G20 အိန္ဒိယ - ပူးတွဲကြေညာချက်ထွက်လာတဲ့ ဒေလီဆွေးနွေးပွဲ

G20 မှာတွေ့ရတဲ့ သမ္မတဘိုင်ဒန် နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ

ဓာတ်ပုံ ရင်းမြစ်, AFP

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာကျင်းပနေတဲ့စက်မှုအင်အားကြီးနိုင်ငံတွေအပါအဝင်နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်တဲ့ ဂျီတွမ်တ (G20) ထိပ်သီးဆွေးနွေးပွဲကနေဘုံသဘောတူညီတဲ့ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့တယ်လို့ အစည်းအဝေးပထမနေ့မှာပဲ အခုနှစ် ဥက္ကဋ္ဌအိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီကကြေညာပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေပြင်းထန်နေတာကြောင့် အိန္ဒိယအလှည့်မှာပူးတွဲကြေညာချက်တစ်စုံတစ်ရာထွက်နိုင်ခြေနည်းတယ်လို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြတာကြောင့် အခုကြေညာချက်ကို တအံ့တသြဖြစ်ခဲ့ကြပါတယ်။

''ဝမ်းသာစရာသတင်းကောင်းရှိပါတယ်။ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပြင်းထန်တဲ့ အားထုတ်ခဲ့မှုတွေကြောင့် ဘုံသဘောတူညီမှုပူးတွဲကြေညာချက်ကိုထုတ်ပြန်နိုင်ခဲ့ပါတယ် '' လို့ မစ္စတာမိုဒီကကြေညာခဲ့ပြီး သူ့ရဲ့ ဘေးမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ခြံရံလျက်ရှိနေခဲ့ပါတယ်။

မစ္စတာမိုဒီရဲ့ ဒီလိုကြေညာပြောဆိုမှုနောက်မှာအစည်းအဝေးခန်းမအတွင်း လက်ခုပ်သံတွေညံနေခဲ့တာကို တရားဝင်ထုတ်ပြန်တဲ့ ရုပ်သံဖိုင်အပိုင်းအစမှာတွေ့ရပါတယ်။

ပူးတွဲကြေညာချက်မှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးနောက်ဆက်တွဲစိုးရိမ်စရာတွေကိုသဘောတူညီခဲ့ကြတာလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာကထိပ်သီးဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။

မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာကျင်းပခဲ့တဲ့ G20 ဆွေးနွေးပွဲမှာ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေနဲ့ ရုရှားအကြား အငြင်းပွားမှုတွေ ရှိနေခဲ့တဲ့ အတွက် သဘောတူညီချက်တွေ သိပ်မရရှိခဲ့သလို ခပ်မြန်မြန်သဘောတူညီချက်သဘောမျိုးသာထုတ်ပြန်နိုင်ခဲ့တာပါ။

ဒါကိုရည်ညွှန်းပြီး ဘီဘီစီသတင်းထောက်ကမနှစ်ကဘာလီကသဘောတူညီချက်နဲ့ နှိုင်းယှဥ်ပြီးအခုနှစ် ပူးတွဲသဘောတူညီချက်ရဲ့ ခိုင်မာမှုကိုမေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက “ဘာလီက ဘာလီပါ၊ နယူးဒေလီက နယူးဒေလီပဲ၊ဘာလီက လွန်ခဲ့တဲ့ တစ်နှစ်ကပါ။ အခုနဲ့ကအခြေအနေတွေမတူတော့ပါဘူး။ ဒီကြားထဲမှာ အခြေအနေတွေအများကြီး ပြောင်းလဲခဲ့ပြီ" လို့ တုံ့ပြန်ပါတယ်။

အပိုဒ် ရှစ်ခုပါ၀င်တဲ့ ပူးတွဲသဘောတူညီချက်မှာယူကရိန်းအရေးကို အာရုံစိုက်ပြောထားတာ ခုနစ်ချက်ပါတယ်လို့ မစ္စတာဂျိုင်ရှန်ကာက ပြောပါတယ်။

အခုနှစ်အိန္ဒိယအားထုတ်နိုင်ခဲ့တဲ့သဘောတူညီချက်မှာစကားလုံးသုံးစွဲမှုတိကျပြင်းထန်တယ်လို့ နိုင်ငံခေါင်းဆောင်အချို့ကထုတ်ပြောလာပါတယ်။

