ကိုဗစ် ၁၉ ကြောင့် ပြောင်းလဲရတော့မယ့် စာသင်ကြားမှု

ကျောင်းသားတွေ ကတော့ ကျောင်းဖွင့်ရက် မျှော်နေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Image

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေ ကတော့ ကျောင်းဖွင့်ရက် မျှော်နေကြ

နှစ်စဉ် နှစ်တိုင်း ဒီလိုအချိန် မေလ ဆိုရင်တော့ ရန်ကုန်မြို့မှာဆိုရင် ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး စတာတွေမှာ မိဘတွေဟာ ခြေချင်းလိမ်မတတ် ကျောင်းဝတ်စုံ နဲ့ ကျောင်းပစ္စည်းတွေ ရှာဝယ်နေရပြီဖြစ်ပါတယ်။

ဒီနှစ်ကတော့ မိဘအများစုအတွက် မေးခွန်းကတော့ ကျောင်းကိုလွှတ်ရမှာလား .. အင်တာနက်ကနေ စာသင်ရမှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

လာမယ့် မေလ ၁၅ ရက်နေ့အထိ လူစုလူဝေးမလုပ်ဖို့၊ မလိုအပ်ဘဲ အပြင်မသွားဖို့ စတဲ့ အစိုးရရဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးစီမံချက် ကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

တကယ်လို့များ ကျောင်းဖွင့်ရာသီ ဇွန်လမှာ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘူးဆိုရင်တော့ အွန်လိုင်းကနေ သင်ကြား ပို့ချမှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေး က မေလ၁ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကျေးရွာတွေက စာသင်ခန်းတွေက အွန်လိုင် ကသင်နိုင်ပါ့မလား

ဓာတ်ပုံ ရင်းမြစ်, Ye Pyae

ဓာတ်ပုံ ပုံစာ, ကျေးရွာတွေက စာသင်ခန်းတွေက အွန်လိုင် ကသင်နိုင်ပါ့မလား

အစိုးရကျောင်းမှာ တက်ရောက် သင်ကြားနေတဲ့ တောင်ဥက္ကလာမြို့နယ်က Grade 4 ကျောင်းသား မိဘတစ်ဦးဖြစ်သူ မခင်ဇာဇာကတော့ အွန်လိုင်းနဲ့ စာသင်ဖို့ဆိုတာ နည်းပညာ အခက်အခဲတွေ ရှိနေနိုင်တဲ့ အပြင် ငွေကြေး မတတ်နိုင်သူ သာမန် လက်လုပ်လက်စားတွေအတွက် အဆင်မပြေ နိုင်ဘူးလို့ ဆိုပါတယ်။

"အွန်လိုင်းပညာရေးစနစ်က မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ ဒါပေမယ့် သူတို့ သင်ကြားရမယ့် နည်းပညာက အခက်အခဲဖြစ်လာရင် အိမ်က လူတွေက ကူညီနိုင်မှာမဟုတ်ဘူး။ နောက် လူတိုင်းကလည်း ဒီကွန်ပျူတာတွေ အင်တာနက်တွေနဲ့ လက်လှမ်းမီမှာ မဟုတ်ဘူး " လို့ သူ့အမြင်ကို ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး နဲ့ လူတန်းစား အနေအထားအရလည်း အခြေခံလူတန်းစား များပြားတဲ့ နယ်မြို့ရွာတွေမှာ အင်တာနက်နဲ့ အလှမ်းဝေးနေသေးတာကြောင့် အိုင်တီနည်းပညာ မှာ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်သလို အွန်လိုင်း စာသင်ခန်းကို ရင်းနှီးကျွမ်းဝင်ဖို့လည်း မဖြစ်နိုင်သေးဘူးလို့ ပညာရေး လေ့လာနေသူတွေက မှတ်ချက်ချပါတယ်။

လက်ရှိ အခြေအနေမှာတော့ တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးမှုတွေအပြင် ၊ စတုတ္ထတန်းနဲ့ အဋ္ဌမ တန်း စာသင်နှစ်တွေရဲ့ အဖြေလွှာစစ်ဆေးမှုတွေကလည်း မပြီးသေးတဲ့အတွက် လာမယ့် ကျောင်းဖွင့်မယ့် ကာလကို အတိအကျ မပြောနိုင်သေးဘူးလို့ အခြေခံပညာ ဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဆိုပါတယ်။

မြန်မာ့ပညာရေးရုပ်သံလိုင်းကို မေလ ၄ ရက်နေ့ ကစပြီး စမ်းသပ်နေ
ဓာတ်ပုံ ပုံစာ, မြန်မာ့ပညာရေးရုပ်သံလိုင်းကို မေလ ၄ ရက်နေ့ ကစပြီး စမ်းသပ်နေ

