ယူကရိန်းက ဘာကြောင့် ဘယ်တော့ ဘယ်မှာ တန်ပြန် ထိုးစစ်ဆင်နိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အိုလာချဲနစ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း၊ ယူကရိန်း
ယူကရိန်းက ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ အတွက် မကြာခင်မှာ တန်ပြန်ထိုးစစ်တွေ စတင်တော့မယ်လို့ လေ့လာသူတော်တော်များများက ခန့်မှန်းထားကြပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားတပ်တွေကို ထိန်းထားပြီး စစ်ပန်းအောင်ပဲ လအတော်များများ အာရုံစိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ယူကရိန်းနဲ့ အနောက်တိုင်းက မဟာမိတ်တွေဘက်က တာဝန်ရှိသူတွေက သိသိသာသာရော မသိမသာနဲ့ပါ နွေဦးကာလ ထိုးစစ်ကြီးတခု စတင်တော့မယ့် အရိပ်အယောင်တွေ ပြနေခဲ့ကြပါတယ်။ ယူကရိန်းကလည်း သူတို့ တပ်ဖွဲ့တွေနဲ့ စစ်လက်နက် ပစ္စည်းတွေကို ပြင်ဆင်နေကြတာ အားလုံးအသိ ဖြစ်ပါတယ်။
သမ္မတ ဗလော်ဒီမီယာ ဇာလန်းစကီးကလည်း သူတို့ဘက် တန်ပြန်ထိုးစစ် ဆင်ဖို့ အချိန်လိုနေသေးတယ်လို့ ပြောသလို ယူကရိန်းစစ်တပ်ကလည်း ကတိပြုထားတဲ့ စစ်အကူအညီတွေ ရဖို့ကို စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။
ကိဗ် မြို့က သူ့ ဌာနချုပ်ထဲမှာ သမ္မတ ဇာလန်းစကီးက နေတိုးက လေ့ကျင့်ပေးထားတဲ့ တိုက်ပွဲဝင် တပ်မကြီးတွေ အဆင်သင့် ဖြစ်နေပြီ ဆိုပေမဲ့ သံချပ်ကာ ယာဉ်တွေ အပါအဝင် တချို့ အရာတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ အဲဒီ အရာတွေက အသုတ်လိုက် ရောက်လာနေကြတာ ဖြစ်ပါတယ်။
ဘီဘီစီလို သတင်းဌာန တခုဖြစ်တဲ့ Eurovision News နဲ့ တွေ့ဆုံခဲ့ရာမှာ သမ္မတက အခုရှိသလောက်နဲ့ ထိုးစစ်ဆင်လည်း အောင်မြင်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကျအဆုံး များနိုင်တယ်၊ ဒါကိုတော့ လက်မခံနိုင်ပါဘူး။ ဒါကြောင့် အချိန်နည်းနည်း ထပ်ပြီး စောင့်နေတာပါလို့ သမ္မတ ဇာလန်းစကီးက ပြောပါတယ်။
ယူကရိန်း အာဏာပိုင်တွေကလည်း ထိုးစစ်နဲ့ ပတ်သက်လို့ သိပ်မမျှော်လင့်ကြစေဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလ အစောပိုင်းကပဲ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိကြီး တယောက်က နိုင်ငံ့ ခေါင်းဆောင်တွေက အောင်မြင်မှု ရဖို့ အရေးကြီးတယ်ဆိုတာ နားလည်ထားကြတယ်၊ ဒါပေမဲ့ ၁၅ လ ကြာနေပြီ ဖြစ်တဲ့ ဒီစစ်ပွဲမှာ ဒီထိုးစစ်နဲ့ ပွဲသိမ်းပစ်နိုင်မယ်လို့တော့ မရှုမြင်သင့်ဘူးလို့ ဆိုပါတယ်။
ထိုးစစ် အစီအမံတွေကတော့ လျှို့ဝှက်ထားတာကြောင့် ဒီထက် ပိုသိဖို့ ခက်ပါတယ်။ ဒါပေမယ့် ယူကရိန်းဟာ ရန်သူကို လှည့်ဖျားဖို့တော့ လုပ်မယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။ ယူကရိန်းဘက်က ရှေ့မှာ လုပ်သွားမယ့် ခြေလှမ်းတွေနဲ့ ပတ်သက်လို့ သိနိုင်သမျှကို ဖော်ပြပေးထားပါတယ်။
တန်ပြန်ထိုးစစ်ဆိုတာ ဘာလဲ
