အာဖဂန်နစ္စတန်- IS-K အဖွဲ့ပေါ်ပေါက်ရေးစီစဉ်နေသူကို ဒရုန်းသုံး ချေမှုန်းနိုင်ခဲ့ဟု အမေရိကန်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန်နစ္စတန်နိုင်ငံထဲ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(IS)ရဲ့ အဖွဲ့ခွဲ IS-K ဆိုတဲ့အဖွဲ့ပေါ်လာအောင် စီစဉ်နေသူတစ်ဦးကို မောင်းသူမဲ့လေယာဉ်သုံးပြီး ချေမှုန်းနိုင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောလာပါတယ်။
IS-K အဖွဲ့ဝင်လို့ ယူဆရတဲ့အဲဒီလူကို နိုင်ငံအရှေ့ပိုင်းက နန်ဂဟာပြည်နယ်ထဲမှာ ပစ်မှတ်ထား ချေမှုန်းခဲ့တာလို့ ဆိုပါတယ်။
IS-K အဖွဲ့ကတော့ ကြာသပတေးနေ့တုန်းက ကာဘူးလ်မြို့လေဆိပ်အပြင်ဘက်နားမှာ ဖြစ်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာဆိုပြီးပြောထားပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်သား ၁၃ ဦးအပါအဝင် လူ ၁၇၀ ဦးနီးပါးအထိ အသက်ဆုံးပါးနိုင်ချေရှိနေ ပါတယ်။
ဟာမစ်ကာဇိုင်းလေဆိပ်မှာတော့ နိုင်ငံထဲက ထွက်လိုသူတွေကို အစုလိုက်အပြုံလိုက်ကယ် ထုတ်နေတာ တာလီဘန်လက်နက်ကိုင်တွေက မြို့တော်ကာဘူးလ်ကို အခုလမှာထိန်းချုပ် လိုက်ပြီးကတည်းကဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နိုင်ငံထဲကနေ ဆုတ်ခွါရုပ်သိမ်းမယ့်ရက်လည်း ကပ်လာနေချိန် မှာပဲ လူပေါင်း ၁ သိန်းကျော်ကို အဲဒီလေဆိပ်ကနေ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ကယ်ထုတ် ထားပြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကြာသေပတေးနေ့က ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲမှုနောက်ကွယ်က လက်သည်ကို ဖော်ထုတ်နှိမ်နင်း မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သောကြာနေ့တုန်းက ကတိပြုပြောဆိုထားပါတယ်။
IS-K လို့ သူတို့ဘာသာခေါ်ဝေါ်နေတဲ့ ခိုရာဆန်ပြည်နယ်အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံထဲက စစ်သွေးကြွအုပ်စုတွေထဲမှာ ဘာသာရေးအစွန်းရောက်အရောက်ဆုံး အဖွဲ့ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မောင်းသူမဲ့လေယာဉ်သုံးတိုက်ခိုက်မှုဟာ ကြာသတေးနေ့တုန်းကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုပြီးကတည်းကဆိုရင် ပထမဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။
အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာရဲ့ တပ်ကြပ်ကြီး ဘီလ်အာဘန်ကတော့'' ဒီမောင်းသူမဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အာဖဂန်နိုင်ငံထဲက နန်ဂဟာပြည်နယ်ထဲမှာဖြစ်ခဲ့တာပါ။ ကနဦး အခြေအနေဖော်ပြချက်တွေအရ ကျွန်တော်တို့ ပစ်မှတ်ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ အရပ်သား ထိခိုက်မှုမရှိပါဘူး'' လို့ သူက ပြောပါတယ်။
