ဗလာဒီမီယာ ပူတင် စစ်ရာဇဝတ်မှု တရားခွင်ကို ရင်ဆိုင် လာရနိုင်လား

၂၀၂၂ မတ်လ တုန်းက လန်ဒန်မှာ ဆန္ဒပြခဲ့ကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ မတ်လ တုန်းက လန်ဒန်မှာ ဆန္ဒပြခဲ့ကြသူတွေ
    • ရေးသားသူ, ရောဘတ် ပလမ်ဘာ
    • ရာထူးတာဝန်, BBC News

နိုင်ငံတကာရာဇဝတ်တရားရုံး (International Criminal Court - ICC) ကနေ ဖမ်းဖို့ ဝရမ်းထုတ်ပေးထားပြီမို့ တောင်အာဖရိကအစိုးရဟာ လာမယ့် သြဂုတ်လ အတွင်း သူတို့နိုင်ငံမှာ ကျင်းပမယ့် ညီလာခံတခုအတွက် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကို ဖိတ်မလား၊ မဖိတ်ဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ စဉ်းစားနေပါတယ်။

အိုင်စီစီရဲ့ ဝရမ်းက တကယ်အသက်ဝင်လာမှာလား၊ မစ္စတာ ပူတင်ကို နိုင်ငံ တခုခုက တကယ့်ကို ဖမ်းပေးချင်သလား စတဲ့ အမေးတွေက ပေါ်ထွက်နေတယ်။

သမ္မတ ပူတင် ဘာတွေ စွပ်စွဲခံနေရသလဲ

သမ္မတ ပူတင်နဲ့ ရုရှားရဲ့ ကလေးအခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး မာရီယာ လဗိုဗာ ဘဲလိုဗာ တို့ကို ဖမ်းဖို့ မတ်လ ၁၇ ရက်နေ့မှာ နိုင်ငံတကာ ရာဇဝတ် တရားရုံး - အိုင်စီစီက ဝရမ်းထုတ်ခဲ့ပါတယ်။

ရုရှားတို့ ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ မှာ ကျူးကျော်ပြီးတဲ့ နောက်ပိုင်း ဥပဒေ ကို ချိုးဖောက်ကာ ယူကရိန်းက ကလေးတွေကို ရုရှားကို ပို့‌ဆောင်လိုက်တာနဲ့ ပတ်သက်ပြီး သူတို့ ၂ ယောက်လုံးမှာ တာဝန်ရှိတယ်လို့ အိုင်စီစီက စွပ်စွဲထားတာပါ။

ကလေးတွေ အဓမ္မ နယ်နှင်ခံနေရတာကို တားဆီးဖို့ သမ္မတတယောက်အနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့် အာဏာရှိပေမဲ့လည်း မတားဆီးခဲ့ဘူးလို့ မစ္စတာ ပူတင်ကို စွပ်စွဲထားပါတယ်။

A Ukrainian child refugee

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကလေးပေါင်း ၁၆,၀၀၀ ကျော်ဟာ ရုရှား သို့မဟုတ် ရုရှား ထိန်းချုပ်ထားတဲ့ နယ်မြေ တွေဆီကို အပို့ခံခဲ့ရတယ်လို့ ယူဆကြ

ယူကရိန်း အမျိုးသား သတင်းအချက်အလက်များ ဗျူရိုက စာရင်းတွေ အရ ကလေးပေါင်း ၁၆,၂၂၁ ယောက် ရုရှားကို အဓမ္မရွှေ့ပြောင်း ခံခဲ့ရတယ်လို့ သိရ ပါတယ်။

အိုင်စီစီက ဒီအမှုစွဲတင်တာကို လက်ခံခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ယူကရိန်းက သူ့ရဲ့ ပိုင်နက်နယ်မြေအတွင်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို စုံစမ်း စစ်ဆေးဖို့ အိုင်စီစီကို ဥပဒေကြောင်းအရ လွှဲပေးထားတဲ့ အတွက် ဖြစ်ပါတယ်။

အိုင်စီစီ တရားရုံးအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံထဲက နိုင်ငံခေါင်းဆောင် တယောက်ကို ဖမ်းဝရမ်း ထုတ်ပေးတာ ဒါဟာ ပထမဆုံး အကြိမ်ပါ။

ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက အိုင်စီစီရဲ့ လုပ်ဆောင်ချက်ဟာ "သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်၊ အဲဒီကနေ တဆင့် သမိုင်းဝင်တဲ့ တာဝန်ခံမှု စတင်ပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး - အိုင်စီစီ ဆိုတာဘာလဲ

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ အခြေစိုက်တဲ့ အိုင်စီစီ တရားရုံးက လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားအမြောက်အမြားအပေါ် ရာဇဝတ်ကျူးလွန်မှု (crimes against humanity) စတာတွေနဲ့ စွပ်စွဲခံရတဲ့ လူပုဂ္ဂိုလ်တွေ အပေါ် စုံစမ်း စစ်ဆေးတာ၊ တရားစီရင်တာတွေကို ဆောင်ရွက်ပါတယ်။

ရုမ်း ဥပဒေ ပြဋ္ဌာန်းချက် (Rome Statute)အရ ၁၉၉၈ ခုနှစ်မှာ အိုင်စီစီ တရားရုံးကို ထူထောင်ခဲ့ကြပြီး ၂၀၀၂ ခုနှစ်က စတင်ကာ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ခဲ့ တာပါ။

Exterior view of the International Criminal Court in the Hague

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၁ နှစ်အတွင်း အိုင်စီစီက ပြစ်ဒဏ်စီရင်ခဲ့တဲ့ လူ ၁၀ ယောက်ရှိပါတယ်

တရားရုံးအနေနဲ့ နှစ်စဥ် ရန်ပုံငွေ ပေါင်စတာလင် သန်း ၁၃၀ ရပြီး အမှုပေါင်း ၄၀ ခန့် ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရကာ လူ ၁၀ ယောက် ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။

အိုင်စီစီရဲ့ တရားရေးအရ စီမံဆောင်ရွက်မှုတွေကို လက်ခံမယ်လို့ လက်မှတ်ထိုး သဘောတူထားတဲ့ နိုင်ငံက လောလောဆယ်မှာ ၁၂၃ နိုင်ငံ ရှိပါတယ်။

ဒါပေမဲ့ ရုရှားက လက်မှတ်မထိုးထားပါဘူး။ အမေရိကန်နဲ့ တရုတ်လည်း လက်မှတ် မထိုးထားပါဘူး။

အိုင်စီစီက ပူတင်ကို ဖမ်းနိုင်သလား

အိုင်စီစီအနေနဲ့ စွပ်စွဲခံထားရတဲ့ သံသယမကင်းစရာလူကို ဖမ်းဆီးနိုင်တဲ့ အာဏာ မရှိ ပါဘူး။

တရားရုံးရဲ့ ဥက္ကဋ္ဌ ပီရိုတာ ဟော့ဖ်မန်းစကီးက မစ္စတာပူတင်ကို ဖမ်းဖို့က နိုင်ငံတကာ အသိုင်း အဝိုင်းပေါ်မှာ မူတည်ပါတယ်လို့ ဆိုပါတယ်။

ရုရှားမှာ မစ္စတာ ပူတင်ရဲ့ နိုင်ငံရေး အာဏာကို လက်ရှိကာလမှာ ဘယ်သူမှ စိန်မခေါ်နိုင် ပါဘူး၊ ဒါ့အပြင် ရုရှားက အိုင်စီစီ တရားစီရင်ပိုင်ခွင့်အပေါ် သ‌ဘောတူ လက်မှတ်ထိုး ထားတဲ့နိုင်ငံလည်း မဟုတ်ပါဘူး၊ ဒါ့ကြောင့် ပူတင်ဟာ သူ့နိုင်ငံတွင်းမှာ အဖမ်းခံရနိုင် ဖွယ်ရာ မရှိပါဘူး။

Vladimir Putin and and Maria Lvova-Belova

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သမ္မတ ပူတင်နဲ့ ကလေးအခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး မာရီယာ လဗိုဗာ ဘဲလိုဗာ တို့ ၂ ယောက်စလုံး စွပ်စွဲခံထားရ