တန်ပြန်ထိုးစစ် ဆိုတာ အစပိုင်းမှာ ခုခံကာကွယ်နေရတဲ့ဘက်က စစ်ဆင်ရေးကြီးတခု ပြန်လည် ဆင်နွှဲတာကို ခေါ်တာ ဖြစ်ပါတယ်။ ဥပမာ ပြရရင် ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလ အတွင်းက နိုင်ငံအရှေ့မြောက်ပိုင်း ဟာကိ ဒေသတွင်းမှာ ယူကရိန်း တပ်တွေက ၆ ရက်အတွင်း စတုရန်း ကီလိုမီတာ ၈၀၀၀ ကျယ်တဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီထိုးစစ်နဲ့ ပတ်သက်လို့ ဒီလောက် ရိုးရိုးရှင်းရှင်း မရှုမြင်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ယူကရိန်း ကာကွယ်ရေး ဝန်ကြီးရဲ့ အကြံပေး ယူရီဆာ့ခ်က တန်ပြန်ထိုးစစ်ဆိုတာ ခရာမှုတ်လိုက်တာနဲ့ စပြီး အချိန်အတိုင်းအတာ တခဏအတွင်း ပြီးသွားတာမျိုးမဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။ ဒါက အင်မတန် အင်တိုက်အားတိုက် ပြင်းပြန်းထန်ထန် တိုက်ရတဲ့ စစ်မျိုးဖြစ်တယ်။ တခြား အကြောင်း အချက်တွေလည်း အများကြီး ထည့်စဉ်းစားပြီး တိုက်ရတာမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေ ဘယ်တော့လောက် စတင်မလဲ
မစ္စတာ ဆာ့ခ်က သူတို့ ဘက်က အဆုံးအရှုံး နည်းနိုင်သမျှ နည်းနည်းနဲ့ အောင်မြင်မှုကို ရနိုင်သမျှ အများဆုံး ရဖို့ သေချာပြီဆိုမှ တန်ပြန်ထိုးစစ် ဆင်မယ်လို့ ပြောပါတယ်။ ရုရှားဘက်ကလည်း ခံစစ်လိုင်းတွေကို ခိုင်မာအောင် ပြင်ဆင်ထားဖို့ အချိန်ရထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပေါ် တိုးတက်မှုတွေကို ကြည့်ရင်တော့ တန်ပြန်ထိုးစစ် စဆင်ဖို့ ပြင်ဆင်မှုတွေ စနေပြီလို့ ပြောနိုင်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်းကပဲ ရုရှားတောင်ပိုင်းနဲ့ ရုရှား သိမ်းယူထားတဲ့ ခရိုင်းမီးယားထဲမှာ ရှိတဲ့ လောင်စာဆီ သိလှောင်တဲ့ နေရာတွေမှာ မီးတွေ လောင်ခဲ့ပါတယ်။ အဲဒီထဲက တနေရာက ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားအနီးက ခရာ့ဆွန်ဒါ ဒေသထဲမှာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်ထဲမှာတင် ရုရှား နယ်စပ်ဒေသ ဘရီယန့်စ်ခ် ထဲမှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပြီး ကုန်ရထားတွေ လမ်းချော်တာတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဓာတ်အားလိုင်းတွေ ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ လုပ်ခဲ့တာလို့ မပြောပါဘူး။ တဖက်မှာတော့ ယူကရိန်းစစ်တပ်က ရုရှားရဲ့ သယ်ပို့ စနစ်တွေ ပြတ်တောက်အောင် လုပ်တာကလည်း စောင့်မျှော်နေတဲ့ တန်ပြန်ထိုးစစ်ကြီးအတွက် ပြင်ဆင်မှုတွေရဲ့ တစိတ်တဒေသ ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားမှာလည်း လုံခြုံရေးအတွက် စိုးရိမ်လို့ ဆိုပြီး သူတို့ နှစ်စဉ်ကျင်းပတဲ့ နာဇီဂျာမနီအပေါ် အောင်ပွဲနေ့ အခမ်းအနားတွေကို အကျဉ်းရုံးပြီး ကျင်းပခဲ့ပါတယ်။ ကိယဗ် အစိုးရက အကြမ်းတိုက်ခိုက်မှုတွေလို တိုက်ခိုက်မှုမျိုးတွေကို လုပ်ခဲ့တာ၊ ဆက်လုပ်သွားဖို့ စီစဉ်နေတာတွေကို သိထားပြီး ဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်အတွင်း လုံခြုံမှု ရှိဖို့ အထူးတပ်ဖွဲ့တွေက စွမ်းနိုင်သမျှ ဆောင်ရွက်နေကြပါတယ်လို့ ကရင်မလင်ရဲ့ ပြောခွင့်ရ ဒီမီထြီ ပရက်စ်ကော့ဗ်က ပြောပါတယ်။
တန်ပြန်ထိုးစစ်အတွက် ယူကရိန်း ဘယ်လို ပြင်ဆင်နေသလဲ
