ထိုင်း ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေး ပါတီ ရေပန်းစား
လာမယ့် တနင်္ဂနွေနေ့ကျရင် ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပတော့မှာပါ။ ဒါဟာ ၃ နှစ်အတွင်းမှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ တစ်ခုကို ကျင်းပတာလည်း ဖြစ်ပါတယ်။ အဲဒီ အချိန်အတွင်း ဝန်ကြီးချုပ် ၃ ယောက် အထိ ပြောင်းလဲခဲ့သလို၊ ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ပွဲ စတဲ့ အခြေအနေတွေ အပြင်၊ စီးပွားရေး ကျဆင်းနေမှု အပေါ် လူထုရဲ့ စိုးရိမ်မှုကလည်း မြင့်တက်ခဲ့ပါတယ်။ အခု တစ်ကြိမ် ရွေးကောက်ပွဲမှာလည်း အရင် တစ်ကြိမ်လိုပဲ လူငယ်တွေ ဦးဆောင်ပြီး တိုးတက်ပြောင်းလဲလိုတဲ့ ပါတီ တစ်ခုက အထူးသဖြင့် ထိုင်း လူငယ်တွေကြား၊ လူထု စစ်တမ်းတွေမှာ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ထိုင်း နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုတဲ့ နိုင်ငံရေး ပါတီဟာ ဖျက်သိမ်းခံရတာ ဒါမှမဟုတ်၊ အာဏာ ရယူခွင့် ပိတ်ပင်ခံရတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ အခု တစ်ကြိမ်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်ပွားမှာ ကို စိုးရိမ်နေကြပြီး နှစ် ၂၀ ကြာ နိုင်ငံရေး အကျပ်အတည်းကို ကြာရှည်စေနိုင်တယ် ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ်ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။



