မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဆိုးဝါးနေဆဲလို့ ကုလ စုံစမ်းရေးအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးဝါးနေဆဲဖြစ်တယ်လို့ မြန်မာ့ လူ့အခွင့်အရေး အခြေ အနေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ပြောပါတယ်။
ဒီအဖွဲ့ဟာ သူတို့ရဲ့တွေ့ရှိချက်တွေကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မတ် ၁၂ရက်က တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေကို သိရှိနိုင်ဖို့ ပြည်တွင်းမှာ သွားရောက် စုံစမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က မြန်မာအစိုးရကို ဖေဖော်ဝါရီလမှာ အဆိုပြုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။
ဒါကြောင့် အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနဲ့ ယူကေ နိုင်ငံတို့ကို သွားရောက်ပြီး မြန်မာနိုင်ငံက လာရောက်ခဲ့သူတွေနဲ့ တွေ့ဆုံကာ သက်သေခံ အထောက် အထားတွေကို စုစည်းခဲ့တာ ဖြစ်ပါတယ်။
ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေ အသေးစိတ်ကို လေ့လာဆန်းစစ်မှုအရ တနိုင်ငံလုံးမှာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ အနေအထားမျိုးလို့လည်း အချက်အလက် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် အင်ဒိုနီးရှား တရားရှေ့နေချုပ် မာဇူကီ ဒါရူဆာမန်က ပြောပါတယ်။
ဂျနီဗာမှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ကုလသမဂ္ဂ သံအမတ်ကြီး ဦးထင်လင်းကတော့ ၂ နှစ် သက်တမ်းသာ ရှိသေးတဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီ အခြေခံစံနှုန်းတွေ၊ ပြီးတော့ ငြိမ်းချမ်းရေးအတွက် ကြိုးစား ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုလည်းကြိုးစား အကောင် အထည် ဖော်နေတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင်ပြည်နယ်မှာ မြေထိုးစက်တွေ မြေညှိနေတဲ့ကိစ္စက ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့် သူတွေကို လက်ခံရေး အတွက် အခြေခံ အဆောက် အအုံတွေ ဆောက်လုပ်နေတဲ့ အစိုးရရဲ့ ဆောင်ရွက် ချက်တွေလို့ ဦးထင်လင်းက ပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို အစီရင်ခံတဲ့ လူ့အခွင့်အရေး ကောင်စီ အစည်း အဝေးမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အပြင် မြန်မာရဲ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကလည်း ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။








