နာဝက် ရှာရစ်ဖ် - ပြည်တော်ပြန်လာမယ့် ပါကစ္စတန်စစ်တပ်ရဲ့ တစ်ချိန်က ရန်သူတော်

နာဝက် ရှာရစ်ဖ် - ပြည်တော်ပြန်လာမယ့် ပါကစ္စတန်စစ်တပ်ရဲ့ တစ်ချိန်က ရန်သူတော်

ဓာတ်ပုံ ရင်းမြစ်, AFP

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ပါကစ္စတန်စစ်တပ်ရဲ့ တစ်ချိန်က ရန်သူတော် ဝန်ကြီးချုပ်ဟောင်း နာဝက် ရှာရစ်ဖ်ဟာ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဒီရုံးပိတ်ရက်တွေမှာ ပြည်တော်ပြန်လာမှာဖြစ်ပါတယ်။

ရှာရစ်ဖ်ဟာ ပါကစ္စတန်မှာရှိနေတုန်းက အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ အကျဉ်းထောင်အပြင်ကို ထွက်ခွာခွင့်ရခဲ့ပါတယ်။

အခုအချိန်မှာတော့ စစ်တပ်ဟာ သူတို့အာဏာသိမ်း ဖြုတ်ချခဲ့တဲ့ ရှာရစ်ဖ်ကို ပြန်လည်လက်ခံခဲ့ပုံရပြီး သူဟာ ဝန်ကြီးချုပ် ပြန်ဖြစ်လာနိုင်ခြေလည်းရှိနေပါတယ်။

ရှာရစ်ဖ်နေရာမှာ ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ်မှာ အစားထိုးတာဝန်ထမ်းဆောင်တဲ့ အင်မရန်ခန်း ဟာ စစ်တပ်နဲ့ အဆင်မပြေဖြစ်ပြီးနောက် အခုအချိန်မှာ ထောင်ဒဏ်ကျခံနေရပါပြီ။

ရှာရစ်ဖ် ပြည်တော်ပြန်လာပြီးရင် ဘာတွေဆက်ဖြစ်မလဲ

ဝန်ကြီးချုပ်သုံးကြိမ်ဖြစ်ခဲ့ဖူးတဲ့ ရှာရစ်ဖ်ဟာ ဆေးကုသဖို့ အကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့ သုံးနှစ် ကစလို့ လန်ဒန်မှာ နေထိုင်ခဲ့ပါတယ်။

အင်မရန်ခန်း ဟာ လွှတ်တော်တွင်း အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်ကစလို့ ရှာရစ်ဖ်ဟာ နိုင်ငံရေးအရ သဘောတူညီမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရှာရစ်ဖ်ရဲ့ PML-N ပါတီဟာ ပါကစ္စတန်ကို အဲ့ဒီအချိန်ကစလို့ အုပ်ချုပ်ခဲ့ပြီး သူ့ညီ ရှာဘက်ဇ်က ဦးဆောင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အစ်ကိုကြီး ရှာရစ်ဖ် ပြည်တော်ပြန်လာပြီဖြစ်ပြီး သူဟာ ဒူဘိုင်းကနေ အစ္စလာမာဘတ်ကို အောက်တိုဘာ ၂၁ ရက် နှောင်းပိုင်းမှာရောက်ရှိမှာဖြစ်ပြီး အဲဒီကနေ သူ့မွေးရပ်မြို့ လာဟိုးကို သွားရောက်မှာဖြစ်ပါတယ်။

သူ့ကို တရားရုံးမှာ ကြားနာစစ်ဆေးမှုတွေရှိနေဦးမှာဖြစ်ပေမယ့် သူဟာ အာမခံရထားပြီး လာမယ့်အပတ်မှသာ ကြားနာစစ်ဆေးမှုတစ်ခု ခံယူရမှာဖြစ်ပါတယ်။

