အသက်ကြီးသူတွေ အများဆုံးနိုင်ငံများ-အသက်ကြီးသူတွေ တိုးလာတဲ့အရေး ဖြေရှင်းနေတဲ့ နည်းငါးသွယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ပီထရာ ဇီဗစ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှား
ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားတဲ့နှုန်း စံချိန်တင်လျော့နည်းလာပြီး အသက်ကြီးသူ ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်လာနေတဲ့ကိစ္စဟာ ချက်ခြင်း အလျင်အမြန် ဖြေရှင်းရမယ့် ကိစ္စတစ်ခုလို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
အသက်ကြီးသူတွေများလာနေတဲ့ နိုင်ငံက ဂျပန်နိုင်ငံ တစ်ခုတည်းတင် မဟုတ်သလို တခြားနိုင်ငံတွေမှာလည်း အသက်ကြီးသူ တိုးလာတဲ့နှုန်း အလျင်အမြန်တက်လာတဲ့အတွက် ကလေးမွေးဖွားနှုန်းတွေ မြင့်တက်လာဖို့ ကြိုးစား လုပ်ဆောင်နေကြပါတယ်။
ဆယ်စုနှစ် ခြောက်ခုကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံရဲ့ လူဦးရေ သိသိသာသာကျဆင်းသွားတယ်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ဂျပန် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကလည်း သူတို့နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း ကျဆင်းတဲ့ကိစ္စ၊ သက်ကြီးရွယ်အိုတွေ တိုးတဲ့ကိစ္စဟာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်လာနေပြီလို့ မကြာခင်က သတိပေးခဲ့ပါတယ်။
"ဂျပန်နိုင်ငံရဲ့အခြေအနေက ပုံမှန်လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခု ထိခိုက် ပြိုလဲနိုင်တဲ့ အခြေအနေကို ရောက်နေပြီ" လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း စံချိန်သစ်တင်ပြီး ကျဆင်းလာတာကြောင့် တိုကျိုမြို့က တာဝန်ရှိသူတွေက ကလေးပိုမွေးကြဖို့ တိုက်တွန်းအားပေးတာတွေ လုပ်ဆောင်နေပြီး ကလေးသူငယ်ဆိုင်ရာ လုပ်ဆောင်မှုအစီအစဥ် တွေ အတွက်လည်း ငွေနှစ်ဆပိုသုံးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကလေးမွေးနှုန်းကျပြီး အသက်ကြီးတဲ့သူတွေ တိုးလာတဲ့ကိစ္စက ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်တို့ပဲ ရင်ဆိုင်နေရတာမဟုတ်ဘဲ တခြားနိုင်ငံတွေလည်း ရင်ဆိုင်နေရတဲ့အတွက် အဲဒီနိုင်ငံတွေမှာ ကလေးမွေးနှုန်းတွေတက်ဖို့ ကြိုးစားနေကြပါတယ်။
မီးဖွားခွင့် ရက်ရှည်

ဓာတ်ပုံ ရင်းမြစ်, Boryana Andreeva Gramatikova
ဘူလ်ဂေးရီးယားနိုင်ငံက အသက် ၃၃ နှစ် ဘော်ယာနာ အန်ဒရီဗာ ဂရာမာတီဗာ သူ့သားကို မီးဖွားဖို့ မီးဖွားခွင့် ၁၂လ လစာ အပြည့်နီးပါး ခံစားခွင့်ရခဲ့ပါတယ်။
"မီးဖွားခွင့်ယူတဲ့ ပထမနှစ်မှာ လစာရဲ့ ၉၀ရာခိုင်နှုန်းကိုရပြီး ဒုတိယနှစ်မှာ အစိုးရ ကသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ ရတယ်" လို့ ဘီဘီစီကို သူက ပြောပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံမှာ အသက် ၆၅ နှစ်အထက် လူဦးရေက ၂၂ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ဥရောပသမဂ္ဂထဲက နိုင်ငံတွေထဲမှာ အသက်ကြီးသူ လူဦးရေ အများဆုံးနိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒါကြောင့် ကလေးမွေးတာကို အားပေးတဲ့အနေနဲ့ ဘူလ်ဂေးရီးယားနိုင်ငံက ကမ္ဘာပေါ်မှာ လစာအပြည့်နဲ့ မီးဖွားခွင့်အကြာဆုံးပေးတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတစ်ဝက်ကပဲ မီးဖွားမယ့်မိခင်တွေအတွက် လစာအပြည့်ခွင့် အနည်းဆုံး ခြောက်လ ပေးကြတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်တဲ့ အစီရင်ခံ စာတစ်စောင်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လစာအပြည်နဲ့ မီးဖွားခွင့် သီတင်းပတ် ၈၅ ပတ်ပေးတဲ့ အက်စ်တိုးနီးယားနိုင်ငံက မီးဖွားခွင့် ခွင့်ရက်အများ ဆုံးပေးထားတဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ မီးဖွားသူတွေကို အစိုးရက လစာပေးတဲ့ မူဝါဒ မရှိပါဘူး။
"ကလေးကို ပြုစုစောင့်ရှောက်ဖို့ ၂ နှစ်နီးပါး အလုပ်ကနားခွင့်ရတာဆိုတော့ ကလေးကို အန္တာရယ်ကင်းကင်း ကောင်းကောင်းစောင့်ရှောက် ပြုစုလို့ ရတာပေါ့" လို့ ဂရာမာတီကိုဗာက ပြောပါတယ်။
"ကလေးနဲ့ နှောင်ဖွဲ့ဖို့ အခွင့်အရေးရသလို ကလေးဖျားနေရင်လည်း သူ့ကို ကောင်းကောင်း ပြုစုနိုင်တယ်။ အလုပ်ဆင်းစရာမလိုဘဲ ခွင့်ရထားတော့လည်း စိတ်အေးလက်အေးနဲ့ ကလေးနဲ့ အတူတူနေနိုင်တယ်။ "
ဒါပေမယ့် ဒီလို စီမံချက်ကောင်းတွေချထားပေမဲ့လည်း ၂၀၅၀ ပြည့်နှစ် ကျရင် ဘူလ်ဂေးရီးယားနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီထက်ပိုပြီး လျော့ကျသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
လစာအပြည့်နဲ့ မီးဖွားခွင့်တွေ ပေးထားပေမဲ့လည်း တခြားရင်ဆိုင်ရမယ့် ပြဿနာတွေ အများကြီး ရှိနေသေးတဲ့အတွက် ဘူလ်ဂေးရီးယားနိုင်ငံက လူအများစုက ကလေးမွေးဖို့အတွက် အဆင်မပြေကြသေးပါဘူး။
"တခြားပြဿနာတွေ အများကြီးရှိနေသေးတယ်။ ကျွမ်းကျင်တဲ့ ကလေးထိန်း ကောင်းကောင်းမရှိတာ၊ လစာနည်းတာ၊ ငွေကြေးဖောင်းပွတာ၊ အိမ်ခြံမြေစျေး နှုန်းမြင့်မားတာ၊ အမျိုးသားနဲ့ အမျိုးသမီးကြား လစာကွာဟချက်ကြီးမားတာတွေ" ရှိနေသေးတယ်"လို့ ဂရာမာတီကိုဗာက ပြောပါတယ်။
ငယ်ရွယ်တဲ့မိခင်တွေအတွက် ကြီးမားတဲ့ ပေးဆပ်မှုများ
ဘူလ်ဂေးရီးယားနိုင်ငံက သူတို့နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း နိမ့်ကျနေမှုကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့အလားတူ တောင်ကိုရီးယားနိုင်ငံကလည်း မတူညီတဲ့ ဖြေရှင်း နည်းတစ်ခုအနေနဲ့ ငွေအထောက်အပံ့တွေပေးပြီး လုပ်ဆောင်နေပါတယ်။
ဒီနှစ်ကစပြီး မွေးကင်းစကလေးရှိတဲ့ မိသားစုတိုင်းကို လစဉ်ထောက်ပံ့ကြေး ပေါင် ၇၄၅ (အမေရိကန်ဒေါ်လာ တစ်ထောင်နီးပါး) ခံစားခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငွေတွေအများကြီး ထောက်ပံ့ရတဲ့ အကြောင်းရင်းတွေကတော့ ရှင်းပါတယ်။
၂ နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံက လူငါးဦးမှာ တစ်ဦးက အသက် ၆၅ နှစ် အထက်ဖြစ်လာမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း နိုင်ငံပေါင်းစုံ အမျိုးသား စာရင်းအင်းအေဂျင်စီက ထုတ်ပြန်ထားပါတယ်။
တခြားနိုင်ငံအများစုလိုပဲ တောင်ကိုရီးယားနိုင်ငံဟာလည်း သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးနဲ့ လူမှုရေးစနစ်တွေနဲ့ ပတ်သက်ပြီး ရုန်းကန်နေရတဲ့ကြားက ၂၀၂၂ခုနှစ် မှာ ကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတစ်ခုဖြစ်လာတဲ့အချက်က အခက်အခဲ တွေ ပိုကြီးမားလာစေပါတယ်။