ယူကရိန်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်က စပြီး ကြီးကြီးမားမား ထိုးစစ်ဆင်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။ ဆောင်းရာသီ ကာလတွေအတွင်းမှာလည်း ရုရှားတပ်တွေကို တွန်းလှန်ပစ်တာနဲ့ အရန်အင်အားတွေကို ချွေဖြုန်းပစ်တာမျိုးတွေကိုသာ လုပ်နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီး ယူကရိန်းမှာ ရုရှား တပ်ဖွဲ့ဝင် ၂၀,၀၀၀ လောက် ကျဆုံးခဲ့ရပြီး ဖြစ်တယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။ နောက်ထပ် တပ်ဖွဲ့ဝင် အင်အား ၈၀,၀၀၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီက နောက်ဆုံး ထောက်လှမ်းရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။ ဘီဘီစီကတော့ ဒါနဲ့ပတ်သက်လို့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိပါဘူး။
လက်ရှိအနေအထေားအရ ယူကရိန်းဟာ တပ်မ ၁၂ ခုကို ပြင်ဆင်နေပြီး တပ်ဖွဲ့ဝင် အင်အား ၄၀,၀၀၀ ကနေ ၅၀,၀၀၀ လောက် အကြားမှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကိယဗ်ဟာ မဟာမိတ် အနောက်နိုင်ငံတွေက ကတိပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေထဲက အတော်များများကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။
ယူကရိန်းတာဝန်ရှိသူတွေကတော့ ဧပြီလကုန်ပိုင်းနဲ့ မေလ ဆန်းလောက်မှာ တန်ပြန်ထိုးစစ်တွေ စတင်နိုင်လောက်မယ်လို့ ပြောထားပါတယ်။ အမေရိကန် မီဒီယာတွေမှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒီအချိန်ပိုင်းကိုပဲ စတင်မယ်လို့ ဖော်ပြကြပါတယ်။
ဒါပေမယ့် ဒီလို ကြီးမားတဲ့ ထိုးစစ်ကြီးတွေ စတင်ဖို့ ဆိုရာမှာ ရာသီဥတု အခြေအနေအပါအဝင် အကြောင်းအချက် များစွာပေါ် မူတည်နေပါတယ်။ ယူကရိန်း အရှေ့ဖျားနဲ့ တောင်ပိုင်းဒေသတွေမှာ ဧပြီလဆိုရင် မိုးများတာကြောင့် သံချပ်ကာကားတွေလို ယာဉ်တွေအဖို့ ရွှံ့ညွန်ထဲမှာ အရှိန်နဲ့ မောင်းနှင်ဖို့ တော်တော် အခက်ကြုံနိုင်ပါတယ်။
ဒါပေမယ့် မေလဆန်းပြီ ဆိုတာနဲ့ ရာသီဥတုက ခြောက်သွေ့လာပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူကရိန်း ရဲ့ တန်ပြန်ထိုးစစ် စတင်ဖို့ ပြောဆို ဆွေးနွေးသံတွေ ညံလာနေတာဖြစ်ပါတယ်။
ရုရှား စစ်ဘလော့ဂ်ဂါတွေ၊ ဗာဂနာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယက်ဗ်ဂျန်နီ ပရီဂိုဇင်တို့လို လူတွေကလည်း ယာဉ်တွေ မောင်းလို့ရတဲ့အထိ မြေမာလာပြီ ဖြစ်တဲ့ မေလ ၁၅ ရက်မတိုင်ခင်မှာ စတင်လိမ့်မယ်လို့ ခန့်မှန်း နေကြပါတယ်။
ယူကရိန်းက ဘာကြောင့် တန်ပြန် ထိုးစစ် ဆင်မှာလဲ
ယူကရိန်း အာဏာပိုင်တွေကရော အနောက်တိုင်း မဟာမိတ်တွေကပါ ယူကရိန်း တန်ပြန် ထိုးစစ်အောင်မြင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ သမ္မတ ဗလော်ဒီမီယာ ဇာလန်းစကီးက ယူကရိန်းဆီက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူချင်နေပါတယ်။ နောက်ပြီး ဥရောပနဲ့ အမေရိကန် အစိုးရတွေက ယူကရိန်းစစ်တပ်ကို ကူညီပေးထားတွေဟာ အကျိုးဖြစ်စေတယ်ဆိုတာကို ပြသချင်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အောင်မြင်မှုရဖို့ အတွက်တော့ ယူကရိန်းစစ်သည်တွေဟာ အတားအဆီးတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ သူတို့မှာ ရုရှားတပ်တွေလောက် စစ်သည်အင်အားရော ယာဉ်ရထားတွေလည်း မရှိပါဘူး။ နောက်ပြီး လေတပ် အင်အားအရဆိုလည်း ရုရှားဘက်က အရေအတွက်ရော အရည်အသွေးမှာပါ အကြီးအကျယ် အသာရထားပါတယ်။