ရှာရစ်ဖ် ရှေ့နေတွေနဲ့ ထောက်ခံသူတွေဟာအစ္စလာမာဘတ် တရားရုံးချုပ်ကနေ အာမခံနဲ့ ပြန်လည် ရောက်ရှိလာပြီးတဲ့ ရှာရစ်ဖ်အတွက် ဂုဏ်ပြုပွဲ ဆင်နွှဲခဲ့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရှာရစ်ဖ် ရှေ့နေတွေနဲ့ ထောက်ခံသူတွေဟာအစ္စလာမာဘတ် တရားရုံးချုပ်ကနေ အာမခံနဲ့ ပြန်လည် ရောက်ရှိလာပြီးတဲ့ ရှာရစ်ဖ်အတွက် ဂုဏ်ပြုပွဲ ဆင်နွှဲခဲ့ကြပါတယ်

ရှာရစ်ဖ်ဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပြည်ပမှာသွားနေပြီး ပထမဆုံးအကြိမ် ပြည်တော်ပြန်လာတာတော့ မဟုတ်ပါဘူး။

၁၉၉၉ အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံရပြီးနောက် ၂၀၀၇ ခုနှစ်မှာ သူနဲ့ အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတိုတို့ဟာ စစ်တပ်နဲ့ သမိုင်းဝင်သဘောတူညီမှုရပြီး ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်ပါဝင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဘူတိုဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတစ်ခုမှာ လုပ်ကြံခံရပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဘူတိုရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ(PPP) ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။

ရှာရစ်ဖ် ဝန်ကြီးချုပ် ပြန်ဖြစ်မှာလား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနှစ်မှာပြုလုပ်ဖို့ရှိပေမယ့် ၂၀၂၄ ခုနှစ်အထိ ရွှေ့ဆိုင်းထားတဲ့ ရွေးကောက်ပွဲမှာ ရှာရစ်ဖ်ဟာ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ သူ့ပါတီက အတည်ပြုထားပါတယ်။

ဒါပေမဲ့ အသက် ၇၃ နှစ်အရွယ် ရှာရစ်ဖ်မှာ ရှင်းလင်းရမယ့် ကိစ္စတွေရှိနေပါတယ်။

စီးပွားရေးအကျပ်အတည်းတွေကြောင့် သူ့ပါတီအပြစ်တင်ခံထားရပြီး အဓိကအတိုက်အခံဟာလည်း ချုပ်နှောင်ခံထားရတာမို့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလို့ ပြောဆိုမှုတွေရှိနေပါတယ်။

ပြီးတော့ ပါကစ္စတန်မှာ ပြောရေးဆိုခွင့်ရှိတဲ့ စစ်တပ်ဟာလည်း အတားအဆီးတစ်ခုပါပဲ။

ပြည်ပမှာရှိနေတုန်း ရှာရစ်ဖ်ဟာ စစ်တပ်နဲ့ပတ်သက်လို့ မကောင်းပြောခဲ့တာတွေရှိပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုအတွက် ISI ထောက်လှမ်းရေးဌာနအကြီးအကဲဟောင်းနဲ့ စစ်ဦးစီးချုပ်ဟောင်းတို့ကို သူက အပြစ်တင်ခဲ့ပါတယ်။

သူဟာ အပြစ်မရှိအပြစ်ရှာ တရားစွဲခံခဲ့ရတာဖြစ်ပြီး တရားသူကြီးတွေဟာလည်း စစ်တပ်နဲ့ လက်ဝါးချင်းရိုက်ထားတယ်လို့ ရှာရစ်ဖ်က စွပ်စွဲခဲ့ပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် ပါကစ္စတန်ဒီမိုကရေစီထိခိုက်ခဲ့ရပြီး ပါကစ္စတန်ရဲ့ ဝန်ကြီးချုပ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပေးထားတဲ့ သက်တမ်းကို ကုန်အောင် တာဝန်ထမ်းဆောင်ခွင့်မရဘူးလို့ သူက ပြောခဲ့ပါတယ်။