အဲ့ဒါကြောင့် တောင်ကိုရီးယားအစိုးရက ကလေးထောက်ပံ့ကြေးလို့ ခေါ်တဲ့ ထောက်ပံ့ကြေးကို သုံးဆတိုး ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ် ထောက်ပံ့ကြေးကို အပြည့်ပေးပြီး ကလေးတစ်နှစ်ပြည့်ပြီးသွားရင်တော့ ထောက်ပံ့ကြေးပမာဏ ထက်ဝက် လျှော့ချလိုက်ပါတယ်။ နောက်နှစ်တွေဆိုရင်လည်း အဲဒီအတိုင်း ဆက်ပေးသွားပါတယ်။
အဲ့ဒီလို ထောက်ပံ့ကြေးပေးတာတွေကနေ တောင်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ တိုးတက်လာမှုအပေါ် သိသိသာသာ အကျိုးသက်ရောက်လာမယ်လို့ မူဝါဒချမှတ်သူတွေက မျှော်လင့်ထားကြပါတယ်။
"အနှစ် ၂၀ အတွင်းမှာ တောင်ကိုရီးယားက ဂျပန်ကိုကျော်ပြီး ကမ္ဘာ့အသက်ကြီးသူ အများဆုံးဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားတယ်" လို့ ကျန်းမာရေးနဲ့ လူမှုရေးရာ ကိုရီးယားအင်စတီကျု က သုတေသီ လီဆန်ရင်းက 2022 ခုနှစ်တုန်းက ဘီဘီစီကိုရီးယားဌာနကို ပြောပါတယ်။
အသက်ကြီးသူတွေကို စောင့်ရှောက်မယ့် စက်ရုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နည်းပညာနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ ဂျပန်နိုင်ငံအနေနဲ့ သူတို့နိုင်ငံက သက်ကြီး ရွယ်အိုတွေများလာတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းတာမှာ စက်ရုပ်တွေရဲ့ အကူအညီယူမယ်ဆိုတာကတော့ အံ့သြစရာကိစ္စမဟုတ်ပါဘူး။
ဂျပန်နိုင်ငံမှာ အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုများလာတဲ့ကိစ္စဟာ ဂျပန်စီးပွားရေးကို နှေးကွေးအောင် စလုပ်နေပြီလို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဂျပန်အစိုးရဟာ ကလေးသူငယ်ဆိုင်ရာ မူဝါဒတွေမှာ ဘတ်ဂျက်နှစ်ဆတိုးပေးတာ၊ သက်ကြီးရွယ်အိုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရအေဂျင်စီအသစ်တစ်ခု တည်ထောင်တာတွေ စီစဉ်ခဲ့တဲ့အပြင် သက်ကြီးရွယ်အိုတွေ နေထိုင်မှု ပိုမိုလွယ်ကူစေဖို့ အကူအညီပေးမယ့် စက်ရုပ်တွေထုတ်လုပ်တာမှာလည်း ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေပါတယ်။
ဂျပန်အစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ ဂျပန်ကုမ္ပဏီတွေက အသက်ကြီးသူတွေကို ပြုစုစောင့်ရှောက်သူတွေကို အကူအညီပေးဖို့ ခွေးစက်ရုပ်တွေနဲ့ အမွေးပွဖျံစက်ရုပ်တွေ ထုတ်လုပ်တဲ့ကိစ္စမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။
အဲ့ဒီစက်ရုပ်တွေကို သက်ကြီးရွယ်အိုတွေကို စောင့်ကြည့်တာ၊ စကားစမြည်ပြော ဆိုတာနဲ့ လှုပ်ရှားမှုတွေလုပ်တာမှာ အထောက်အကူပြုနိင်ဖို့ အတွက် တီထွင်ထုတ် လုပ်ထားတာ ဖြစ်ပါတယ်။
တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ပြောင်းလဲလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်အစိုးရဟာ သူတို့နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ တစ်အိမ်ထောင် ကလေး တစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ မူဝါဒကို ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး အိမ်ထောင်သည်တွေ ကလေးနှစ်ဦး မွေးခွင့်ခွင့်ပြုလိုက်ပြီးနောက် အခွန်လျှော့ပေါ့ပေးတာ၊ ပိုမိုကောင်းမွန်တဲ့ မိခင်နဲ့ကလေး ကျန်းမာရေး စောင့်ရှောက်မှုတွေကိုပါ ပေးအပ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလက တရုတ်သမ္မတ ရှီကျင့်ဖျင်က ကလေးမွေးဖွားနှုန်း မြှင့်တင် တဲ့ကိစ္စကို ဦးစားပေးလုပ်ဆောင်ခဲ့ပေမဲ့ ကလေးတွေ ပြုစုပျိုးထောင်တဲ့ကိစ္စက ကလေးမွေးနှုန်းနည်းနေတဲ့ကိစ္စထက် ပိုခက်ခဲတယ်ဆိုတဲ့ အချက်ကလည်း တဖက်မှာ ရှိနေပါတယ်။