မစ္စတာ ပူတင်နဲ့ မစ္စ လဗိုဗာ ဘဲလိုဗာ တို့ကို ဖမ်းဝရမ်းထုတ်တာက "အဓိပ္ပါယ်မရှိ" သလို "တရားဝင်တာမဟုတ်လို့ ပျက်ပြယ်ပြီး ဖြစ်တယ်" လို့ ကရင်မလင်က ပြောခွင့်ရသူ မစ္စ မာရီယာ ဇက်ခါရိုဗာက ဆိုကာ ပယ်ချထားပါတယ်။

ဒါပေမဲ့ အိုင်စီစီ တရားလိုရှေ့နေ ခါလစ် ခန်းက အိုင်စီစီကို ရုရှားက အသိအမှတ် မပြုတာနဲ့ စစ်ရာဇဝတ် မသင်္ကာမှုတွေအတွက် တရားစွဲခံရခြင်းကနေ ဒီ ၂ ယောက်က ကင်းလွတ်သွားမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

"နိုင်ငံတကာဥပဒေတွေကို နိုင်ငံအားလုံးက လိုက်နာဖို့ တာဝန်ရှိတယ်" လို့ သူက ‌ပြောပါတယ်။

နိုင်ငံတွေက ဖမ်းဆီးဖို့ လုပ်ကြမလား

ဘရစ် (Brics -Brazil, Russia, India, China and South Africa) နိုင်ငံတွေအဖွဲ့ ရဲ့ ညီလာခံ သြဂုတ်လကျရင် တောင်အာဖရိကမှာ ကျင်းပဖို့ရှိပြီး မစ္စတာ ပူတင် တက်ရောက်မယ့် အစီအစဉ်ရှိပါတယ်။

တောင်အာဖရိကက အိုင်စီစီ လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပြီး တောင်အာဖရိကရဲ့ အစိုးရက မစ္စတာ ပူတင်အပေါ် ထုတ်ထားတဲ့ ဝရမ်းအတိုင်းဆောင်ရွက်မလား၊ နွေးနွေးထွေးထွေးကြိုဆိုရမယ့် ဧည့်သည်အဖြစ် ကြိုမှာလားဆိုတာတွေက ရေရေရာရာ အဖြေ မရှိသေးပါဘူး။

"တောင်အာဖရိကအနေနဲ့ နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ကြည့်ဖို့ လိုဦးမယ်" လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စ နာလေးဒီ ပန်ဒေါက ပြောပါတယ်။

ဒါပေမဲ့ အိုင်စီစီရဲ့ စံတွေက လူတိုင်းအပေါ် တသမတ်တည်း မထားဘူးလို့ သူက စွပ်စွဲရင်း " ပဋိပက္ခတွေမှာ ပြင်းထန်တဲ့ နှိပ်ကွပ်မှုတွေ လုပ်ခဲ့တဲ့ နိုင်ငံတွေ၊ ခေါင်းဆောင်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့ကိုကျ ဘာမှ မထိရဲဘူး" လို့ ဆိုပါတယ်။

တောင်အာဖရိကနဲ့ ရုရှားတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ဖေဖော်ဝါရီ လတုန်းက သူတို့ ၂ နိုင်ငံရဲ့ ရေတပ်တွေ အတူ စစ်ရေးလေ့ကျင့်ခဲ့ကြတာပါ။

အရင်တုန်းကလည်း တောင်အာဖရိကဟာ အိုင်စီစီက ဖမ်း ဝရမ်းကို လျစ်လျူရှုခဲ့ဖူး ပါတယ်။

လူအ‌မြောက်အမြားအပေါ် ရာဇဝတ်ကျူးလွန်မှုနဲ့ ဆူဒန် သမ္မတ အိုမာ အယ် ဘာရှားကို အိုင်စီစီ တရားရုံးက ၂၀၀၉ နဲ့ ၂၀၁၀ တွေမှာ ဖမ်းဝရမ်းထုတ်ခဲ့ဖူးပါတယ်။

ဒါဖိုးမှာ ၂၀၀၃ တုန်းကဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း လူ ၃၀၀,၀၀၀ လောက် သေကြေခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီဖမ်းဝရမ်း ထွက်လာတာပါ။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ သူ တောင်အာဖရိကကို လာတဲ့အခါ တောင်အာဖရိက အာဏာပိုင်တွေက သူ့ကို မဖမ်းခဲ့ပါဘူး။