အင်မရန်ခန်း ဟာ နိုင်ငံရေးလှုံဆော်လို့ဆိုပြီး ထောင်ထဲမှာထိန်းသိမ်းခံထားရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အင်မရန်ခန်း ဟာ နိုင်ငံရေးလှုံဆော်လို့ဆိုပြီး ထောင်ထဲမှာထိန်းသိမ်းခံထားရပါတယ်

ရှာရစ်ဖ်ဟာ စစ်တပ်နဲ့ သဘောတူညီမှုယူထားတယ်လို့ နိုင်ငံရေးအတိုက်အခံတွေက သံသယရှိနေပါတယ်။

ဒါပေမဲ့ ရှာရစ်ဖ် ရွေးကောက်ပွဲနိုင်မနိုင်က မသေချာဘူးလို့ သူတို့က ပြောပါတယ်။

သူဟာ စစ်ဆေးခံရမယ့် အမှုတွေရှိနေပြီး တရားရုံးညွှန်ကြားချက်အရ နိုင်ငံရေးကနေ တစ်သက်တာ ဖယ်ရှားခံထားရတာမို့ ဝန်ကြီးချုပ် ပြန်ဖြစ်ဖို့ မမြင်ပါဘူး လို့ အင်မရန်ခန်း ရဲ့ ပါကစ္စတန် တာရီး-အီ- အင်ဆက်(PTI) ပါတီက ဇူဖလီ ဘူခါရီက ပြောဆိုထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ဟာ ရှာရစ်ဖ်သဘောကျဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

“နိုင်ငံရေးဇာတ်ဆောင်တွေသာ ပြောင်းသွားတာ၊ ကျွန်တော်တို့နိုင်ငံရေးရဲ့ နောက်ခံနဲ့ ဇာတ်ကြောင်းက မပြောင်းလဲသေးဘူး” လို့ နိုင်ငံရေးလေ့လာသူ ဝါဂျဟတ် မာဆွတ်က ပြောဆိုခဲ့ပါတယ်။

‘’၂၀၁၈ ရွေးကောက်ပွဲမှာ အင်မရန်ခန်း ကို နိုင်ငံရေးဩဇာရှိသူတွေက စီစဉ်ပေးခဲ့တယ်၊ ဒီတစ်ကြိမ်မှာလည်း စစ်တပ်က နာဝက် ရှာရစ်ဖ်အတွက် ရွေးကောက်ပွဲစီစဉ်ရင်း အလုပ်များနေပြီ’’ လို့ သူက ဆိုပါတယ်။

ရှာရစ်ဖ်ကို သဘောကျမကျနဲ့ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးတော့ အင်မရန်ခန်း နဲ့ လက်ဝါးချင်း ရိုက်ပြီးမှ ခွာပြဲတာမဟုတ်ဘူးလို့ စစ်တပ်က ပြောဆိုခဲ့ပါတယ်။

အင်မရန်ခန်း က ထောင်ထဲရောက်နေပြီး သူ့အဖမ်းခံမှုနဲ့ပတ်သက်လို့ မေ မှာ ဆန္ဒပြမှုတွေပြုလုပ်လို့ နှိမ်နင်းခံထားရတဲ့အတွက် သူ့ ပါတီအားနည်းနေတာမို့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိနိုင်ဘူးလို့ တချို့က ပြောဆိုနေကြပါတယ်။

ရွေးကောက်ပွဲက တရားမျှတမှုရှိမှာလား

သူ့ခေါင်းဆောင် အဖမ်းမခံရမီက PTI ဟာ လူကြိုက်များမှုမှာ အခြားပါတီတွေထက်သာနေပေမယ့် ကစားကွက်မလှဘူးလို့ ဇူဖလီ ဘူခါရီက ဝေဖန်ထားပါတယ်။

