စီးပွားရေး အချက်အလက်တွေသိမ်းဆည်းပေးမယ့်ဘဏ်

ပြည်သူ့ဘဏ္ဍာတွေကို သုံးပြီးပွင့်လင်းမြင်သာ ချပြမယ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ပြည်သူ့ဘဏ္ဍာတွေကို သုံးပြီးပွင့်လင်းမြင်သာ ချပြမယ်

ပြည်သူ့ဘဏ္ဍာတွေကို သုံးပြီး အကောင်အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ အဲဒီစီမံကိန်းက အချက်အလက်၊ ကုန်ကျစရိတ်တွေကို အများသူငှာသိရှိအောင် စုစည်းပြီး သိမ်းဆည်းထားပေးမယ့် စီမံကိန်း ဘဏ်တစ်ခုကို အစိုးရက ၂၀၂၀ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီဘဏ်မှာတော့ ပြည်သူ့ဘဏ္ဍာနဲ့ လုပ်သင့်တဲ့ ဦးစားပေး လုပ်ငန်းမျိုးတွေ ၊ လုပ်နေတဲ့ စီမံကိန်းတွေရဲ့ လုပ်ဆောင်နေမှုနဲ့ ကုန်ကျစရိတ် စတဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်လမှာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒီစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှာ ပါရှိထားတဲ့ ဖွံ့ဖြိုးမှုအတွက် လုပ်ဖို့ လိုအပ်နေတဲ့ ကဏ္ဍတွေနဲ့ ဆက်စပ်မှုရှိတဲ့ စီမံကိန်းမျိုးတွေကို ဦးစားပေးလုပ်ကိုင်ဖို့၊ အဲဒီစီမံကိန်းတွေရဲ့ အချက်အလက် တွေကို ပွင့်လင်းမြင်သာအောင် ထားရှိထားတဲ့ စီမံကိန်း ဘဏ်မျိုးလည်းဖြစ်တယ်လို့ စီမံကိန်းရေးဆွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်က ဆိုပါတယ်။

ဒေါ်သွေးသွေးချစ်က ' အစိုးရက လုပ်နေတဲ့ လုပ်ငန်းတွေကို ပြည်သူတွေက ပွင့်လင်းမြင်သာစွာ သိဖို့နဲ့ သိခြင်းအားဖြင့် သူတို့ အတွက်လုပ်နိုင်တဲ့ mapping တွေကို ရှာနိုင်ဖို့ပါ။ ဘာလို့လဲ ဆိုရင် တချို့ ပရော်ဂျက်တွေက Inviting Additional Financing (နောက်ထပ်လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို ဖိတ်ခေါ်ပါတယ် ) ဆိုတာလည်း တွေ့ပါလိမ့်မယ်ရှင့် ၊ ဒီလိုပရောဂျက်တွေမှာ ပုဂ္ဂလိက ကဝင်ရောက်ဆောင်ရွက်ခြင်းအားဖြင့် သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းကော သူတို့ရဲ့ စီးပွားရေးနယ်ပယ်တွေကိုလည်း ပိုမို ချဲ့ထွင်နိုင်ဖို့ ဖြစ်ပါတယ်။' လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, စီးပွားရေးအခြေအနေအပေါ် လူငယ်လုပ်ငန်းရှင်တဦးရဲ့ သုံးသပ်ချက်

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ စီမံကိန်းဘဏ်ရဲ့ ဝဘ်ဆိုက် စာမျက်နှာမှာ ဘဏ် အကြောင်းအရာတွေ အပြင် အများသူငှာ သိရှိပြီးဖြစ်တဲ့ ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့် တင်တဲ့ စီမံကိန်း အကြောင်းအရာ အချက်အလက်၊ မူဆယ်ကုန်စည်ဂိတ် အဆင့်မြှင့်တင်ဖို့ စီမံကိန်း လျာထားတာတွေ အစရှိတဲ့ စီမံကိန်းအချက်အလက်တွေကို အများ သူငှာ သိရှိအောင် ဖော်ပြထားပါတယ်။

ဒီလို စီမံကိန်းဆိုင်ရာ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်တဲ့ကိစ္စဟာ ပြည်သူလူထု အားလုံးတွက် အကျိုးရှိတယ်လို့ စီးပွားရေး ပညာရှင် ဦးအောင်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

ဦးအောင်ကိုကိုက ' နိုင်ငံရဲ့ ဘဏ္ဍာကို အဟောသိကံ မဖြစ်အောင် သုံးစွဲတာကလည်း အားလုံးအတွက် အကျိုးရှိတာပဲလေ။ ထိထိရောက်ရောက် သုံးစွဲတယ် ဆိုကတည်းက လိုအပ်တဲ့နေရာမှာ လိုအပ်သလောက် သုံးတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ဗျာ' လို့ပြောပါတယ်။

အခုလို နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကောင်အထည် ဖော်မယ့် မူဝါဒတွေကို အစိုးရ အဆက်ဆက် နိုင်ငံရေးအရ အာဏာရရှိသူတွေ အပါအဝင် အစရှိတဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကသာ ချမှတ်ခဲ့လို့ လက်တွေ့နဲ့ အသုံးချတဲ့ နေရာတွေမှာတော့ အခက်အခဲ၊ ကွဲပြားမှုတွေက ပြဿနာအဖြစ် အစိုးရ အဆက်ဆက်မှာ ရှိနေဆဲပဲ လို့ စီးပွားရေး အပါအဝင် ကဏ္ဍ အများစုက အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

အသံဖိုင် ပုံစာ, G7 မှာဆုံကြတဲ့ ခေါင်းဆောင်တွေ အမေရိကန် တင်သွင်းခွန်မြှင့်ပုံကို စိတ်ပျက်ကြ