ဘန်ကောက်မြို့ခံတွေ အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားခံရနိုင် - မတ် ၁၂ ညနေခင်းသတင်းများ
ဘန်ကောက်မြို့က လေထုညစ်ညမ်းမှု အန္တရာယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ လက်တလော ဖုံးလွှမ်းနေတဲ့ လေထု ညစ်ညမ်းမှု အန္တရာယ်ရှိတဲ့ အဆင့်တွေဟာ မလျော့ကျဘူးဆိုရင် ဘန်ကောက်မြို့မှာ နေထိုင်သူတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားခံရနိုင်ပါတယ်။
ကလေးတွေနဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကိုတော့ အိမ်ထဲမှာပဲ နေကြဖို့ ညွှန်ကြားထားပြီး အပြင် ထွက်ကြသူတိုင်း နှာခေါင်းစည်း တပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံတဝန်းမှာ ဆေးရုံတင်ထားရသူပေါင်း ၂၀၀,၀၀၀ လောက် ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
မော်တော်ယာဥ်တွေက ထွက်လာတဲ့ အခိုးအငွေ့တွေ၊ စက်ရုံတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတွေနဲ့ မြို့ပြင်မှာရှိတဲ့ စိုက်ခင်းတွေကို မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူဟောင်းတွေ ပြန်လာပါတဲ့ တရုတ်နိုင်ငံရဲ့ အစိုးရသစ်
နှစ်စဥ်ကျင်းပနေကျ ကွန်ဂရက် ပါတီညီလာခံကနေ အတည်ပြုပေးလိုက်တဲ့ တရုတ်နိုင်ငံ အစိုးရသစ်အဖွဲ့ထဲမှာ အဓိက စီးပွားရေး ကဏ္ဍနှစ်နေရာကို တရုတ် သမ္မတ ရှီကျင့်ဖျင်က မမျှော်လင့်ပဲ လူဟောင်းတွေကိုပဲ ဆက်ပေးလိုက်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးအတွက် လူကွန်က ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်သလို တရုတ်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌနေရာကိုလည်း ယီကျန်းက ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ တရားဝင် ပင်စင်ယူရမယ့် အသက်အရွယ် ၆၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ၊ နှေးကွေးလာနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ အနာဂတ်မှာ ရင်ဆိုင်ရနိုင်တဲ့ စီးပွားရေး ခရီးကြမ်းအတွက် သူတို့ရဲ့ အတွေ့အကြုံတွေကို လိုအပ်လို့ ဒီရာထူးတာဝန်တွေ ဆက်လက်ထမ်းဆောင်နေတာ ဖြစ်မယ်လို့လည်း လေ့လာသုံးသပ်သူတွေက ယူဆနေကြပါတယ်။
တရုတ်နိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ လက်ထောက် ဝန်ကြီးချုပ် နေရာတွေအတွက်လည်း မစ္စတာ ရှီရဲ့ မဟာမိတ်တွေကို ခန့်အပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆော်ဒီရေနံကုမ္ပဏီ စံချိန်တင် အမြတ်ရ
ဆော်ဒီအစိုးရပိုင် ရေနံကုမ္ပဏီ အာရမ်ကို (Aramco) ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ ၁၆ဝ ဘီလျံကျော် စံချိန်တင် အကျိုးအမြတ်ရခဲ့တယ်လို့ ကြေညာပါတယ်။
ဒါဟာ ၂ဝ၂၁ ခုနှစ်ကထက် ၅ဝ ရာခိုင်နှုန်းနီးပါး ခုန်တက်သွားတာ ဖြစ်ပါတယ်။
ရေနံစိမ်းစျေးနှုန်းတွေ မြင့်တက်လာမှုကြောင့် အခုလို အမြတ်အစွန်းတွေ ပိုရခဲ့တာ ဖြစ်တယ်လို့ အာရမ်ကို (Aramco) ကုမ္ပဏီဘက်က ပြောပါတယ်။
ဒါဟာ ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်စစ်နောက်ပိုင်း စွမ်းအင်စျေးနှုန်းတွေ ခုန်တက်ခဲ့မှုကြောင့် နှစ်စဥ် အကျိုးအမြတ်တွေ အများအပြား ရရှိခဲ့တယ်လို့ ကြေညာခဲ့တဲ့ အခုနောက်ဆုံး ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ရေနံကုမ္ပဏီကြီး အိတ်ခ်ဇွန် မိုဘေ (Exxon Mobil) ကလည်း ဒေါ်လာ ၅၅ ဘီလျံ ကျော် အကျိုးအမြတ်ရခဲ့ပြီး ဗြိတိသျှ ကုမ္ပဏီ ရှဲလ် (Shell) ရဲ့ ဝင်ငွေတွေဟာလည်း ၄၀ ဘီလျံနီးပါး ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်ရဲ့ ရေနံပို့ကုန်လုပ်ငန်း စံချိန်တင် မြင့်တက်
၂ဝ၁၈ ခုနှစ်က အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးတဲ့နောက်ပိုင်း သူတို့ရဲ့ ရေနံတင်ပို့မှုဟာ အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကနဲ့ နှိုင်းယှဥ်ရင် ပြီးခဲ့တဲ့ နှစ်က ရေနံတင်ပို့မှုဟာ ရေနံစည်ပိုင်းပေါင်း သန်း ၈ဝ ကျော် မြင့်တက်ခဲ့တယ်လို့ အီရန် စွမ်းအင် ဝန်ကြီးက ပြောပါတယ်။
အခုလို မြင့်တက်တာဟာ တရုတ်နိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို တင်ပို့မှု ပိုများလာလို့ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
၂ဝ၁၅ နျူးကလီးယား သဘောတူ စာချုပ်ကနေ အမေရိကန် နုတ်ထွက်ပြီး အရေးယူပိတ်ဆို့မှုတွေ ပြန်လည် ချမှတ်လိုက်ပြီးနောက်ပိုင်း အီရန်နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်း ဝင်ငွေတွေဟာ သိသိသာသာ ထိခိုက်ခဲ့ပါတယ်။