ဒါကို အခြားပါတီတွေကလည်း သဘောတူညီထားပါတယ်။

မေလ ၉ ရက်နေ့ အင်မရန်ခန်း ဖမ်းဆီးခံရပြီးတဲ့နောက် နိုင်ငံတဝန်းဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မေလ ၉ ရက်နေ့ အင်မရန်ခန်း ဖမ်းဆီးခံရပြီးတဲ့နောက် နိုင်ငံတဝန်းဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်

ရွေးကောက်ပွဲမတိုင်မီမှာ လူကြိုက်အများဆုံးနိုင်ငံရေးခေါင်းဆောင်ကို ထောင်ထဲထည့်ထားတယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အင်မရန်ခန်း ရဲ့ မဲအင်အားဘယ်လောက်ကြီးသလဲဆိုတာ တွေ့ရလိမ့်မယ်လို့ ဘူခါရီက ပြောပါတယ်။

၂၀၁၈ ရွေးကောက်ပွဲမတိုင်မီမှာ ရှာရစ်ဖ် အဖမ်းခံရတုန်းကလည်း ရှာရစ်ဖ်ရဲ့ ပါတီက အလားတူပြောဆိုခဲ့ဖူးပါတယ်။

ဒါကြောင့် နိုင်ငံရေးလေ့လာသူတွေက သမိုင်းဟာ တစ်ပတ်လည်တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ PTI ထက် PML-N အလှည့်ဖြစ်ပြီလို့ ဆိုပါတယ်။

အဓိက ပြဿနာက စီးပွားရေးဖြစ်ပြီး စီးပွားရေးအကျပ်ရိုက်တာနဲ့ပတ်သက်လို့ ပါတီနှစ်ခုဟာ တစ်ပါတီနဲ့ တစ်ပါတီ အပြစ်တင်နေကြပါတယ်။

မဲဆန္ဒရှင်တွေရဲ့စိတ်ထဲ မိုးလောက်မြင့်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်တွေသာရှိပါတယ်။

နာဝက် ရှာရစ်ဖ် ဟာ အရင်ကတည်း အာဏာရှိခဲ့ဖူးပြီး အရာရာကို ဘယ်လို ပြုပြင်ရမယ်ကို သိတယ်လို့ PML-N က ပြောဆိုထားပေမယ့် ရှာရစ်ဖ် ဘယ်လိုပြုပြင်မယ်ဆိုတာ မသိရသေးပါဘူး။

ပြီးတော့ ပါကစ္စတန်သားအများစုဟာ သူတို့နိုင်ငံရဲ့ ပုပ်ပွနေတဲ့ ဒီမိုကရေစီစနစ်ကြောင့် စိတ်ပျက်နေကြပါတယ်။ လူငယ်တွေဟာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်နေတာတွေကို မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုလာကြပါပြီ။

စစ်တပ်က နာဝက် ရှာရစ်ဖ်အပေါ် အားကိုးလို့ရပါ့မလား

ပါကစ္စတန်နိုင်ငံရေးမှာ အရေးပါတဲ့ကဏ္ဍကပါဝင်ပြီး အကြိမ်ကြိမ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်နဲ့ ရှာရစ်ဖ်တို့ကြားမှာလည်း အဆင်မပြေတဲ့သမိုင်းကြောင်းရှိခဲ့ပါတယ်။

ဒါတွေရှိနေပေမယ့်လည်း အခြားရွေးချယ်စရာမရှိတာကြောင့် စစ်တပ်ဟာ ရှာရစ်ဖ်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ ဆန္ဒရှိနေတာဖြစ်နိုင်တယ်လို့ ဝါဂျဟတ်တို့လို လေ့လာသူတွေက ယူဆနေကြပါတယ်။

