ဘုရင်မကြီး ခေါင်းတလားတော်ကို ဝက်စ်မင်စတာ ခန်းမမှာ ထားရှိလိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နတ်ရွာစံ အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်ကလပ် ထည့်သွင်းထားရာ ခေါင်းတလားတော်ကို အများပြည်သူ နောက်ဆုံးအကြိမ် ဂါရဝပြုနိုင်ဖို့ ဝက်စ်မင်စတာ ခန်းမမှာ ထားရှိလိုက်ပြီ ဖြစ်ပါတယ်။
စျာပနအခမ်းအနားတော် နေ့ရက် မတိုင်ခင်အထိ အခုလာမယ့် ရက်တွေအတွင်း လူတွေ သိန်းနဲ့ချီ လာရောက် ဂါရဝပြုကြမယ်လို့ မျှော်လင့်ရပါတယ်။
ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ကို ဘာကင်ဟမ် နန်းတော်ကနေ ပါလီမန်အဆောက်အဦး၊ ဝက်စ်မင်စတာ ခန်းမကြီး ရှိရာဆီ မင်းခမ်းမင်းနားနဲ့ စီတန်းလှည့်လည် သယ်ဆောင်ခဲ့ ကြတာ ဖြစ်ပါတယ်။
ခေါင်းတလားတော်ကို တော်ဝင် အစဥ်အလာအတိုင်း အမြောက်ဆွဲ ရထားပေါ် တင်ဆောင် လာခဲ့တာမှာ၊ မြင်းရထားရဲ့ နောက်တော်ပါးမှာ သားတော်ကြီး ချားလ်စ်ဘုရင်နဲ့ မြေးတော် အိမ်ရှေ့စံ ဝီလျမ်မင်းသား၊ မင်းသား ဟယ်ရီတို့ လမ်းလျှောက် လိုက်ပါ ခဲ့ကြပါတယ်။
ဒါ့အပြင် ချားလ်စ်ဘုရင်ရဲ့ နှမတော်၊ ညီတော်တွေ ဖြစ်ကြတဲ့ ဘုရင်မကြီးရဲ့ ကျန်ရစ်သူ သားသမီး တွေ အားလုံးလည်း လမ်းလျှောက် လိုက်ပါခဲ့ကြပါတယ်။
ချားလ်စ်ဘုရင်ရဲ့နံဘေး နှမတော် အဲန်းမင်းသမီး၊ မင်းသား အင်ဒရူးနဲ့ မင်းသား အက်ဒွပ်တို့ အတူ လမ်းလျှောက် လိုက်ပါခဲ့ကြတာကို တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
စီတန်းလှည့်လည်ချိန်မှာ လန်ဒန်မြို့လယ် ဟိုက်ဒ်ပါ့ခ် ဥယျာဥ်တော်တွင်း ကနေ သေနတ်တွေ ပစ်ဖောက်ခဲ့ကြပြီး၊ ပါလီမန် အဆောက်အဦးကြီးမှာ ရှိတဲ့ နာမည်ကျော် ဘစ်ဘဲန် နာရီစင်ကြီးကနေလည်း မိနစ်တိုင်းမှာ ခေါင်းလောင်းတွေ ထိုးခတ် ပေးနေခဲ့ပါတယ်။
ဘာကင်ဟမ် နန်းတော်ကြီးကို ဦးတိုက်ထားတဲ့ သမောလ် လမ်းမကြီး တလျှောက်မှာလည်း ခေါင်းတလားတော် သယ်ဆောင်ပွဲကို စောင့်ကြည့်နေကြတဲ့ ပြည်သူအများ ရှိနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘုရင်မကြီး ခေါင်းတလားတော် တင်ဆောင်ထားရာ မြင်းရထား သူတို့ အရှေ့က ဖြတ်အသွားမှာ ဦးညွတ် အရိုအသေပြုကြသူတွေ၊ မျက်ရည်ကျကြသူတွေ၊ ခရစ်ယာန်တို့ ထုံးစံ ဘုရားသခင် ကောင်းချီး ရရှိပါစေကြောင်း လက်ဝါးကပ်တိုင် ပုံစံ လက်နဲ့ သင်္ကေတပြုကြသူတွေကို တွေ့ရပြီး၊ စစ်မှုထမ်းဟောင်းကြီးများ ဆိုရင် သူတို့ရဲ့ စစ်သေနာပတိ ဖြစ်ခဲ့တဲ့ နတ်ရွာစံ ဘုရင်မကြီးကို အလေးပြု နှုတ်ဆက်ကြပါတယ်။