ဒီလို လေတပ် အင်အားမမျှတာကို ချေဖျက်ဖို့ ဆိုရင် ယူကရိန်း တပ်ဖွဲ့တွေဘက်မှာ ရွေ့လျား လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အများကြီး လိုပါတယ်။ ဒါပေမယ့် မေလဆန်းတဲ့ အထိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်ဖို့အတွက် လုံလောက်တဲ့ အရေအတွက် မရရှိသေးပါဘူး။
တချိန်တည်းမှာပဲ ရုရှားစစ်တပ်မှာလည်း သူတို့ တပ်တွေကို ဟန်ချက်ညီဖို့နဲ့ လေ့ကျင့်ရေးတွေမှာ အခက်အခဲတွေ ရှိနေပါတယ်။ နောက်ပြီး စိတ်ဓာတ်ရေးရာကလည်း တော်တော်ကျဆင်းနေပါတယ်။
မာရင်ကာ၊ ဗာလဲဒါ၊ အာ့ဗ်ဒစ်ဗ်ကာ နဲ့ ဘာ့ခ်မုတို့မှာ ရုရှားတပ်တွေဟာ အောင်မြင်မှုမရဘဲ စစ်ပဲပန်းကုန်ကြပါတယ်။ အထူးသဖြင့် လက်နက်ခဲယမ်း အလုံအလောက် မဖြည့်တင်းပေးနိုင်တာမျိုးတွေ ရှိလာပါတယ်။
တန်ပြန် ထိုးစစ် ဘယ်နေရာမှာ ဖြစ်မလဲ
အလစ်အငိုက် ရယူတိုက်ခိုက်ဖို့အတွက် ယူကရိန်းခေါင်းဆောင်တွေက ဘယ်နေရာမှာ ဘယ်လို စီစဉ်တိုက်ခိုက်မယ်ဆိုတာကို လျှို့ဝှက်ထားပါတယ်။ စစ်ရေး သုံးသပ်သူတွေနဲ့ ကျွမ်းကျင်သူတွေကတော့ ယူကရိန်းထဲက ရွေးချယ်နိုင်လောက်တဲ့ နေရာဒေသ တော်တော်များများကို ထောက်ပြကြပါတယ်။

အဲဒီထဲက တနေရာက နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပြီး ဇာပိုရီးရှား ဒေသထဲမှာ ဖြစ်ပါတယ်။ အဲဒီဒေသကနေ ထိုးစစ်ဆင်ရင် ရုရှားအတွက် တံတားလို ဖြစ်နေတဲ့ ခရိုင်မီးယားနဲ့ ဒွန်ဘာ့စ် ဒေသကို ချိတ်ပေးထားတဲ့ လမ်းကြောင်းကို ဖြတ်တောက် ပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်ရင် ရုရှား စစ်တပ်အတွက် ထောက်ပို့လမ်းကြောင်းတွေ အကုန် ကမောက်ကမဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း ရုရှားက အဲဒီ ဒေသကို အကြီးအကဲ ခံစစ်ပြင်ထားပါတယ်။ ဧရာမ ကတုတ်ကျင်းကြီးတွေ အပါအဝင် ခံစစ်လိုင်းတွေ အထပ်ထပ် ချထားပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းအရှေ့ဖျားက ဘာ့ခ်မု မြို့မှာလည်း စစ်ပွဲအတွင်း အရှည်ကြာဆုံးနဲ့ သွေးမြေအကျဆုံး စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ သမ္မတ ဇာလန်းစကီးကတောင် ယူကရိန်း အတွက် စိတ်ဓာတ်ရေးရာ ခံတပ်ကြီးတခုလို တင်စားထားပါတယ်။ ဒီနေရာမှာ အောင်ပွဲရရင် စိတ်ခွန်အားတွေပါ တက်လာစေမှာ ဖြစ်သလို မဟာဗျူဟာအရ အရေးပါတဲ့ ပေါ့ပါ့စ်နာ၊ ဟော်လစ်ဗ်ကာနဲ့ အာ့ဗ်ဒစ်ဗ်ကာ မြို့တွေအနီးက ရုရှား ခံစစ်လိုင်းတွေပါ ပြိုလဲ ကျသွားနိုင်ပါတယ်။
တခြား ဖြစ်နိုင်ခြေတွေက ဟဲဆွန် ရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒါမှမဟုတ် ဗာလဲဒါကနေတဆင့် ဗိုလ်နိုဗာ့ခ်ကာကို ဦးတည်ပြီး ထိုးစစ်ဆင်နိုင်ပါတယ်။ နောက်ပြီး ယူကရိန်း အရှေ့ဖျား လူဟန့်စ်ခ် ဒေသထဲက ဆဗာတိုဗ် နဲ့ ခရင်မီးနားတို့လို အတွင်းက မဟာဗျူဟာ ကျတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ဖို့လည်း ထိုးစစ်ဆင်လာနိုင်ပါတယ်။








