ဇူလိုင် ၄ ရက် ထိပ်တန်းသတင်းများ - မအူပင်မြို့မှာ စစ်ဗိုလ် ၂ ဦး အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး သေဆုံး

မအူပင်တံတားခြေရင်း စစ်ဆေးရေးဂိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မအူပင်တံတားခြေရင်း စစ်ဆေးရေးဂိတ်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်က ဗိုလ် ၂ ဦး ဒီနေ့ ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းတုန်းက အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မအူပင်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ မအူပင်တံတားခြေရင်း စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲက အရာခံဗိုလ်တစ်ဦးက သုံးပွင့်နဲ့အရာရှိကို စကားများပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ပစ်ခတ်မှုပြုလုပ်တဲ့ အရာခံဗိုလ်လည်း သူ့ကိုယ်သူ ပစ်ပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ရန်ကုန်-ညောင်တုန်း-မအူပင် လမ်းနဲ့ ဒလ-တွံတေး- မအူပင်လမ်းဆုံရာ မအူမြို့အဝင် တံတားဖြစ်ပြီး အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာ စစ်ကောင်စီတပ်က အဲဒီမှာ စစ်ဆေး တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

မအူပင်က အခုပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင် ဆယ်ချီ စစ်ဆေးမေးမြန်းခံနေရ

ရွှေစျေးတည်ငြိမ်ရေး ကြိုးပမ်းဖို့ တစိတ်တစ်ပိုင်းအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက ရွှေအသင်းတွေက ဝယ်လိုသူတွေကို ရွှေတုံးငယ်တွေ ရောင်းချပေးနေ

ဓာတ်ပုံ ရင်းမြစ်, YGEA

ဓာတ်ပုံ ပုံစာ, ရွှေစျေးတည်ငြိမ်ရေး ကြိုးပမ်းဖို့ တစိတ်တစ်ပိုင်းအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက ရွှေအသင်းတွေက ဝယ်လိုသူတွေကို ရွှေတုံးငယ်တွေ ရောင်းချပေးနေ

ပြည်တွင်းမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ရွှေတစ်ကျပ်သားစျေးနှုန်း ကျပ်ငွေသောင်းနဲ့ချီ ရုတ်တရက် မြင့်တက် ခဲ့မှုနဲ့ပတ်သက်ပြီး ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင် ဆယ်ချီကို စစ်ကောင်စီဘက်က ခေါ်ယူ စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

အမေရိကန်က စစ်ကောင်စီလက်အောက် နိုင်ငံပိုင်ဘဏ်နှစ်ခုကို ပိတ်ဆို့မှုလုပ်မယ်ဆိုတဲ့သတင်းကြောင့် ဒေါ်လာ ငွေ ရုတ်တရက်မြင့်တက်မှုနဲ့အတူ ရွှေတစ်ကျပ်သားစျေးနှုန်း သောင်းနဲ့ချီမြင့်တက်ခဲ့မှု ဘာကြောင့်ဖြစ်ခဲ့လဲဆို တာကို သိအောင်လုပ်ဖို့ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ရွှေနဲ့ငွေကြေး စျေးကွက် ကြီးကြပ် ထိန်းသိမ်းရေးအဖွဲ့က ခေါ် ယူ စစ်ဆေးနေတာဖြစ်ပါတယ်။

‘’ရန်ကုန်နဲ့ မန္တလေးပေါင်းရင် လုပ်ငန်းရှင် ၂၀ လောက်ရှိတယ်။ ဒါပေမဲ့ မနက်ခေါ် ညနေပြန်ခိုင်းသဘောပါ။ ရွှေနဲ့ ဒေါ်လာစျေး တွဲကစားပြီး စျေးတင်နေတာတွေလုပ်တာနဲ့ပတ်သက်ပြီး ရွှေလုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ မေးမြန်းတဲ့သဘောပါ။ မနက်ခင်းခေါ်မေးတယ်။ ညနေပြန်ခိုင်းတယ်။ ကျွန်တော်တို့အခေါ် ရုံးတစ်ထိုင်ပေါ့။ အသင်းရုံးမှာပဲ ညှိနှိုင်းဖြေရှင်းတာရှိတယ်။ ဒီထက်နည်းနည်းပိုတဲ့ကိစ္စဆိုရင် ထွေအုပ်ရုံးအထိ ခေါ်ယူ မေးမြန်းတာရှိတယ်။ အဲဒီအဆင့်တွေ ကျော်တဲ့အခါ စသုံးလုံးကနေ ဝင်မေးတာမျိုးလည်းရှိတယ်’’လို့ ရန်ကုန်က ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

