IS အပေါ် အမေရိကန်နဲ့ အာရပ် ၅ နိုင်ငံ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန်နဲ့ မဟာမိတ် အာရပ် ၅ နိုင်ငံ တို့ဟာ ဆီးရီးယား နိုင်ငံထဲက IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ၊ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။
အခု စစ်ဆင်မှုမှာ ဆွန်နီ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က ပထမဆုံး ပါဝင် ပံ့ပိုး ခဲ့ကြတယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေး စစ်ဌာနချုပ်က ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယား အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိတဲ့ IS အဖွဲ့ရဲ့ လေ့ကျင့်ရေး ကွင်းတွေ၊ ကွပ်ကဲရေး အဆောက်အအုံတွေ၊ ယာဉ်တွေနဲ့ သိုလှောင်ရုံတွေ ပျက်စီး သွားတယ်လို့ အမေရိကန် စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
အမေရိကန်က တိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲမှာ IS အဖွဲ့ ဌာနချုပ် ရှိရာ ဆီးရီးယား မြောက်ပိုင်းက ရက်ကာ မြို့လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် IS စစ်သွေးကြွ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဗြိတိန် အခြေစိုက် စောင့်ကြည့်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ မစခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဆီက ကြိုတင် အကြောင်းကြားတဲ့ စာတစောင်ကို ရခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။




