အိုပက်က ရေနံဈေးကျအောင် ဘာကြောင့်မလုပ်သလဲ

Petrol pump nozzle and euro notes

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာတဝန်းမှာ ရေနံစိမ်းဈေးတွေ မြင့်တက်နေတာကို လျှော့ချနိုင်ဖို့ အတွက် မေလ ၅ ရက်နေ့မှာ ကမ္ဘာ့ ရေနံထုတ်လုပ် တင်ပို့သူတွေ တွေ့ဆုံကြမှာပါ။

ရေနံစိမ်း ဈေးတွေဟာ ၈ နှစ်အတွင်းမှာ အမြင့်ဆုံးကို တက်လာခဲ့တာကြောင့် ရေနံတင်သွင်းနေရတဲ့ နိုင်ငံတွေက ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေ ဖြစ်ကြတဲ့ Opec+ အဖွဲ့ကို ဈေးတွေ လျှော့ဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမယ့် အဲဒီ Opec+ အဖွဲ့က ဦးဆောင်နိုင်ငံတွေကတော့ အကူအညီပေးဖို့ သိပ်ပြီး အလျင်တလို မရှိကြပါဘူး။

Opec+ ဆိုတာ ဘာလဲ

အာတိတ်ဒေသကရုရှားရေနံစင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာတိတ်ဒေသကရုရှားရေနံစင်

Opec+ ဆိုတာ ကမ္ဘာတဝန်းက ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံ ၂၃ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ဖြစ်ပြီး ဗီယင်နာ မြို့တော်မှာ တလတကြိမ် တွေ့ဆုံပြီး ကမ္ဘာ့ရေနံစိမ်း ဈေးကွက်မှာ ဘယ်ဈေးနဲ့ ဘယ်လောက် တင်ပို့ရောင်းချမယ်ဆိုတာကို ဆွေးနွေးဆုံးဖြတ်လေ့ ရှိကြပါတယ်။

အဲဒီအဖွဲ့ထဲမှာ အိုပက် ( Opec ) ခေါ် ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံက အဓိက ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေ အများစုဖြစ်ပြီး ၁၉၆၀ပြည့် နှစ်တွေအတွင်းမှာ ကမ္ဘာပေါ်က ရေနံထုတ်လုပ်မှုနဲ့ ဈေးတွေကို ထိန်းညှိဖို့ ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိကာလမှာ အိုပက်နိုင်ငံတွေက ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို ထုတ်လုပ် ရောင်းချနေတာ ဖြစ်ပြီး တနေ့ကို ရေနံစိမ်းစည်ပေါင်း ၂၈ သန်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီ အိုပက်အဖွဲ့ ထဲမှာ ရေနံအများဆုံး ထုတ်လုပ်သူက ဆော်ဒီအာရေဗျ နိုင်ငံဖြစ်ပြီး သူတနိုင်ငံတည်းက တနေ့ကို ရေနံစိမ်းစည်ပေါင်း ၁၀ သန်းကျော် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ရေနံဈေးတွေ သိသိသာသာ ထိုးကျခဲ့တာကြောင့် အိုပက် အဖွဲ့ဟာ အဖွဲ့၀င်မဟုတ်တဲ့ တခြားရေနံ ထုတ်လုပ်တင်ပို့ ရောင်းချတဲ့ နိုင်ငံ ၁၀ နိုင်ငံနဲ့ ပေါင်းကာ Opec+ အဖွဲ့ကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံကတော့ ရုရှားဖြစ်ပြီး တနေ့ကို ရေနံစည်ပေါင်း ၁၀ ကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အဲဒီ နိုင်ငံတွေအားလုံးရဲ့ ထုတ်လုပ်မှုတွေကတော့ ကမ္ဘာ့ ရေနံစိမ်း ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

Opec+ အဖွဲ့က ကမ္ဘာ့ဈေးကွက်ကို လိုသလို ထိန်းညှိပြီး ထုတ်လုပ်ရောင်းချနေတာ ဖြစ်တယ်လို့ Energy Institute က Kate Dourian က ပြောပါတယ်။

ရေနံစိမ်း ဝယ်လိုအား ကျလာပြီဆို သူတို့အဖွဲ့က ထုတ်လုပ်မှုတွေ လျှော့ချပစ်ပြီး ဈေးမကျအောင် ထိန်းကြတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း သူတို့အဖွဲ့က ပိုမိုထုတ်လုပ်ပြီး ရေနံဈေးတွေ ကျအောင် လုပ်လို့လည်း ရပါတယ်။ အမေရိကန်နဲ့ ဗြိတိန်လို ရေနံ အဓိက တင်သွင်းသူတွေကလည်း အဲဒီလို လုပ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ရေနံဈေးတွေ ဘာလို့ တက်သွားခဲ့သလဲ

