အေအေ စစ်ဦးစီးချုပ်ရဲ့ ညီဖြစ်သူအပါအဝင် ရခိုင်အသင်း (စင်္ကာပူ)က တချို့ ဖမ်းဆီးခံရ

စင်္ကာပူမှာ ရခိုင်အမျိုးသား ခြောက်ယောက်ကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စင်္ကာပူမှာ ရခိုင်အမျိုးသား ခြောက်ယောက်ကို ဖမ်းဆီး

စင်္ကာပူ အခြေစိုက် ရခိုင်စင်္ကာပူအသင်းရဲ့ ဥက္ကဌ အပါအဝင် ရခိုင်အမျိုးသား ခြောက်ယောက်ကို ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်မှာ စင်္ကာပူရဲနဲ့ လဝက က ဖမ်းဆီးသွားတယ်လို့ စင်္ကာပူရောက် ရခိုင် အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဖမ်းဆီးခံရသူတွေ အနက် တစ်ဦးဟာ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီတော်စပ်သူ ဖြစ်တယ်လို့ စင်္ကာပူရောက် ရခိုင် အသိုင်းအဝိုင်းက ပြောပါတယ်။

အခုလို ဖမ်းဆီးသွားတဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာ မသိရသေးဘူးလို့ စင်္ကာပူမှာနေထိုင်တဲ့ စင်္ကာပူ ရခိုင်အသင်းဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင်လ ၉ ရက် မနက်ပိုင်းမှာ စင်္ကာပူရခိုင်အသင်းရဲ့ ဥက္ကဌ ၊ ဒုဥက္ကဌ၊ ပြန်ကြားရေးတာဝန်ခံနဲ့ ဥက္ကဌ ဟောင်းတစ်ဦးတို့ကို စစ်ဆေးမေးမြန်းဖို့ လာရောက်ခေါ်ဆောင်တာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ နောက်ထပ် နှစ်ဦးကို ထပ်မံ လာရောက်ခေါ်ဆောင်တာဖြစ်တယ်လို့ ကိုဇေယျာမင်းက ဆိုပါတယ်။

" ဒီအသင်းက ပရဟိတ လုပ်ကြတာပါ။ ဘာနားလည်မှု လွဲလည်းတော့ မသိဘူး၊ ဒီနိုင်ငံရဲ့ ဥပဒေအရ ၄၈နာရီထက် ပိုပြီးထိန်းသိမ်းထားခွင့်မရှိဘူး " လို့ အထက်ပါ စင်္ကာပူ ရခိုင်အသင်းဝင်က ဆိုပါတယ်။

အခုလို လူမှုရေးအသင်းကို ခေါ်ဆောင်မေးမြန်းတဲ့ ဖြစ်ရပ်ဟာ ပထမဆုံးဖြစ်တယ်လို့ စင်္ကာပူရောက် ရခိုင် အသိုင်းအဝိုင်းက ပြောပါတယ်။

ဇူလိုင်လ ၉ ရက်က အဖမ်းခံရသူတွေထဲမှာ Arakan Association (Singapore) ရဲ့ ဥက္ကဌ ဦးဟိန်းဇော်၊ ဒုဥက္ကဌ မအေးမြတ်မွန်၊ ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက် နဲ့ ကိုတင်လှိုင်ဦးတို့ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မနက်မှာ အဖမ်းခံရသူတွေကတော့ ကိုအောင်မြတ်ကျော်နဲ့ ကိုကျော်အေးတို့ဖြစ်ပါတယ်။ အဲဒီထဲကမှ ကိုအောင်မြတ်ကျော်ဟာ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီတော်စပ်သူ ဖြစ်တယ်လို့ စင်္ကာပူရောက် ရခိုင် အသိုင်းအဝိုင်းက ပြောပါတယ်။

အခုချိန်အထိ ဖမ်းဆီးခံရသူတွေရဲ့ သတင်းကို မကြားရသေးသလို ဘာကြောင့်အခုလို ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေးဘူးလို့ စင်္ကာပူရောက် ရခိုင်အသိုင်းဝိုင်းဘက်က ပြောကြားပါတယ်။

ဗီဒီယို ပုံစာ, ကာတွန်းဆုအတွက် လျာထားခံ စင်္ကာပူ ကာတွန်းဆရာ