မစ္စတာ ပူတင်ဟာ အိန္ဒိယကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံ တက်ဖို့ ၂၀၂၃ ဇွန်လထဲမှာ သွားဖို့ရှိသလို စက်တင်ဘာ ကျရင်လည်း အဲဒီမှာ ဂျီ တွမ်တီး (G20) ထိပ်သီးညီလာခံတက်ဖို့ ရှိပါတယ်။

ဒါပေမဲ့ အိန္ဒိယက အိုင်စီစီကို လက်မှတ်ထိုးထားတာ မဟုတ်တော့ အဲဒီမှာ ဖမ်းဝရမ်းကို အကောင်အထည်ဖော်မယ့်ပုံ မရှိပါဘူး။

ရုရှားနဲ့ ရင်းနှီးတဲ့ ဟန်‌‌ဂေရီ အစိုးရကလည်း သူတို့နိုင်ငံအနေနနဲ့ အိုင်စီစီ ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ပေမဲ့လည်း သူတို့ ပိုင်နက်နယ်မြေမှာ မစ္စတာ ပူတင်ကို ဖမ်းမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

အဲဒီလို ဖမ်းပေးရင် သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ လည်း သူတို့က ဆိုပါတယ်။

ယူကရိန်းစစ်ပွဲ စကတည်းက မစ္စတာ ပူတင်က နိုင်ငံ ၈ နိုင်ငံကို ခရီးသွားခဲ့ပါတယ်။ အရင် ဆိုဗီယက်ပြည်ထောင်စုဟောင်း နိုင်ငံ ၇ နိုင်ငံနဲ့ အီရန် နိုင်ငံပါ။ သူတို့အားလုံးက ရုရှားနဲ့ ရင်းနှီးတဲ့ နိုင်ငံတွေပါ။

သူသွားလည်ပတ်တဲ့ နိုင်ငံတွေမှာ သူအဖမ်းခံရဖို့ ဆိုတာက ဖြစ်နိုင်ခြေ သိပ်မရှိ ပါဘူး။

ဒါပေမဲ့ အနာဂတ်မှာတော့ သူ့ကို ဖမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် သူ လွတ်လွတ် လပ်လပ်သွားနိုင်မယ့် နိုင်ငံအရေအတွက် အကန့်အသတ်ရှိလာ နိုင်ပါတယ်။

ပူတင်ကို တရားခွင်ရှေ့မှောက်မှာ စီရင်ဖို့ ဖြစ်နိုင်လား

ပူတင်ကို ဖမ်းမိနိုင်တယ် ဆိုရင်တောင် သူ့ကို အိုင်စီစီ တရားခွင်ရဲ့ ရှေ့ကို ပို့နိုင်ဖို့ ဥပဒေ ကြောင်းအရ အခက်အခဲများစွာ ရှိပါတယ်။

အိုင်စီစီရဲ့ တရားစီရင်မှုကို သဘောတူ လက်မှတ်ထိုးထားတဲ နိုင်ငံတွေကို ကိုယ်စားပြု ပြီး ဒီတရားရုံးကို ထူထောင်ထားတာပါ။ ရုရှားက သဘောတူထားတဲ့ နိုင်ငံတွေထဲမှာ မပါပါဘူး။

ယူကရိန်းက ရုရှားက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး ပေးဖို့ လျှောက်ထားခဲ့ပေမယ့် တကယ်မှာ ယူကရိန်းက အိုင်စီစီ တရားစီရင်ပိုင်ခွင့်ကို သဘောတူ လက်မှတ်ထိုးထားတဲ့ နိုင်ငံတနိုင်ငံ မဟုတ်ပါဘူး။

ဘယ်သို့ ဆိုစေ၊ ရုရှားတို့ ယူကရိန်းမှာ ပြုနေတဲ့ စစ်ရာဇဝတ်မှုတွေဟာ ဆက်လက် ဖြစ်နေတာမို့ သူတို့က တားဆီးဖို့ ကြိုးပမ်းလိုတာကြောင့် အိုင်စီစီ အနေနဲ့ ဒီ ဖမ်း ဝရမ်းကို ထုတ်တာဖြစ်တယ်လို့ ဆိုပါတယ်။