ပင်လုံညီလာခံကို အေအေကလွဲပြီး NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့ကို ဖိတ်မယ်

NCA-S EAO

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO

ဩဂုတ်လနှောင်းပိုင်းမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေထဲက ရက္ခိုင့်တပ်တော် အေအေကလွဲပြီး ကျန်အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားဖို့ ရှိတယ်လို့ အစိုးရဘက်က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့ ၇ ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးစီကို ဖိတ်ကြားသွားမှာ ဖြစ်ပြီး လူစားထိုး တက်ရောက်ခွင့် မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဩဂုတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အဖွဲ့အားလုံးကို ဖိတ်ကြားဖို့ အစိုးရကို တိုက်တွန်းနေပါတယ်။

ငြိမ်းချမ်းရေးညီလာခံမှာ အေအေ ရက္ခိုင့်တပ်မတော်ကို မဖိတ်တာဟာ တိုင်းပြည်အတွက် နစ်နာချက်တွေ ရှိလာနိုင်တယ်လို့ အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ရဲ့ ပြောခွင့်ရ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။

"အားလုံးပါဝင်တက်ရောက်နိုင်ရင်တော့ ပိုမို ပြီးပြည့်စုံမယ်လို့ ကျွန်တော်တို့ မြင်တယ်။ အေအေအနေနဲ့ မတက်ရောက်နိုင်ဘူးဆိုရင်တော့ နစ်နာတာက ကျွန်တော်တို့ တိုင်းပြည်ပဲ နစ်နာတယ်လေ။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း မျှော်လင့်တယ်" လို့ ဦးညီရန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း မြန်မာ စစ်တပ်နဲ့ အေအေအဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အေအေအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းလို့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ အစိုးရက ကြေညာထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အဖွဲ့အားလုံးကို ဖိတ်ကြားဖို့ အစိုးရကို တိုက်တွန်းနေ

ဓာတ်ပုံ ရင်းမြစ်, NCA- S EAO

ဓာတ်ပုံ ပုံစာ, တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အဖွဲ့အားလုံးကို ဖိတ်ကြားဖို့ အစိုးရကို တိုက်တွန်းနေ

အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ တချို့အဖွဲ့တွေကို ဖိတ်ကြားရာမှာ ဥပဒေအရ အကန့်အသတ် ရှိတယ်လို့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကို ဖိတ်မယ်ဆိုရင် တစ်ပြိုင်နက်တည်းသာ ဖိတ်သင့်ပြီး တစ်ဖွဲ့ဖွဲ့ကို ချန်လှပ်ထားခြင်းဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဘာကောင်းကျိုးမှ မရှိနိုင်ဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဘီဘီစီကို ပြောပါတယ်။

ဒီလို ချန်လှပ်ထားခဲ့မယ်ဆိုရင် အေအေနဲ့ စစ်ရေးအရ မိတ်ဖက်ဖွဲ့စည်းထားတဲ့ ကိုးကန့်နဲ့ တအာင်းအဖွဲ့တွေလည်း မတက်ရောက်ဖို့သေချာသလောက် ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

NCA အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ ဖြစ်တဲ့အတွက် ညီလာခံ လာတက်ရုံ သက်သက်ပဲဆိုရင် ဘာမှ အကျိုးမရှိနိုင်ပေမယ့် ၂၀၂၀ ခုနှစ်ထဲမှာ မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့နဲ့ လက်မှတ်ထိုးရေး၊ တွေ့ဆုံဆွေးနွေးရေး လမ်းပိတ်နေတဲ့ ကိစ္စရပ်တွေကို ဒီညီလာခံ လာတက်တဲ့ ရက်တွေအတွင်း ညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင် လမ်းပွင့်သွားနိုင်တဲ့ အခွင့်အရေးရှိတယ်လို့လည်း ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

လက်ရှိ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်၊ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/ SSA၊ ကရင်နီ လက်နက်ကိုင်အဖွဲ့ KNPP၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ကိုးကန့်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ့စတုတ္ထအကြိမ် အစည်းအဝေးကို ဩဂုတ်လ ၁၉ ၊၂၀၊ ၂၁ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပသွားဖို့ သတ်မှတ်ထားပါတယ်။