ဗိုင်းရပ်ကောလာဟလတွေ မယုံဖို့ မြန်မာအစိုးရကြေညာ၊ အာဆင်နယ် နည်းပြချုပ်ပါ ရောဂါကူး

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein
အင်တာနက်မှာ ပြန့်နေတဲ့ ဗိုင်းရပ်သတင်းတွေကို မယုံကြဖို့ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်သံသယနဲ့ ဓာတ်ခွဲစစ်ဆေးထားတဲ့ လူနာ ၉ ယောက်မှာလည်း ရောဂါပိုး မတွေ့ရှိရကြောင်း ညသန်းခေါင်ကျော် အချိန်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တခါ ဖေ့စ်ဘွတ် မက်ဆင်ဂျာ စာပို့စနစ်ကနေပြီး ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိက ပြောတယ်ဆိုပြီး သတင်းမှားကို အသံဖိုင်နဲ့ ဖြန့်နေတာ တွေ့တယ်လို့လည်း ရေးသားထားပါတယ်။
နောက် ဧပြီလကုန်အထိ ရောဂါ တားဆီးကာကွယ်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီကာလအတွင်း သင်္ကြန်မဏ္ဍပ်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေအပါအဝင် ပွဲလမ်းသဘင်နဲ့ အစည်းအဝေးတွေ မကျင်းပဖို့လည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကောလာဟလသတင်းမှားတွေ ဖြန့်နေသူတွေကို ရှာဖွေ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
ကန်ဗိုင်းရပ်စစ်စရာ မလုံလောက်

ဓာတ်ပုံ ရင်းမြစ်, JOSH EDELSON
အမေရိကန်ရဲ့ ကိုရိုနာ ဗိုင်းရပ် စမ်းတဲ့စနစ်မှာ လိုအပ်တာတွေ ရှိနေပြီး တခြားနိုင်ငံတွေထက် ပိုဆိုးနေတယ်လို့ အမေရိကန် ကူးစက်ရောဂါတိုက်ဖျက်ရေး ထိပ်တန်း အရာရှိ အန်သော်နီ ဖောက်ချီက ဝါရှင်တန်က ကွန်ဂရက် ကြားနာပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
သူတို့မှာ ရှိတဲ့ စနစ်က အခုလိုအပ်နေတဲ့အတိုင်း ပြင်ထားတာ မဟုတ်ဘူးဆိုပြီး ဒေါက်တာ ဖောက်ချီက ပြောပါတယ်။ ဒီအရှုံးကို ဝန်ခံရမယ်လို့လည်း သူက ဆိုပါတယ်။
ဒီလို သူပြောလိုက်တဲ့ စကားက ရောဂါစစ်ဆေးဖို့ အံ့မခန်း ပြင်ဆင်ထားပြီးပြီလို့ အမေရိကန် သမ္မတ ထရမ့် ပြောခဲ့တဲ့ စကားနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။
အမေရိကန်မှာ ကိုရိုနာ ဗိုင်းရပ်ပိုး စစ်တဲ့ ပစ္စည်းတွေ လုံလုံလောက်လောက် မရှိလို့ အတိုက်အခံ ဒီမိုကရက် ခေါင်းဆောင်တွေရော ရီပတ်ဘလစ်ကန် အမတ်တချို့ကပါ ဒေါသထွက်နေကြပါတယ်။
ပရီးမီးယားလိဂ်ပွဲတွေ ပိတ်ဖို့ စဉ်းစား

ဓာတ်ပုံ ရင်းမြစ်, John Walton
ဗိုင်းရပ်ကပ်ဘေးကြောင့် ကမ္ဘာတလွှားက အားကစားပွဲတွေကို ရပ်ဆိုင်းနေရာမှာ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က နောက်ထပ် ကြေညာချက် မထုတ်မချင်း ပွဲအားလုံး ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။
သြစတြေးလျက ဖော်မြူလာဝမ်း ဂရောင်းပရီ ကားပြိုင်ပွဲမှာလည်း ပြိုင်ပွဲဝင်မယ့်သူတယောက် ရောဂါဖြစ်လို့ ဖျက်လိုက်ရပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ ဒီသီတင်းပတ်ကုန်မှာ ကန်မယ့်ပွဲစဉ်တွေကို မဖျက်ပေမယ့် မကြာခင် ပိတ်ဖို့ အစိုးရက စဉ်းစားနေတယ်လို့လည်း သိရပါတယ်။
အာဆင်နယ် နည်းပြချုပ် မီခဲ အာတက်တာလည်း ဗိုင်းရပ်ပိုးကူးတယ်လို့ ဆေးစစ် အဖြေထွက်ခဲ့ပါတယ်။
ပါကစ္စတန် မီဒီယာပိုင်ရှင်ကိုဖမ်း

ဓာတ်ပုံ ရင်းမြစ်, Robert Nickelsberg
ပါကစ္စတန်မှာ မီဒီယာလုပ်ငန်းရှင်ကြီးတယောက်ကို အနှစ် ၃ဝ ကျော်က ခြစားမှုစွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ပါကစ္စတန်မှာ စောင်ရေ အများဆုံး ထုတ်နေတဲ့ သတင်းစာတွေနဲ့ လူကြိုက်များတဲ့ ဂျီအို ရုပ်သံလိုင်းတွေကို ပိုင်တဲ့ ဂျန် အုပ်စုက အယ်ဒီတာချုပ် ရှာကီးလ် ရာမန်ကို နိုင်ငံရဲ့ တာဝန်ခံမှု ဗျူရိုက ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
၁၉၈၆ က လာဟိုမြို့မှာ မြေကွက်တွေ ဝယ်ခဲ့မှုနဲ့ ဆက်စပ်ပြီး သူ့ကို ဖမ်းခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန် တာဝန်ခံမှု ဗျူရိုကို သူတို့ရုပ်သံလိုင်းက စုံစမ်းဖော်ထုတ်ခဲ့လို့ မစ္စတာ ရာမန်ကို ဖမ်းတာ ဆိုပြီး ဂျီအို ရုပ်သံကနေ ကြေညာချက်ထုတ်ပါတယ်။
ဟာဝိုင်ယီမှာ ထပ်စစ်မယ့် ကန်ရုပ်ကြွင်းများ

ဓာတ်ပုံ ရင်းမြစ်, NYEIN CHAN NAING
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေကို အမေရိကန် စစ်တပ်က ပြန်ပြီး ယူဆောင်သွားခဲ့ပါတယ်။
အခု ယူဆောင်သွားတဲ့ ရုပ်ကြွင်းအစအနတွေဟာ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းဒေသမှာ လေယာဉ်ပစ်ချခံရလို့ သေဆုံးခဲ့တဲ့ တပ်သား ၇ ယောက်ရဲ့ ရုပ်ကြွင်းတွေလို့ ယူဆထားတာ ဖြစ်ပါတယ်။
ဟာဝိုင်ယီမှာ ရှိတဲ့ အထူးဓာတ်ခွဲခန်းမှာ နောက်ထပ် စမ်းသပ်စစ်ဆေးဖို့ ယူသွားတာလည်း ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မြေပြင်မှာ မဟာမိတ်နဲ့ ဂျပန်တပ်တွေကြား အရေးကြီးတဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီမှာ တိုက်ခဲ့တဲ့ နောက်ထပ် အမေရိကန်တပ်သား ငါးရာကျော်ရဲ့ သတင်းကိုတော့ ခုထိ စုံစမ်းလို့ မရသေးပါဘူး။