ပြီးခဲ့တဲ့ ၂၀၂၀ နွေဦးရာသီ အတွင်း ကမ္ဘာတဝန်းမှာ ကိုဗစ် ရောဂါ ပျံ့နှံ့ ကူးစက်သွားခဲ့ပြီး နိုင်ငံအတော်များများ လော့ခ်ဒေါင်းတွေ ချခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် ရေနံစိမ်း ဝယ်လိုအားကျပြီး ဈေးတွေထိုးကျသွားခဲ့ပါတယ်။

အဲဒီတုန်းက ရေနံထုတ်လုပ်သူတွေက သူတို့ ထုတ်လုပ်နေတဲ့ ရေနံစိမ်းတွေ ထားစရာ မရှိတော့တာကြောင့် လက်ဝယ်ရှိနေတဲ့ ရေနံတွေကို ယူကြဖို့ ဝယ်သူတွေကို ငွေပြန်ပေးပြီး ထိုးရတဲ့ အဖြစ်ကို ရောက်ခဲ့တယ်လို့ Ms Dourian က ဆိုပါတယ်။

အဲဒီနောက်ပိုင်းမျာတော့ Opec+ က နိုင်ငံတွေလည်း ရေနံဈေးတွေ ပြန်တက်လာစေဖို့အတွက် ရေနံစိမ်းထုတ်လုပ်မှုကို တရက်ကို စည် ၁၀ သန်း လျှော့ချပစ်ဖို့ သဘောတူခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လ အတွင်းမှာ ရေနံစိမ်း ဝယ်လိုအား ပြန်တက်လာခဲ့ပြီးနောက်မှာ Opec+ အဖွဲ့က တလချင်းစီ ထုတ်လုပ်မှုကို တိုးလာခဲ့ရာမှာ ကမ္ဘာ့ဈေးကွက်အတွင်း တနေ့ကို စည်ပေါင်း ၄၀၀၀၀၀ အထိ ထပ်တိုးရောင်းချပေးခဲ့ကြပါတယ်။

အခုဆိုရင်တော့ ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေဦးရာသီနဲ့ နှိုင်းရင် တနေ့ကို စည်ပေါင်း ၂ သန်းခွဲပဲ လျေ့ာပါတော့တယ်။

ဒါပေမယ့် ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ ရေနံစိမ်း ဈေးက တစည်ကို အမေရိကန် ဒေါ်လာ ၁၀၀ ကျော်အထိ တက်လာခဲ့ပါတယ်။ အဲဒါကြောင့် ဓာတ်ဆီဈေးတွေကလည်း သိသိသာသာကြီးကို တက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ မေလ အတွင်းမှာ Opec+ က တနေ့ကို စည်ပေါင်း ၁၀ သန်းပဲ ထုတ်လုပ်သွားဖို့ လုပ်ခဲ့တယ်။ ဒါဟာ တော်တော်ကို လျှော့ချပစ်လိုက်တာဖြစ်တယ်လို့ Argus Media က စီးပွားရေး ပညာရှင် David Fyfe က ပြောပါတယ်။

အခု သူတို့က ထုတ်လုပ်မှုကို ခပ်ဖြည်းဖြည်း တိုးထုပ်လုပ် လာနေပေမယ့် ရုရှား-ယူကရိန်းစစ်ကြောင့် ကြုံလာတဲ့ သက်ရောက်မှုတွေကို မကာမိသေးဘူးလို့ ဆိုပါတယ်။

Mr Fyfe က ရေနံဝယ်ယူသူတွေကလည်း အီးယူ နိုင်ငံတွေက အမေရိကန် ပြည်ထောင်စုအတိုင်း လိုက်ပြီး ရုရှားက ရေနံ တင်သွင်းမှုတွေကို ပိတ်ပင်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံတွေက ရုရှားဆီကနေ တနေ့ကို ရေနံစိမ်းစည်ပေါင်း နှစ်သန်းခွဲကျော် တင်သွင်းနေကြတာ ဖြစ်ပါတယ်။

ရုရှားရေနံတင်သွင်းမှုတွေကို ပိတ်မလားဆိုတဲ့ စိုးရိမ်မှုကြောင့်လည်း ဈေးတွေတက်လာရတယ်လို့ သူကဆိုပါတယ်။ အဲဒီလို လုပ်လိုက်ရင် ရေနံတင်သွင်းမှုတွေကို တော်တော်ကို အကျပ်အတည်း ဖြစ်သွားနိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ရေနံတိုးထုတ်ဖို့ အိုပက်နိုင်ငံတွေကို ယူကေဝန်ကြီးချုပ် မစည်းရုံးနိုင်