‘’ တချို့ကလည်း မေးမြန်းခံရတာ ၂ ရက်၊ ၃ ရက်နဲ့ပြီးသွားတာရှိတယ်။ တချို့တော့ တစ်ပတ်လောက်ရှိတယ်။ ရွှေလုပ်ငန်းရှင်လို့ပြောရင် အတုံးအခဲရောင်းဝယ်တဲ့သူရော၊ အသင်းမှာ မှတ်ပုံတင်ရောင်းတဲ့သူရော၊ ရွှေဆိုင်ဖွင့် ထားသူတွေရော ပါပါတယ်။ ဒီရွှေလုပ်ငန်းရှင်တွေက ရွှေရောင်းချင်တာဆို ဝယ်ပေး၊ ဝယ်ချင်တာဆို ရောင်းပေး တဲ့ ကြားက လူတွေ ဖြစ်နေတော့ ရုတ်တရက် ရွှေတွေလာဝယ်ကြပြီး စျေးတစ်ခုအရောက်တင်ပြီးမှ ထုတ်ရောင်းကြသူတွေက ဘယ်သူတွေဆိုတာ သိရအောင် လုပ်ငန်းရှင်တွေကို ခေါ်မေးတာမျိုးဖြစ်တယ်’’ လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြားငွေနဲ့ရွှေတရားမဝင်ကိုင်ဆောင်ရောင်းဝယ်တာကို ထိန်းချုပ်ဖို့ဆိုပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ဦးဆောင်တဲ့ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီမှာ ဗဟိုအဆင့်၊ တိုင်းနဲ့ပြည်နယ်အပြင်၊ ခရိုင်အဆင့် အကောက်ခွန်၊ ထွေအုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲအဖွဲ့တွေ ပါဝင်ပါတယ်။

မွန်ဂိုလီးယားသံအမတ်ဟောင်းကို မြန်မာသံအမတ်အဖြစ် ရုရှားခန့်အပ်

မွန်ဂိုလီးယားဝန်ကြီးဝန်ကြီးချုပ်(ညာဘက်)နဲ့ ဇွန်လက တွေ့ဆုံခဲ့တဲ့ မစ္စတာ Iskander Azizov

ဓာတ်ပုံ ရင်းမြစ်, MNNA

ဓာတ်ပုံ ပုံစာ, မွန်ဂိုလီးယားဝန်ကြီးချုပ်(ညာဘက်)နဲ့ ဇွန်လက တွေ့ဆုံခဲ့တဲ့ မစ္စတာ Iskander Azizov
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မွန်ဂိုလီးယားနိုင်ငံမှာ ရုရှားသံအမတ်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ယူခဲ့တဲ့ မစ္စတာ Iskander Azizov ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနေရာအတွက် သမ္မတ ပူတင်က တာဝန်ပေး လိုက်ပြီလို့ သိရပါတယ်။

တာဝန်ပြီးဆုံးသွားတဲ့ ရုရှားသံအမတ်နေရာမှာ မစ္စတာ Iskander Azizov ကို အစားထိုး ခန့်အပ်မယ့် ရုရှားဘက်က အကြောင်းကြားမှုကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက အတည်ပြုထားပြီးဖြစ်ပါတယ်။

မစ္စတာ Iskander Azizov မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ဇန်နဝါရီလကမှ မွန်ဂိုလီးယားကနေ ရုရှားကိုပြန်လာခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးဘွဲ့ရ မစ္စတာ Iskander Azizov ဟာ ၁၉ ဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ရုရှားနိုင်ငံဆိုင်ရာ သံတမန်တစ်ဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုအပြင် အာဆီယံနိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာပါ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။

တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာသွားတဲ့ ရုရှားဖက်ဒရေးသံအမတ်ကြီး မစ္စတာ Nikolay Listopadov ကို မထွက်ခွာခင်မှာ စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့ပါသေးတယ်။

မစ္စတာ Nikolay Listopadov ဟာ မြန်မာစကားကို ရေလည်စွာပြောဆိုတတ်သူဖြစ်ပြီး မြန်မာနိုင်ငံမှာ သာမန်သံအမှုထမ်းကနေ သံအမတ်ကြီးဖြစ်တဲ့အထိ ၁၄ နှစ် ကြာနေထိုင်ခဲ့သူဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ တစ်ကျော့ပြန်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ရှရှားက ထိပ်တန်းအစိုးရအရာရှိတွေနဲ့ အဆင့်မြင့်အရာရှိတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအပါအဝင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအဖွဲ့အစည်းတွေဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ နေပြည်တော်ကို တဖွဲဖွဲရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

