၂၀၂၂ ကမ္ဘာ့ဖလား- ဖီဖာနဲ့ဘီယာ တိုက်ပွဲနောက်ကွယ်ကဇာတ်လမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters
အီကွေဒေါ ပရိသတ် ဂျို့စ်က သူတို့ အသင်းကစားတဲ့ပွဲစဥ်အပြီး အပြန်လမ်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲကွင်းထဲမှာ ဘီယာမရောင်းရဘူးဆိုပြီး ပိတ်ပင်တဲ့ကိစ္စက "အရမ်းစိတ်ပျက်စရာကောင်းတယ်" လို့ ပြောပါတယ်။
"အရက် လုံးဝ မပါတဲ့ ဒီဘီယာတစ်လုံးတော့ ရတယ်။ အရက်မပါပေမယ့် အနည်းဆုံးတော့ အနံ့နဲ့ အရသာတော့ ရသေးတာပေါ့ဗျာ "လို့ အမ်မီလီယိုကတော့ ပြောပါတယ်။
ကာတာက ဘောလုံးကွင်းတွေထဲ ဘီယာမရောင်းရဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ဆုံးမိနစ်ဆုံးဖြတ်ချက်က အရက်နဲ့ပတ်သက်ပြီး ကာလရှည်ကြာ တိုက်ပွဲဝင်နေရတဲ့ ဖီဖာအတွက် နောက်ဆုံးကြုံရတဲ့ တိုက်ပွဲတစ်ခုပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲအများစုမှာ ဘီယာကုမ္ပဏီတွေကို ဖီဖာက စပွန်ဆာပေး တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့လုံခြုံရေးထက် ငွေရဖို့ဦးစားပေးလွန်းတယ်ဆိုတဲ့ ဝေဖန်စွပ်စွဲမှုတွေကလည်း ရှိနေတာပါ။
ဖီဖာကိုယ်တိုင် တားမြစ်ပိတ်ပင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA
ဘီယာမရောင်းရင် ဘောလုံးကွင်းတွေမှာ ပျင်းစရာကောင်းတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘီယာရောင်းပေးဖို့ အိမ်ရှင်နိုင်ငံတွေကို စည်းရုံးစွဲဆောင်နေရတဲ့ကိစ္စက ဖီဖာအတွက် လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာ တွေထဲက တစ်ခုဖြစ်ပါတယ်။
၂၀၀၄ ခုနှစ်မတိုင်ခင်အချိန်အထိကတော့ အဓိက ဘောလုံးပြိုင်ပွဲတွေက ဘောလုံးကွင်းတွေထဲမှာ အရက်ရောင်းချခွင့်ကို ဖီဖာက တားမြစ်ခဲ့ပြီး အရက်မူးနေတဲ့ သူတွေကို ဘောလုံးကွင်းအတွင်းက ဖယ်ရှားဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
ဒါပေမယ့် အဲ့ဒီမူဝါဒကို ပြောင်းပြန်လှန်ပြီး ဖီဖာအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အရက်ရောင်းချဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေးလာတာက အိမ်ရှင်နိုင်ငံတချို့နဲ့ ထိပ်တိုက်တွေ့ရမယ့် လမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။
ပိတ်ပင်မှုတွေ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ အဆုံးသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၄ကမ္ဘာ့ဖလားပြိုင်ကို အိမ်ရှင်အဖြစ် ဘရာဇီးမှာ ကျင်းပခွင့်ပေးလိုက်တာဟာ ပြီးပြည့်စုံတဲ့ အံဝင်ခွင်ကျမှု တခုလို့ အများစုကယူဆကြပါတယ်။