ကနဦးမှာ စစ်တပ်က အင်မရန်ခန်းကို ပိုကောင်းတဲ့ ရွေးချယ်စရာ၊ စိတ်ချရတဲ့ အလောင်းအစားတစ်ခုလို့ တွေးခဲ့ပေမယ့် သူက စစ်တပ်ရဲ့ အာဏာပိုင်မှုကို စိန်ခေါ်လာတဲ့အခါ စစ်တပ်က သူ့ကို ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ် လို့ မာဆွတ်က ပြောပါတယ်။

“ဒီတစ်ကြိမ်မှာတော့ နာဝက် ရှာရစ်ဖ်အလှည့်ပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ် ၂၀၀၇ ခုနှစ်တုန်းက ရှာရစ်ဖ် နဲ့ အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတိုတို့ကို အတူတွေ့မြင်ရစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ ၁၆ နှစ် ၂၀၀၇ ခုနှစ်တုန်းက ရှာရစ်ဖ် နဲ့ အတိုက်အခံခေါင်းဆောင် ဘနာဇီယာ ဘူတိုတို့ကို အတူတွေ့မြင်ရစဉ်

ဝန်ကြီးချုပ်ဟောင်းဟာ လန်ဒန်မှာနေတုန်း စစ်တပ်ကို ဝေဖန်ခဲ့ပေမယ့် ရှာရစ်ဖ်နဲ့ စစ်တပ်တို့ကြား သဘောတူညီမှုရထားတယ်လို့ လေ့လာသူတွေက မှတ်ယူထားပါတယ်။

ရှာရစ်ဖ်ဟာ နိုင်ငံရေးနယ်ပယ်ဝင်ရောက်ခါစမှာ စစ်တပ်ရဲ့ ထုတ်ကုန်တစ်ခုလို့ မှတ်ယူခံခဲ့ရပြီး အင်မရန် ခန်းလိုပဲ ဝေဖန်မှုတွေကနေ ခုခံပြောဆိုခဲ့ရပါတယ်။

ရှာရစ်ဖ်ဟာ သူ့နိုင်ငံရေးသမားဘဝတစ်လျှောက်လုံး စစ်တပ်နဲ့ အဆင်မပြေခဲ့တာမို့ ဒီတစ်ကြိမ်မှာ ဘယ်လိုလုပ်မယ်ဆိုတာကို မှန်းဆမှုတွေရှိနေပါတယ်။

သူဟာ ‘ဟုတ်ကဲ့ ၊ ဆရာ’ လုပ်မယ့်သူတော့ မဟုတ်ဘူး လို့ လွှတ်တော်အမတ်ဟောင်း နာဒင်း အက်ဖ်ဇယ် ချန်းက ပြောပါတယ်။

“ဒါပေမဲ့ သူက အကန့်အသတ်ကိုသိတယ်၊ အကန့်အသတ်တွေကို ဘယ်အချိန်မှာ ကျော်ရမယ်၊ ဘယ်အချိန်မှာ လျစ်လျူရှုလိုက်ရမယ်ဆိုတာကို သိပါတယ်” လို့ အီမရန် ခန်း ဝန်ကြီးချုပ်ဖြစ်စဉ်က ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့တဲ့ ချန်းက ပြောပါတယ်။

ဒါပေမဲ့ တစ်ချိန်ချိန်မှာ ထိပ်တိုက်ဆုံတာရှိလာနိုင်ပြီး ဒီလိုဖြစ်ဖို့က အချိန်ပဲလိုတာပါလို့ ချန်းနဲ့ အခြားကျွမ်းကျင်သူတွေက မျှော်လင့်နေပါတယ်။

ရွေးကောက်ပွဲအတွက် နေ့ရက်သတ်မှတ်ပြီးပေမယ့် စီးပွားရေးမပြိုလဲအောင် လုပ်ဆောင်ရေးဟာ မဲဆွယ်စည်းရုံးမှုရဲ့ အဓိကအချက်ဖြစ်နေပါလိမ့်မယ်။