အင်းလေး ဖောင်တော်ဆွဲတဲ့ ဆွဲလှေမှောက်လို့ တစ်ဦးသေဆုံး၊ သုံးဦးပျောက်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်းလေးကန်ထဲက ထင်ရှားတဲ့ ဖော်တော်ဦး ဘုရားပွဲမှာ ဆွဲလှေတစ်စင်း အောက်တိုဘာ ၁၂ ရက် စနေနေ့ မနက်ပိုင်းမှာ တိမ်းမှောက်ခဲ့တဲ့ အတွက် လူ ၁ ဦး သေဆုံးပြီး၊ ၃ ဦး ပျောက်နေပါတယ်။
ဖော်တော်ဦး ဘုရားပွဲတော်အတွင်း ဗုဒ္ဓရုပ်ပွားတော်မြတ်တွေ ဒေသစာရီ ကြွချီရာမှာ ဆွဲလှေ အဖြစ် အသုံးပြုတဲ့ လှေတစ်စင်း အပြန်ခရီးမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားက ဗုဒ္ဓရုပ်ပွားတော်မြတ် လေးဆူကို နန်းပန်ကျေးရွာ ယာယီစံကျောင်း ကနေ မကျည်းဆိပ်ကျေးရွာ ယာယီစံကျောင်းကို ပင့်ဆောင်ပြီးတဲ့နောက် ရွာသစ်ကျေးရွာကို အပြန်မှာ လူ ၅၀ ကျော် လိုက်ပါလာတဲ့ ဆွဲလှေတစ်စီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
ဆွဲလှေပေါ်ပါလာတဲ့ လူ ၅၀ ကျော်အနက် မိုင်းပျိုးရွာသား အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း အတည်ပြုထား နိုင်ပါတယ်။
"နန်းပန်ကနေ မကျည်းဆိပ်ကို ဆွဲလှေတွေ သွားပို့တယ်။ ပို့ပြီး အပြန်ပေါ့။ ဆွဲလှေ ပြန်တဲ့အချိန်မှာ စက်လှေနှစ်စင်းကြားမှာဆိုတော့ လှိုင်းရိုက်ပြီးတော့ ဆွဲလှေမှောက်တယ်လို့ သိရတယ်။ ဆွဲလှေတွေကတော့ တစ်ခါတစ်လေကျရင် နစ်တာတော့ရှိတယ်။ လူသေတာတော့ မကြားဖူးသေးဘူး။ ပြီးခဲ့တဲ့နှစ် လှေဦးမှာထောင်ထားတဲ့ အလံတိုင်နဲ့ မီးကြိုးနဲ့ ရိုက်မိပြီး ဓာတ်လိုက်ပြီး လူတစ်ယောက်သေတာတော့ ရှိတယ်။ ဆွဲလှေပေါ်က လှေလှော်တဲ့လူတွေ သေတာတော့ သိပ်မကြားဖူးဘူး။ မရှိသလောက်ရှားတယ်" လို့ ညောင်ရွှေဒေသခံ ကိုသက်ပိုင်စိုးက ဘီဘီစီကို ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်က ထင်ရှားကျော်ကြားတဲ့ ပွဲတော်ဖြစ်တဲ့ ဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်တွေ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကို ကျင်းပနေတာ ၁၁ ရက်ရှိပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်မြတ် လေးဆူဟာ သီတင်းကျွတ်ကာလ မတိုင်မီကနေ သီတင်းကျွတ် လပြည့်ကျော် ၄ ရက် အထိ ၁၅ ရက်ကြာ အင်းလေးဒေသက ရွာတွေကို သတ်မှတ်လမ်းကြောင်းအတိုင်း အလှည့်ကျ လှည့်လည် အပူဇော်ခံလေ့ရှိပါတယ်။
အဲဒီလို လှည့်လည် အပူဇော်ခံရမှာ ရုပ်ပွားတော်မြတ်တွေ တင်ဆောင်ထားတဲ့ ဖောင်တော်ကို ဆွဲလှေတွေက လူတွေရဲ့ ဆွဲအားနဲ့ ပင့်ဆောင်ကြတာဖြစ်ပါတယ်။
ရုပ်ပွားတော်မြတ်တွေကို လိုက်ပါပို့ဆောင်ပြီး အပြန်မှာ တိမ်းမှောက်သွားတဲ့ ဆွဲလှေပေါ်က ပျောက်ဆုံး နေသူတွေကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က ဘီဘီစီကို ပြောပြပါတယ်။
အခုတိမ်းမှောက်သွားတဲ့ ဆွဲလှေဟာ အင်းလေးကန်ထဲမှာ လည်ပတ်တဲ့ စက်တပ်မော်တော်တွေရဲ့ အရှိန်နဲ့မောင်းနှင်မှုကြောင့် ရေဝင်နစ်မြုပ်ရတာဖြစ်တယ်လို့လည်း ဒေါက်တာထွန်းလှိုင်က ပြောပါတယ်။
ဒါကြောင့် လူတွေ ဘေးအန္တရာယ်ကင်းဖို့ အင်းလေးကန်ထဲက အရှိန်နဲ့ အဆင်အခြင်မဲ့ မောင်းနှင်တဲ့ စက်တပ်မော်တော်တွေကို ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့လည်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောပါတယ်။