ကမ္ဘာတလွှားက လူအများရဲ့ အတွေးအာရုံ ပုံရိပ်ထဲ ဘုရင်မကြီးနဲ့ အတူ ဆယ်စုနှစ်များစွာ ယှဥ်တွဲ စိုးမိုးနေခဲ့တဲ့ ဘာကင်ဟမ် နန်းတာ် မည်တွင်တဲ့ သူ့ရဲ့ နေအိမ်ကနေ နောက်ဆုံးအကြိမ် အဖြစ် အဲလစ်ဇဘက် ဘုရင်မကြီး ကြွချီ ထွက်ခွာလာတဲ့ မြင်ကွင်းဟာ လူအများရဲ့ စိတ်နှလုံးကို ထိခိုက်ခံစား ဝမ်းနည်းစေခဲ့ပါတယ်။
ဘုရင်မကြီးကို သယ်ဆောင်ထားတဲ့ မြင်းရထား မျက်စိတဆုံး ပျောက်ကွယ် သွားချိန်မှာတော့ စောင့်ကြည့်နေခဲ့ကြတဲ့ လူအုပ်ကြီးထံကနေ လက်ခုပ်တီး ဂုဏ်ပြုသံတွေဟာ မိုးခြိမ်းသံသဖွယ် တခဲနက် ထွက်ပေါ်လာခဲ့ပါတယ်။
တိုင်းသူပြည်သား လူအများအကျိုး သည်ပိုးထမ်းဆောင်ခဲ့တဲ့ ဘုရင်မကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို ရည်စူးတဲ့ လက်ခုတ်တီးသံတွေဟာ နေရောင်ခြည် နွေးထွေး ဖြာကျနေတဲ့ စက်တင်ဘာလယ် လန်ဒန်မြို့တော်ရဲ့ လေထုထဲ ပြန့်နှံ့သွားပါတယ်။
တခါ၊ ဝက်စ်မင်စတာ ခန်းမကြီးထဲ အများပြည်သူကို ဝင်ခွင့် ပေးမယ့် အချိန်ကို တင်ကြို စောင့်မျှော်နေကြတဲ့ လူတန်းရှည်ကြီးဟာလည်း သိမ်းမြစ်ရဲ့ တောင်ဘက် ကမ်းနဘေးတလျှောက် ၃ မိုင် နီးပါးထိ ရှိနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝက်စ်မင်စတာ ခန်းမကြီးထဲ ခေါင်းတလားတော်ကို နေရာချ အပြီးမှာတော့ ကင်တာဘရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျပ်စတင် ဝယ်လ်ဘီ ဦးဆောင်ပြီး ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ခန်းမကြီးထဲမှာ ဗြိတိန်ရဲ့ နိုင်ငံရေးနယ်ပယ်ထဲက ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေ စုဝေး ရောက်ရှိ နေခဲ့ပါတယ်။ ဘုရင်မကြီး နတ်ရွာမစံခင် ရက် အနည်းငယ်ကပဲ ဝန်ကြီးချုပ် အသစ်အဖြစ် အတည်ပြု ပေးခဲ့တဲ့ အာဏာရ ကွန်ဆားဗေးတစ်ဗ် ခေါင်းဆောင် ဝန်ကြီးချုပ် လဇ်ထရပ်စ်ရော၊ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဆာ ကီယာစတားမား ပါ ရှိနေခဲ့ကြပါတယ်။
ဝက်စ်မင်စတာ ခန်းမကြီးထဲမှာ ခေါင်းတလားတော်ကို စျာပနနေ့ ဖြစ်တဲ့ လာမယ့် ၁၉ ရက် စက်တင်ဘာလ တနင်္လာနေ့ ဗြိတိသျှ စံတော်ချိန် မနက် ၆နာရီ မိနစ် ၃၀ အထိအောင် ထားရှိ အကြည်ညိုခံမှာ ဖြစ်ပါတယ်။