ထိပ်သီးဆွေးနွေးပွဲခန်းမအတွင်းကနိုင်ငံခေါင်း‌ဆောင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန် ကတော့ ဒေလီပူးတွဲကြေညာချက်နဲ့ပတ်သက်ပြီး “ ဥက္ကဋ္ဌအိန္ဒိယအနေနဲ့အရေးပါတဲ့မှတ်တိုင်တစ်ခုအဖြစ် လုပ်ဆောင်နိုင်ခဲ့တယ်” လို့ချီးကျူးပါတယ်။ G20 ဟာ ပြဿနာတွေကို အရေးပါထိရောက်စွာဖြေရှင်းနိုင်ဖို့ မှာ အတူတကွပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုပေးခဲ့တယ် ” လို့ လည်းသူကဆက်ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီးဆူနက်ကလည်း ဒေလီပူးတွဲကြေငြာချက်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အလွန်ပြင်းထန်တဲ့ အသုံးအနှုန်းတွေပါဝင်တယ်လို့ ပြောပါတယ်။

ယူကရိန်းစစ်ပွဲကိုလည်း တရားမဝင်စစ်ပွဲလို့ ဝန်ကြီးချုပ်ကသုံးနှုန်းပြောဆိုခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးမှာ ရုရှားဟာ "လုံးဝအထီးကျန်" နေတယ်လို့ သူကထည့်ပြောပါတယ်။

"သဘောတူညီချက်မှာ စစ်ပွဲရဲ့ အကျိုးဆက်က စားသောက်ကုန်ဈေးနှုန်းနဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုရှိတာကို စကားလုံးခပ်ပြင်းပြင်းတွေနဲ့မီးမောင်းထိုးပြထားတာကိုတွေ့ရမှာပါ" လို့ရီရှီးဆူနက်ကပြောပါတယ်။

စက်မှုအင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်တဲ့G20 ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၉ ရက်ကစလို့ စက်တင်ဘာ ၁၀ ရက်အထိ အိန္ဒိယနိုင်ငံ ၊နယူးဒေလီမြို့မှာကျင်းပနေပါတယ်။

၁၉၉၉ ခုနှစ်မှာကြုံခဲ့ရတဲ့ အာရှဘဏ္ဍာရေး အကြပ်အတည်းကာလအလွန်မှာ နိုင်ငံတကာ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲတွေလုပ်ဖို့ G20 ကို ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ပြီး စပိန်ကိုတော့ ဧည့်နိုင်ငံအဖြစ်အမြဲဖိတ်ကြားလေ့ရှိပါတယ်။

ဂျီ ၇ လို့ခေါ်တဲ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၇ နိုင်ငံအဖွဲ့ကြီးရဲ့ တိုးချဲ့ အဖွဲ့အစည်းလို့လည်း ဆိုနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုအားကောင်းတဲ့ တရုတ်၊ ဘရာဇီးနဲ့ အိန္ဒိယတို့လည်း ပါဝင်ပါတယ်။

လုံခြုံရေးတင်းကျပ်ထားတဲ့ဒေလီမြို့

ဓာတ်ပုံ ရင်းမြစ်, AFP

နောက်ထပ်ထူးခြားချက်ကတော့ နိုင်ငံ့ခေါင်းဆောင်တွေရှေ့ကကိုယ်စားပြုနိုင်ငံရေးသားဖော်ပြမှုမှာ အိန္ဒိယက အိန္ဒိယလို့ မရေးဘဲ အဲဒီအစား ဘာရတ်လို့ ပြောင်းသုံးထားပါတယ်။ဒါကြောင့်အိန္ဒိယဟာသူ့နိုင်ငံရဲ့ တရားဝင်အမည်ကို ပြောင်းတော့မှာလား၊ ပြောင်းနေပြီလားဆိုတဲ့မေးခွန်းတွေလည်းပေါ်လာပါတယ်။

ဒီ့မတိုင်ခင် G20 ဆွေးနွေးပွဲအတွက် ဖိတ်စာတွေပေးပို့စဥ်ကတည်းကလည်း “ဘာရတ် နိုင်ငံ သမ္မတ” လို့ မစ္စတာမိုဒီက သူ့ကိုယ်သူ သုံးနှုန်းဖိတ်ကြားခဲ့တာပါ။