၂၀၂၃ ခုနှစ် ထဲမှာ ဆယ်စုနှစ် ခြောက်ခု အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံလူဦးရေ ကျဆင်းခဲ့ပြီး လူတစ်ထောင်မှာ ၆.၇၇ မွေးဖွားနှုန်းပဲရှိတာ တွေ့ရပါတယ်။
အသက်ကြီးတဲ့သူများလာတဲ့ကိစ္စကို တုံ့ပြန်လုပ်ဆောင်ဖို့အတွက် သူတို့ တရုတ် အစိုးရအနေနဲ့ တက်ကြွတဲ့ အမျိုးသားရေးမဟာဗျူဟာကို အကောင်အထည် ဖော်လုပ်ဆောင်မယ်လို့ ရှီကျင့်ဖျင်က ကတိပြုထားပါတယ်။
ဒါပေမယ့် အနာဂတ်အခြေအနေကတော့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ကုလသမဂ္ဂကလည်း ဒီရာစုနှစ်ထဲမှာ အသက် ၁၅ နှစ်က ၆၄ နှစ်ကြား တရုတ် လူဦးရေ ၆၀ ရာခိုင်နှုန်းကျော် အထိ ကျဆင်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အသက်ကြီးသူတွေ များလာပြီး အလုပ်လုပ်နိုင်သူအင်အားတွေ လျော့နည်းသွားတဲ့ကိစ္စက တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ စီးပွားရေးကို ထိခိုက်လာစေနိုင်ပြီး လုပ်အားတွေ လျော့နည်း နှေးကွေးသွားတဲ့အချက်ကလည်း တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုတွေရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အသက်ကြီးတဲ့အထိ ပညာသင်ခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်ကာပူနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အို လူဦးရေ အလျင်အမြန် တိုးလာနေတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။
သက်ကြီးရွယ်အိုတွေ များလာပြီး လုပ်သားအင်အားတွေလျော့လာတဲ့ စိန်ခေါ်မှုကို တွန်းလှန်တဲ့ကိစ္စမှာ အကူအညီရဖို့ စင်ကာပူအစိုးရက တစ်သက်တာပညာ သင်ယူမှု အစပျိုးတဲ့ ကိစ္စတွေအတွက် ရင်းနှီးမြှုပ်နှံနေပါတယ်။
တချို့တက္ကသိုလ်တွေက ဘွဲ့ရပြီးချိန်ကပြီး နောက် အနှစ် ၂၀ အထိ သူတို့ ကျောင်းသားဟောင်းတွေအတွက် ရွေးချယ် သတ်မှတ်ထားတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ သင်တန်းတွေ ဖွင့်ပေးထားပြီး တချို့ တက္ကသိုလ်တွေမှာလည်း သူတို့ကျောင်းသား ဟောင်းတွေ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ တက်နိုင်ဖို့ အတွက် အခကြေး ငွေတွေ စိုက်ထုတ်ပေးနေတယ်ဆိုတာ ကမ္ဘာ့ဘဏ်ကတဆင့် သိရပါတယ်။
စင်ကာပူနိုင်ငံသားတွေအနေနဲ့ သူတို့ မသေဆုံးခင် နောက်ဆုံးအချိန်အထိ လစဉ် ထောက်ပံ့ကြေးတွေ ရရှိသွားမှာဖြစ်ပြီး အဲ့ဒီလိုထောက်ပံ့ကြေးရတဲ့ ပင်စင်စားတွေလည်း သူတို့ရဲ့ အငြိမ်းစားလစာထဲက မလောက် မငထုတ်ယူ သုံးစွဲနေရတာ တွေ လည်း လျော့ပါး သက်သာသွားမှာ ဖြစ်ပါတယ်။
'ခင်ဗျားအသက် ဘယ်လောက်အထိပဲ နေရနေရ စိတ်ပူစရာ မလိုဘူး' လို့ အစိုးရက ပြောပါတယ်။
ထောက်ပံ့ကြေးက ပေးမယ့်လူရဲ့ အကောင့်ထဲကို သွားမှာဖြစ်တဲ့အတွက် ထောက်ပံ့ ကြေးရတဲ့သူကလည်း မဖြစ်မနေလေ့လာ သင်ယူမှု တွေလုပ်ရမှာဖြစ် သလို အာမခံထားတဲ့သူ အသက်ရှိနေသေးသရွေ့ လစဥ် ထောက်ပံ့ကြေးရရှိမှာ ဖြစ်ပါတယ်။