အရင်က ရုရှားနဲ့ မြန်မာကြားမှာ စစ်လက်နက်ရောင်းဝယ်မှု၊မြန်မာစစ်တပ်က သင်တန်းသားတွေ ရုရှားကို ပညာတော်သင်စေလွှတ်မှု၊ ရုရှားမြန်မာစစ်တပ်နှစ်ခုကြား ဆက်ဆံရေးသာရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တပ်နှစ်ခုကြား ဆက်ဆံရေးအပြင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးလုပ်လာတာတွေ့ရသလို ရုရှားကို အကြိမ်ဖန်များစွာသွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌကို နောက်ဆုံးမှာ ရုရှားသမ္မတ ပူတင်က အရှေ့ဖျားဖိုရမ်ကျင်းပချိန် လက်ခံတွေ့ဆုံတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်း၊ တလိုင်း (ထီးလှိုင်) ရွာ စီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့သေဆုံး

နေအိမ် ၁၀၀ ကျော်မီးရှို့ခံရပြီး ဒေသခံတွေတိမ်းရှောင်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, နေအိမ် ၁၀၀ ကျော်မီးရှို့ခံရပြီး ဒေသခံတွေတိမ်းရှောင်ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်း (ထီးလှိုင်) ရွာ စီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့ရပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး ကလည်း စစ်ကောင်စီတပ်ဖွဲ့က စီးနင်းဝင်ရောက်ပြီး မီးရှို့ခဲ့လို့ ‌နေအိမ်တွေ မီးလောင်ခဲ့တာကို ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂ ရက် မနက်အ‌စောပိုင်း ၃ နာရီလောက်မှာ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တလိုင်းရွာကိုစီးနင်းခဲ့တာဖြစ်ပြီး လုံခြုံရေးစောင့်နေတဲ့ တလိုင်းကျေးရွာ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) က ၃ ဦးနဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ၂ ဦး တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ရွာထဲကိုစစ်ကြောင်းပြန်ဝင်လာပြီး တိုက်ပွဲမရှိဘဲ မီးဝင်ရှို့သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

'' ရွာကို အလစ်ဝင်တိုက်တာမျိုးဖြစ်တာပါ။ မနက်အစောကြီး ဆိုတော့ ကင်းသမားတွေလည်း ခံလိုက်ရတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ နောက် ရွာကိုထပ်ဝင်လာပြီး မီးရှို့တာပဲ '' လို့ ဒေသခံတစ်ဦးကရှင်းပြပါတယ်။

ဒီကနေ ဇူလိုင် ၄ ရက် မှာတော့ တလိုင်းရွာကနေ ထွက်ခွာသွားပေမဲ့ ဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒီကနေ ဇူလိုင် ၄ ရက် မှာတော့ တလိုင်းရွာကနေ ထွက်ခွာသွားပေမဲ့ ဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်နဲ့ အခု ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်တွေဟာ ဧရာဝတီမြစ်တဖက်ကမ်း စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်စီးနင်းနေလို့ အနည်းဆုံး ကာကွယ်ရေးတပ်ဘက်က စခန်း ၃ခုထက်မနည်း စီးနင်းခံရပြီး အနည်းဆုံး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀နီးပါးသေဆုံးခဲ့ရတယ်လို့ နယ်မြေအခြေအနေသိရှိသူကပြောပါတယ်။

အ‌ရှေ့တီမော သမ္မတ နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

အ‌ရှေ့တီမော သမ္မတ နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, အ‌ရှေ့တီမော သမ္မတ နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

အရှေ့တီမောကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ တီမောလက်စ်နိုင်ငံသမ္မတ ဟိုဆေးရားမို့စ်ဟော်တာတို့တွေ့ဆုံခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်လာပါတယ်။

တီမောလက်စ်နိုင်ငံသမ္မတ ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ဆိုပြီး အပြန်အလှန်လက်ဆောင်တွေလဲလှယ်ခဲ့တာတွေ့ရပါတယ်။

အာဆီယံအဖွဲ့ဝင် တင်းပြည့်ကျပ်ပြည့်ဖြစ်ဖို့ကြိုးစားနေတဲ့ ဒီနိုင်ငံနဲ့ NUG အစိုးရကြားဘယ်အချက်တွေအဓိကထားဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြောတာမရှိပါဘူး။

ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ သမ္မတဟိုဆေး ရားမို့စ်ဟော်တာ နဲ့ တီမောလက်စ်နိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့သေးတာပါ။

တီမောလက်စ်သမ္မတရဲ့ မိန့်ခွန်းမှာလည်း မြန်မာကိုယ်စားပြုတက်ရောက်လာတဲ့ဒေါ်ဇင်မာအောင်နဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်သွားခဲ့တာလို့ဆိုပါတယ်။

လူဦးရေ ၁ ဒသမ ၃၇ သန်းရှိတဲ့ တီမောလက်စ်နိုင်ငံဟာ ၂၀၀၂ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေလွတ်လပ်ရေးရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားခဲ့တာပါ။ တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် အာဆီယံခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မူအားဖြင့်သဘောတူထားခဲ့တာပါ။