ဓာတ်ပုံ ရင်းမြစ်, Gertty Images

ဓာတ်ပုံ ပုံစာ, ရေနံတိုးထုတ်ဖို့ အိုပက်နိုင်ငံတွေကို ယူကေဝန်ကြီးချုပ် မစည်းရုံးနိုင်

Opec+ ဘာကြောင့် ထုတ်လုပ်မှု မတိုးသလဲ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒဲန်က ဆော်ဒီအာရေဗျကို ရေနံထုတ်လုပ်မှုတွေ တိုးမြှင့်ဖို့ အကြိမ်ကြိမ် တိုက်တွန်းနေပေမယ့် ခုထက်ထိ ဖြစ်မလာသေးပါဘူး။

ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်ကလည်း ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို ကိုယ်တိုင်သွားရောက်ပြီး ထုတ်လုပ်မှု တိုးဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

ဆော်ဒီနဲ့ ယူအေအီးတို့မှာ အရံ ရေနံတွေ ရှိနေပေမယ့် ထုတ်လုပ်မှု တိုးမြှင့်ဖို့ကို ငြင်းဆိုနေကြပါတယ်။ အကြောင်းက သူတို့ဟာ အနောက်အုပ်စုက သြဇာပေးတာကို မခံလိုတဲ့ အတွက်ဖြစ်တယ်လို့ Kate Dourian က ပြောပါတယ်။

သူတို့က ဝယ်လိုအားနဲ့ ထုတ်လုပ်မှု အကြား ကွာဟချက်က ကျဉ်းမြောင်းလာနေပြီ ဒီနေ့ဈေးနှုန်းတွေ မြင့်တက်နေရတာဟာ ဝယ်သူတွေ ဘက်က စိုးရိမ်မှုတွေကို ရောင်ပြန်ဟတ်နေတာသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

တခြား Opec+ အဖွဲ့ဝင် နိုင်ငံတွေမှာလည်း ထုတ်လုပ်မှုတွေ တိုးဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း နိုင်ဂျီးရီးယားနဲ့ အန်ဂိုလာလို နိုင်ငံတွေမှာ သူတို့ ထုတ်လုပ်ဖို့ ချမှတ်ထားတဲ့ တနေ့ကို စည်ပေါင်း ၁ သန်း ပြည့်အောင်တောင် ထုတ်လုပ်နိုင်တာမျိုး မရှိကြောင်း David Fyfe က ပြောပါတယ်။

ကပ်ရောဂါ ကာလတွေအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းသွားတယ်၊ အဲဒီအထဲမှာ ရေနံတူးဖော်ရေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာဆို ကောင်းကောင်း မထိန်းသိမ်းထားနိုင်ဘူး၊ အခုမှ သတ်မှတ်ထားသလောက် မထုတ်လုပ်နိုင်ဘူးဆိုတာကို သူတို့တွေ သိလာကြတာလို့ ပြောပါတယ်။

ရုရှားသမ္မတနဲ့ အိုပက်အတွင်းရေးမှူး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားသမ္မတနဲ့ အိုပက်အတွင်းရေးမှူး

ရုရှားရပ်တည်ချက်က ဘာလဲ

ရုရှားဟာ Opec+ အဖွဲ့ထဲမှာ ရေနံအများဆုံး ထုတ်လုပ်တဲ့ နှစ်နိုင်ငံထဲက တနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ကလည်း ရုရှားရဲ့ ဆန္ဒကို အလေးထားရပါတယ်။

ရုရှားဘက်က လက်ရှိရနေတဲ့ ရေနံဈေး အတွက် ကျေနပ်ပါတယ်။ ဈေးချပေးလို့ လည်း သူတို့အတွက် ဘာအကျိုးမှ မရှိဘူးလေလို့ Crystol Energy ရဲ့ အမှုဆောင် အရာရှိချုပ် Carole Nakhle က ပြောပါတယ်။

အိုပက်ကလည်း ရုရှားနဲ့ ဆက်ဆံရေး ကောင်းနေတာကို ဆက်ထိန်းထားချင်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်က သဘောတူထားတဲ့ အတိုင်းပဲ ဆက်လုပ်နေကြမယ့် သဘောရှိပါတယ်။ လာမယ့် စက်တင်ဘာလအထိ ရေနံစိမ်း ထုတ်လုပ်မှုတွေကို ခပ်မှန်မှန်လေးပဲ တိုးသွားပါလိမ့်မယ်လို့ Carole Nakhle က ပြောပါတယ်။