြောသွားပါတယ်။

ဂါဇာကို ပင်လယ်လမ်းကြောင်းက ထောက်ပံ့ရေး ပထမဆုံး သင်္ဘော စတင်ထွက်ခွာ

စားနပ်ရိက္ခာ တန်ချိန် ပေါင်း ၂၀၀ နီးပါး တင်ဆောင်ထားတဲ့ ဝန်ဆောင် သမ္ဗန်ရေယာဉ်ကို ဆွဲယူသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စားနပ်ရိက္ခာ တန်ချိန် ပေါင်း ၂၀၀ နီးပါး တင်ဆောင်ထားတဲ့ ဝန်ဆောင် သမ္ဗန်ရေယာဉ်ကို ဆွဲယူသွား

ဂါဇာကို ပေးဖို့ရာ စားနပ်ရိက္ခာ တန်ချိန် ပေါင်း ၂၀၀ နီးပါး တင်ဆောင်ထားတဲ့ ဝန်ဆောင် ရေယာဉ်ကို ဆွဲထားတဲ့ သင်္ဘောဟာ ဆိုက်ပရပ်စ် နိုင်ငံ လာနာကာ ဆိပ်ကမ်းကနေ ထွက်ခွာ လာပြီ ဖြစ်ပါတယ်။

စာနာမှု ဆိုင်ရာ အကူအညီတွေကို သေရေးရှင်ရေး လိုအပ်နေတဲ့ ဂါဇာထဲက ပါလက်စတိုင်းတွေအတွက် အခုလို ပင်လယ် ရေကြောင်းလမ်း ပွင့်သွားပြီ ဆိုရင် နောက်ထပ် ပေးလာနိုင်မယ်လို့ ကူညီရေးသမားတွေ မျှော်လင့် နေကြပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာထဲက လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ ငတ်မွတ်နေကြပြီ ဖြစ်ပါတယ်။

ဂါဇာထဲ အစ္စရေးရဲ့ စစ်ဆင်ရေး ၅ လ တာကာလ ရောက်လာချိန် တောက်လျှောက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကုန်းလမ်းကဖြစ်စေ၊ လေကြောင်းကဖြစ်စေ စားနပ်ရိက္ခာတွေကို လုံလောက်အောင် ဘယ်တုန်းကမှ မပို့ဆောင် နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ပင်လယ် လမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာထဲက လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ ငတ်မွတ်နေက

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂရဲ့ အဆိုအရ ဂါဇာထဲက လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ ငတ်မွတ်နေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂါဇာထဲ အစ္စရေးရဲ့ စစ်ဆင်ရေး ၅ လ တာကာလ ရောက်လာချိန် တောက်လျှောက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကုန်းလမ်းကဖြစ်စေ၊ လေကြောင်းကဖြစ်စေ စားနပ်ရိက္ခာတွေကို လုံလောက်အောင် ဘယ်တုန်းကမှ မပို့ဆောင် နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ပင်လယ် လမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်စ်က မွတ်ဆလင်မ်တို့ရဲ့ ဘာသာရေး အထွတ်အမြတ် ဥပုသ်လ ရာမာဒန်ထဲ ရောက်လာသည့်တိုင် ဂါဇာထဲ တိုက်ပွဲတွေ ဆက်လက် ပေါ်ပေါက်နေတာကို အင်မတန် တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးရောက် မြို့မှာ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အစ္စရေး ကာ့ဇ် ရောက်နေပြီး ဟားမတ်စ်တို့ရဲ့ လုပ်ရပ်အပေါ် ကုလ အတွင်းရေးမှူးချုပ်က ရှုတ်ချဖို့ ပျက်ကွက်နေတာဟာ လုံးဝ လက်သင့် ခံဖွယ်ရာ မရှိဘူး ဆိုပြီး ပြောပါတယ်။

“ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြင်းထန်ဆုံး ဖိအားပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ဟားမတ်စ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကုလသမဂ္ဂ အဖွဲ့က အရေးယူဖို့ ဆုံးဖြတ်ခဲ့ဖူးတဲ့ အယ်လ်ကိုင်းဒါး၊ အိုင်းစစ် ISIS နဲ့ တခြား အကြမ်းဖက် အဖွဲ့တွေရဲ့ လုပ်ရပ်တွေထက်တောင် ဆိုးရွားလှပါတယ်” ဆိုပြီး အစ္စရေး ကာ့ဇ်က ပြောပါတယ်။

ရုရှား စစ်ကုန်တင်လေယာဉ် ပျက်ကျ

အင်ဂျင်တစ်လုံး မီးလောင်ရင်းသား ပျက်ကျလာတဲ့ လေယာဥ်ဟာ မြေပြင်နဲ့ အထိမှာ မီးလောင်ပေါက်ကွဲသွား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အင်ဂျင်တစ်လုံး မီးလောင်ရင်းသား ပျက်ကျလာတဲ့ လေယာဥ်ဟာ မြေပြင်နဲ့ အထိမှာ မီးလောင်ပေါက်ကွဲသွား

ရုရှားနိုင်ငံမြို့တော် မော်စကိုရဲ့ အရှေ့မြောက်ဘက် အရပ်မှာ ရှိတဲ့ အိုင်ဗင်နိုဗို အရပ်မှာ ရုရှားစစ်တပ်ရဲ့ ကုန်တင် လေယာဉ်တစ်စင်း ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။

အင်ဂျင်တစ်လုံး မီးလောင် ပျက်ကျလာတဲ့ လေယာဥ်ဟာ မြေပြင်နဲ့ အထိမှာ မီးလောင်ပေါက်ကွဲသွားတာကို ပြသနေတဲ့ ဗီဒီယိုကိုလည်း တွေ့နေရပါတယ်။ လေယာဉ်ပေါ် လူ ၁၅ ယောက် လိုက်ပါ သွားပါတယ်။

အခု အချိန်ထိတော့ ဘာ့ကြောင့် ပျက်ကျခဲ့ရသလဲ ဆိုတာ အပါအဝင် အသေးစိတ် အချက်အလက်တွေကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဘက်က မထုတ်ပြန်သေးပါဘူး။