ဘောလုံးရူးသွပ်တဲ့ တောင်အမေရိကနိုင်ငံ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲငါးကြိမ် တိုင်တိုင် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး ပြည်တွင်းမှာလည်း ဘီယာက အလွန်ရေပန်းစားပါတယ်။
ဒါပေမယ့် နိုင်ငံအများစု ကြုံနေရသလိုပဲ ဘရာဇီးလ်ပရိသတ်တွေရဲ့ ဘောလုံးပွဲ အားပေးတဲ့ စိတ်အားထက်သန်မှုကနေ တစတစ်ခါတစ်လေ ကြမ်းကြမ်းတမ်းတမ်းအသွင် ပြောင်းသွားတတ်ပါတယ်။
ပြိုင်ဘက်ပရိသတ်တွေအကြားဖြစ်ပွားလေ့ရှိတဲ့ ရန်ပွဲတွေ ထိန်းနိုင်ဖို့ အစီအမံ တရပ်အနေနဲ့ ၂၀၀၃ ခုနှစ်မှာ ဘရာဇီးဘောလုံးပွဲတွေအတွင်း အရက်ကို တားမြစ် ပိတ်ပင်ခဲ့ပါတယ်။
ဒါပေမယ့် ဖီဖာရဲ့ ကာလရှည်ကြာ ပါတနာ Budweiser ဘီယာကုမ္ပဏီက ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့ အဓိကစပွန်ဆာကုမ္ပဏီဖြစ်နေတဲ့အတွက် အရက်ကို တားမြစ်ထားတဲ့ ဥပဒေကိုပြောင်းလဲရမယ်လို့ အိမ်ရှင်ဘရာဇီးကို ဖီဖာက ဖိအားပေး တိုက်တွန်း ခဲ့ပါတယ်။
"အရက်သောက်တယ်ဆိုတာက ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ၊ ဒါကြောင့် ဒီအချက်ကို ကျွန်တော်တို့ ဆက်ဆွဲကိုင်သွားမယ်။ ကျွန်တော်ပြောတာ နည်းနည်း ပြင်းထန်သွားရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်ရင် ကျွန်တော် တို့ ညှိနှိုင်းမှာ မဟုတ်ဘူး"လို့ ဖီဖာ အထွေထွေအတွင်းရေးမှူး Jerome Valcke က ပြောပါတယ်။
ပြီးတော့ "ကျွန်တော်တို့မှာ ဘီယာရောင်းချခွင့်ရှိတယ်ဆိုတဲ့အချက်က ဥပဒေနဲ့ အညီလုပ်ဆောင်တာဖြစ်တယ်" လို့လည်း သူက ပြောပါသေးတယ်။
ဒီမူဝါဒ အပြောင်းအလဲနဲ့ပတ်သက်ပြီး ဘရာဇီးကျန်းမာရေးဝန်ကြီးက အကြီးအ ကျယ်ကန့်ကွက်ခဲ့သလို မူဝါဒအပြောင်းအလဲကို ထောက်ခံခဲ့တဲ့ ဘရာဇီး သမ္မတ အထူးအကြံပေး မာကို အာရီလီယို ဂါဆီယာကိုလည်း "လူမိုက်" "ကိုလိုနီဝါဒီ" ဆိုပြီး အပြင်းအထန် စွပ်စွဲတိုက်ခိုက် ခဲ့ပါတယ်။
ကန့်ကွက်မှုတွေရှိခဲ့တဲ့ကြားကပဲ ၂၀၁၄ကမ္ဘာ့ ဖလားအိမ်ရှင်ဘရာဇီးဟာ ဘောလုံး ပြိုင်ပွဲအတွင်း အရက်ရောင်းချခွင့် ဥပဒေကို လက်ခံဖို့ ပြောင်းလဲ ခွင့်ပြုပေးခဲ့ရ ပါတယ်။
အဲ့ဒီကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ပြိုင်ဘက်ပရိသတ်တွေအကြား ခိုက်ရန်ဖြစ်ပွားမှု တွေရှိခဲ့ပြီး၊ ရီယိုဒီဂျနေရိုးမြို့မှာကျင်းပတဲ့ ကိုလံဘီယာနဲ့ ဥရုဂွေးအသင်းတို့ ပွဲမှာဆိုရင် ပွဲကြီးကြပ်သူတွေက ရန်ပွဲတွေရပ်သွားအောင် ပရိသတ်တွေကို ခွဲပေးခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။