ဟိန္ဒူဘာသာ စကားမှာတော့ အိန္ဒိယကို “ဘာရတ်” အဖြစ် ညွှန်းဆို သုံးစွဲတာက ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီးသားပါ။ အင်္ဂလိပ်ဘာသာနဲ့ တရားဝင်ရေးသားခေါ်ဝေါ်သုံးစွဲရာမှာတော့ အိန္ဒိယ လို့သာ အမြဲသုံးပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရတဲ့အာဖရိကသမဂ္ဂ ဟာ အစည်းအဝေးပထမနေ့မှာပဲ G20 ရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာပါတယ်။

တောင်အာဖရိကသမဂ္ဂ G20 ရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ကလူဦးရေ ၁ ဒသမ ၄ ဘီလျံရှိတဲ့ အာဖရိကတိုက်ကြီးတစ်ခုလုံးရဲ့ ကွဲပြားတဲ့အသံတွေကို ကိုယ်စားပြုလာမှာဖြစ်ပါတယ်။

ကမ္ဘ့ာစက်မှုအင်အားကြီးနိုင်ငံတွေအပါအဝင် နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ပါဝင်ခဲ့တဲ့ G20 နိုင်ငံတွေဟာ စုစုပေါင်းအားဖြင့် ကမ္ဘာ့စီးပွားရေးကုန်ထုတ်လုပ်မှု တန်ဖိုးရဲ့ ၈၅ ရာခိုင်နှုန်း နဲ့ ကမ္ဘာ့ကုန်သွယ်မှု ၇၅ ရာခိုင်နှုန်းကျော် ရှိကြပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ နှစ်ပုံရှိပါတယ်။ အခုတော့ အာဖရိကသမဂ္ဂ ဟာ ဥရောပသမဂ္ဂလို G20 ရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖွဲ့အစည်းအနေနဲ့ ဖြစ်လာတာပါ။

အာဖရိက ရဲ့ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားကတော့ ဒီကနေ့ G20 ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး "တိုက်ကြီးတစ်ခုအနေနဲ့ G20 ဆိုတဲ့အဖွဲ့အစည်းရဲ့ နေရာကိုသုံးပြီး ကမ္ဘာ့စင်မြင့်ပေါ်မှာ အာဖရိကတိုက်ရဲ့ ဆန္ဒတွေ စိတ်ကူးတွေကို ပိုပြီးတိုးမြှင့်လုပ်ဆောင်နိုင်မယ်'' လို့ ပြောပါတယ်။

အာဖရိကသမဂ္ဂ ဟာ G20 မှာအမြဲတမ်းအဖွဲ့ဝင်နေရာ ရလိုက်တာကြောင့် ကမ္ဘာ့ငွေကြေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ အာဖရိကရဲ့ တောင်းဆိုမှုတွေ ပိုအားကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။

ကမ္ဘာ့ဘဏ်ကနေစပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အထိ ငွေချေးတာ နဲ့ ကြွေးမြီတွေပြန်ဆပ်ရာမှာ သူတို့အတွက် မျှတတဲ့ ဆောင်ရွက်ပေးမှုမရဘူးလို့ အာဖရိကနိုင်ငံတွေ ခံစားနေကြတာကြာပါပြီ။

အခု အိန္ဒိယမှာကျင်းပနေတဲ့ G20 ဆွေးနွေးပွဲဟာ တောင်အာရှမှာ ပထမဆုံးကျင်းပတာဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီးဆူးနက် ၊ ပြင်သစ်သမ္မတ မက်ခရွန် တို့တက်ရောက်နေပါတယ်။

ဒါပေမဲ့ ကြိုတင်သိရှိထားကြတဲ့အတိုင်းပါပဲ တရုတ် သမ္မတရှီကျင့်ဖျင် နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့တော့တက်ရောက်တာမရှိဘဲ သူတို့ကိုယ်စား တရုတ်ဝန်ကြီးချုပ် လီကျန်းနဲ့ ရရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့တို့ပဲတက်ရောက်နေတာပါ။

ထိပ်သီးစည်းဝေးပွဲ မတိုင်ခင်ကတည်းကနေ ဒီကနေ့အထိ ဒေလီတဝိုက်မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ ကျောင်းတွေ၊ ရုံးတွေပိတ်ထားလို့ လမ်းပေါ်မှာ လူသူမရှိသလောက်ဖြစ်နေသလို မြို့ရဲ့ အဓိကလမ်းမကြီးတွေမှာ အတားအဆီးတွေနဲ့ ပြည့်နေပါတယ်။