မြန်မာနိုင်ငံမှာ အခြေခံပညာဦးစီးဌာနရဲ့ လက်အောက်မှာ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ သင်ရိုးကို လိုက်နာသင်ယူနေတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ အစိုးရက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားအအရေအတွက် ၉ . ၇ သန်းရှိတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ဒီကျောင်းသား ၉ .၇ သန်းလုံးအတွက် အွန်လိုင်းစာသင်ခန်းနဲ့ မဖြစ်နိုင်တာကြောင့် ကျောင်းဖွင့်ခွင့်တွေပေးမယ် ဆိုရင်တောင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းသားနဲ့ ဆရာ ဆရာမတိုင်း မဖြစ်မနေ မျက်နှာဖုံးအကာအကွယ်တပ်တာတွေ၊ ကျောင်းတွေမှာ လက်ဆေးတဲ့ နေရာတွေ ထားပေးတာတွေ အပြင်၊ တစ်ချို့ ကျောင်းတွေမှာ လူဦးရေ များတဲ့အတွက် ကျောင်းချိန် နှစ်သုတ် ခွဲပြီး တက်ဖို့တွေ အထိ ပြင်ဆင် စဉ်းစားထားတွေ ရှိကြောင်း ဦးကိုလေးဝင်းက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ် ၁၉ ကြောင့် ပြောင်းလဲရတော့မယ့် စာသင်ကြားမှု စနစ်ကြားမှာ နိုင်ငံတကာ ပညာရေးစနစ်တွေကို အခြေခံ ထားတဲ့ နိုင်ငံတကာ ကျောင်းတွေမှာ သားသမီးတွေကို ကျောင်းထားတဲ့ မိဘတွေလည်း အပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတစ်ခုဖြစ်တဲ့ ILBC ကျောင်းကတော့ Home Base Learning အစီအစဉ်နဲ့ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်ကို စတင်ဖို့ သူတို့ ရဲ့ တရားဝင် အင်တာနက် စာမျက်နှာကနေ ထုတ်ပြန်ထားခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိကို စာရင်းပေးသွင်းထားတဲ့ ကျောင်းသားတွေကို အွန်လိုင်းကနေ အခမဲ့ စတင်သင်ကြားမယ်လို့ ကြေညာထားကြောင်း ILBC က ကျောင်းသား မိဘတွေက ဆိုပါတယ်။

ကလေးတွေရဲ့ သင်ကြားနိုင်မှု စွမ်းရည်အပေါ်မှာ မိဘတွေက ပူပန်နေကြ

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

ဓာတ်ပုံ ပုံစာ, ကလေးတွေရဲ့ သင်ကြားနိုင်မှု စွမ်းရည်အပေါ်မှာ မိဘတွေက ပူပန်နေကြ

ILBC မှာ တက်ရောက်သင်ကြားနေတဲ့ Grade 3 ကျောင်းသူ မိခင်တစ်ဦးဖြစ်တဲ့ မဖြူဖြူကတော့ "ကိုယ်က အဆင်ပြေပေမယ့် မပြေသူတွေအတွက် စိတ်မကောင်းဘူး။ ခုတောင် laptop ဝယ်ထားပေးရပြီလေ ။ သူ့ကို ဒီအတိုင်းလည်း လွှတ်ထားလို့မရဘူး ၊ ဥပမာ မီးပျက်သွားရင် ဘာလုပ်မလဲ လေ့ ကျင့်ခန်းတွေကို ဘယ်လို ပြန်ပို့ မလည်း စတာတွေပါ့ "လို့ အခက်အခဲကို ပြောပြပါတယ်။

အခက်အခဲမျိုးစုံတွေထဲကမှ အဓိက ကျောင်းသားမိဘတွေ ထောက်ပြတဲ့ အချက်တွေကတော့ နည်းပညာအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲ၊ သင်ကြားမှု အထောက်အကူပြုပစ္စည်းများ အခက်အခဲတွေအပြင် ကလေးတွေရဲ့ သင်ကြားနိုင်မှု စွမ်းရည်အပေါ်မှာ မိဘတွေက ပူပန်နေကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အစိုးရကျောင်းတွေသာမက နိုင်ငံတကာ ကျောင်းထားတဲ့ မိဘတွေကြားမှာလည်း အွန်လိုင်း သင်ကြားမှု စနစ်အပေါ် အငြင်းပွားမှုတွေက ရှိနေကြပါတယ်။

ကိုဗစ်ကာလကြောင့် အတန်းမတက်နိုင်သူတွေ ၊ ဆက်တိုက် ပညာမသင်ကြားနိုင်သူတွေ ကျန်ခဲ့တာဖြစ်လာမယ့် သဘောမှာရှိပြီး ဒီလို မညီမ ျှမှုတွေက နှစ်နှစ်ဆက်တိုက် ဖြစ်နေမယ့် ကိုဗစ်အလွန် မြန်မာ့ပညာရေး စိန်ခေါ်ချက်ပဲ ဖြစ်လာနိုင်တယ်လို့ ကျောင်းသားမိဘတစ်ဦးကမှတ်ချက်ပြုခဲ့ပါတယ်။

မိဘတွေကြားမှာလည်း အွန်လိုင်း သင်ကြားမှု စနစ်အပေါ် အငြင်းပွားမှုတွေရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိဘတွေကြားမှာလည်း အွန်လိုင်း သင်ကြားမှု စနစ်အပေါ် အငြင်းပွားမှုတွေရှိ

တောင်ဥက္ကလာမြို့နယ်က Grade 4 ကျောင်းသား မိဘတစ်ဦးဖြစ်သူ မခင်ဇာဇာကတော့ သူ့ ကလေးကို အွန်လိုင်းအင်တာနက် ကသင်တာထက်ကျောင်းတက်စေချင်တယ်လို့ ပြောပါတယ်။

ကျောင်းတက်မယ်ဆိုရင်တော့ မဖြစ်မနေ နှာခေါင်းစည်း ဝတ်ရတော့မယ်၊ လက်ဆေးဖို့ လက်ဆေးရည်တွေ ဝယ်စုထားတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မျက်နှာကို ဖလင်ပြားတွေနဲ့လုပ်တဲ့ အကာ လေးတွေ ပါဝယ်ပေးရမယ်လို့သူကပြောပါတယ်။

"ကျမတို့လို အခြေခံ လူတန်းစားအတွက်ကတော့ အတတ်နိုင်ဆုံး ကိုယ့်သားသမီးကို ကာကွယ်ပေးပီးကျောင်းလွှတ်ရမှာပဲ"မခင်ဇာဇာကပြောပါတယ်။