ဒါ့ပြင် ဒီတိုက်ခိုက်မှုဟာ လာလို့လာမှန်းမသိလိုက်တဲ့ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးလို့ လည်း သူက ပြောပါတယ်။
အရှေ့အလည်ပိုင်းကနေ ပျံတက်သွားခဲ့တဲ့ Reaper လို့ ခေါ်တဲ့ အဲဒီမောင်းသူမဲ့ဒရုန်းလေယာဉ် ဟာ အသတ်ခံလိုက်ရတဲ့စစ်သွေးကြွတစ်ယောက် အခြားအိုင်အက်စ်အဖွဲ့ဝင်တစ်ယောက်နဲ့အတူ ကားပေါ်မှာ ရှိနေချိန် ပစ်ချခဲ့တာဖြစ်လို့ ၂ ဦးလုံးသေဆုံးခဲ့တယ်ဆိုပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
IS-K အဖွဲ့ထဲက ထောင်နဲ့ချီတဲ့အစွန်းရောက်တော်တော်များများဟာ ကာဘူးလ်မြို့အရှေ့ပိုင်းက အဲဒီပြည်နယ်ထဲမှာ ပုန်းအောင်းနေတယ်လို့ ယူဆရပါတယ်။
ကာဘူးလ်လေဆိပ် အပြင်ဘက်မှာ ကြာသပတေးနေ့ကဖြစ်ခဲ့တဲ ပေါက်ကွဲမှုဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါရှိနေတဲ့လူအုပ်ကြားထဲမှာဖြစ်ခဲ့တာပါ။
နိုင်ငံထဲကနေ ထွက်ကြဖို့ပြင်နေတဲ့ အာဖဂန်နိုင်ငံသားတွေ အများစုသေဆုံးခဲ့တာဖြစ်ပြီး အမေရိကန်စစ်သားတွေရော၊ ဗြိတိသျှ နိုင်ငံသား ၂ ဦးနဲ့ ဗြိတိသျှနိုင်ငံသားတစ်ဦးရဲ့ကလေး တစ်ဦးပါ သေဆုံးသူထဲ ပါဝင်ခဲ့ပါတယ်။
''ကျွန်တော်တို့ ခွင့်လွှတ်မှာမဟုတ်သလို မေ့လည်းမေ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခင်ဗျားတို့ကို ပိုက်စိပ်တိုက်ရှာပြီး တန်ရာတန်ကြေးပြန်ပေးဆပ်ခိုင်းမယ်''လို့ ဗုံးခွဲသူတွေကို မစ္စတာ ဘိုင်ဒန်က သတိပေးထားပါတယ်။
လာမယ့်ရက်တွေအတွင်း နောက်ထပ်တိုက်ခိုက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။
လက်ရှိမှာ အမေရိကန်တပ်သား ၅၀၀၀ နီးပါးက ကာဘူးလ် လေဆိပ်မှာ နိုင်ငံထဲက ထွက်လိုသူတွေ ထွက်နိုင်ရေးလုပ်ပေးနေပါတယ်။
တချိန်တည်းမှာပဲ အာဖဂန်နိုင်ငံထဲကနေ ထွက်လိုတဲ့နိုင်ငံခြားသားတိုင်းကို လာမယ့် ၄၈ နာရီအတွင်း မြန်မြန်ထွက်နိုင်အောင် လုပ်ပေးနေတယ်လို့ အနောက်နိုင်ငံအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
တာလီဘန်တာဝန်ရှိသူတွေကတော့ လေဆိပ်နေရာအတော်များများကို သူတို့ ထိန်းချုပ်ထားပြီလို့ ပြောပေမဲ့ အမေရိကန်ဘက်ကတော့ လေဆိပ်ကို တာဝန်ယူထားဆဲလို့ ဆိုပါတယ်။
ကာဘူးလ်မြို့ကို ရောက်နေတဲ့ ဘီဘီစီရဲ့နိုင်ငံတကာ သတင်းထောက်ချုပ်ကတော့ အမေရိကန်နဲ့ ဗြိတိသျှစစ်သားတွေဟာ လေဆိပ်မှာ အထုပ်အပိုးပြင်နေကြပြီး မကြာမီနာရီပိုင်းအတွင်း တာလီဘန်တွေက လေဆိပ်ကို လွှဲယူတော့မယ်လို့ သတင်းရင်းမြစ်တွေကပြောထားတယ်ဆိုပြီး ပြောပါတယ်။
လက်ရှိမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတော်တော်များများဟာ အရေးပေါ်လေယာဉ်ခရီးစဉ်တွေကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ပြင်သစ်နိုင်ငံကလည်း လေဆိပ်ထဲက လုံခြုံရေးယိုယွင်းလာနေလို့ ရွှေ့ပြောင်းရေးအားထုတ်မှု အဆုံးသတ်ပြီလို့ ပြောထားပါတယ်။