ထိပ်သီးစည်းဝေးပွဲကျင်းပတဲ့ နေရာဖြစ်တဲ့ ဒေလီမြို့လယ်မှာတော့ လုံခြုံရေးတွေထူထပ်စွာ ချထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ကလည်းရာနဲ့ချီရှိနေပါတယ်။

ဒီနေ့မှာခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲဆိုင်ရာ ၊ စားနပ်ရိက္ခာဖူလုံရေး နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ ကြွေးမြီပြဿနာတွေကို ပြန်လည်သုံးသပ်ဖို့တွေကိုဆွေးနွေးနေကြတာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီကတော့ လာမယ့်နှစ်မှာကျင်းပမယ့် အိန္ဒိယရဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ ဒီထိပ်သီးဆွေးနွေးပွဲကနေ အိန္ဒိယရဲ့ ပုံရိပ်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ မြှင့်တင်နိုင်ဖို့ ဆန္ဒရှိနေပါတယ်။

ထိပ်သီးဆွေးနွေးပွဲတက်ရောက်နေတဲ့ဗြိတိန်ဝန်ကြီးချုပ် နဲ့ အမေရိကန်သမ္မတ

ဓာတ်ပုံ ရင်းမြစ်, AFP

တချိန်တည်းမှာပဲ တရုတ်နိုင်ငံ ရဲ့ စီးပွားရေးစင်္ကြံ ကိုတန်ပြန်နိုင်မယ့်ရေကြောင်း နဲ့ ရထားလမ်းကိုအားပြုမယ့်သယ်ယူပို့ဆောင်ရေးစင်္ကြံသစ်တစ်ခုကို အိန္ဒိယ၊ ဆော်ဒီအာရေးဗျ၊ ယူအေအီး နဲ့အမေရိကန်တို့ ကြားမှာ MOU - နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့ပါတယ်။ ဒီအစီအစဥ်မှာ အီးယူ နဲ့ တခြား G20 နိုင်ငံတွေလည်း ပါဝင်ပါတယ်။

အိန္ဒိယ ၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပကို ဆက်သွယ်ဖို့ ရည်ရွယ်တဲ့စီးပွားရေးစင်္ကြံသစ်တစ်ခုကိုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကသဘောတူခဲ့ပြီး “သမိုင်းဝင်” လို့သုံးနှုန်းပါတယ်။ အိန္ဒိယ-အရှေ့အလယ်ပိုင်း- ဥရောပ စီးပွားရေးစင်္ကြံ ဖွဲ့စည်းကြောင်းလည်း ကန်သမ္မတက ကြေညာခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးဌာန လက်ထောက်အကြံပေး ဂျွန်ဖီနာကတော့ ဒီဆုံးဖြတ်ချက်ဟာ ဝင်ငွေနည်း နဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေကို မြန်မြန်ဆန်ဆန်တိုးတက်စေလိမ့်မယ်လို့ AP သတင်းဌာနကိုမှတ်ချက်ပြုထားပါတယ်။ ဒါပေမဲ့တခြား G20 နိုင်ငံတွေကတော့ ဒါနဲ့ ပတ်သက်လို့မှတ်ချက်ပေးတာမရှိသေးပါဘူး။

အကဲခတ်တွေကတော့ ဒီဆုံးဖြတ်ချက်က တရုတ်နိုင်ငံ ရဲ့ Belt and Road ရပ်ဝန်း နဲ့ လမ်းစီမံကိန်းကို တန်ပြန်တဲ့ပဏာမခြေလှမ်းလို့ရှုမြင်ကြပါတယ်။

တခါ ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကိုအသေးစိတ် ဆွေးနွေးခဲ့တယ်လို့ ဖော်ပြနေပေမဲ့ ဒါတွေနဲ့ ပတ်သက်လို့တိကျတဲ့ အစီအမံတွေကို ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

ဒီဆွေးနွေးပွဲဟာ ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။အိန္ဒိယဟာ အင်တာနက်ငွေကြေးတွေအပေါ် ကမ္ဘာလုံးဆိုင်ရာမူဝါဒချမှတ်ဖို့ နဲ့ ကမ္ဘာ့ဘဏ်နဲ့နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွေကို ပြင်လည်ပြင်ဆင်ဖွဲ့စည်းဖို့ လိုလားနေပါတယ်။