"လူတွေအများကြီး အရက်မူးနေကြတာ၊ သူတို့ အရက်သောက်ထားတဲ့ပမာဏကို အံ့အားသင့်ရတဲ့ " အကြောင်း အဲ့ဒီအချိန်က ဖီဖာအထွေထွေအတွင်း ရေးမှူး Jerome Valcke က အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘရာဇီးအားကစား ရုပ်မြင်သံ ကြား ကွန်ရက် SporTV ကို ပြောခဲ့ပါတယ်။
အရက်နဲ့ပတ်သက်တဲ့ ဖီဖာ ရဲ့မူဝါဒကို အနာဂတ်မှာ အပြောင်းအလဲလုပ်ဖို့ရှိလားလို့ သူ့ကိုမေးတော့ "အရက် ရောင်းချမှုကို ထိန်းချုပ်ဖို့ လိုအပ်တယ် ထင်ရင် ကျွန်တော် တို့ လုပ်မှာပါ"လို့ ပြန်ဖြေပါတယ်။
ရုရှားဆီ ဖိအားရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမယ့် အဲ့ဒီကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အရက် နဲ့ ပတ်သက်တဲ့ ဖီဖာရဲ့ မူဝါဒ ကြီးကြီးမားမားပြောင်းလဲခဲ့တာ မတွေ့ရပါဘူး။
ဘရာဇီးလိုပဲ ရုရှားကလည်းအဓိက အားကစားပွဲတွေမှာ အရက်ကို ကန့်သတ်ခဲ့တဲ့ ကာလရှည်ကြာ မူဝါဒတွေ ချမှတ်ခဲ့တာရှိပါတယ်။
၂၀၀၅ ခုနှစ်မှာ ရုရှားအစိုးရက အားကစားကွင်းတွေအတွင်း အရက်ရောင်းချမှုနဲ့ အရက်ကြော်ငြာတွေကို တားမြစ်ခဲ့ပါတယ်။
ဆိုချီ ဆောင်းရာသီ ၂၀၁၄ အိုလံပစ်ပြိုင်ပွဲမှာ စပွန်ဆာအနေနဲ့ အရက်အမှတ်တံဆိပ် တွေ ကြော်ငြာတာတွေမရှိခဲ့ဘဲ ၂၀၁၂ခုနှစ်မှာလည်း ရုရှားနိုင်ငံတွင်းက တီဗီ၊ အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာတွေမှာ အရက်ကြော်ငြာထည့်တာတွေ လုံးဝတား မြစ်ခဲ့ပါတယ်။
ဒါပေမယ့် နောက်တစ်နှစ်မှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ကမ္ဘာ့ဖလားပွဲတွေမှာ အရက်ရောင်းချ ခွင့်ပြုတယ်ဆိုတာနဲ့ ဘီယာကြော်ငြာခြင်းဆိုင်ရာ ကန့်သတ်ချက် အသစ်တွေကို ယာယီဖြေလျှော့တဲ့ ဥပဒေသစ်ကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ် ။
ရိုစတော့ဗ် ဒေသက သူတို့ဒေသတွင်းက အားကစားကွင်းတွေ၊ လူစုဝေးရာ နေရာတွေ မှာ အရက်ရောင်းချတာတွေ တားမြစ်ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် တရားဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ခံရတဲ့အတွက် လက်လျှော့ နောက် ဆုတ်လိုက်ရပါတယ်။
ဘာသာရေးအရ ကန့်ကွက်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဓိက ဘောလုံးပြိုင်ပွဲကြီးတွေမှာ အရက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေက ဖီဖာနဲ့ ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေကြားမှာတင် ရှိခဲ့တာ မဟုတ်ပါဘူး။
ယူရို ၂၀၂၂ပြိုင်ပွဲ စပွန်ဆာ Heinekenက သတင်းစာရှင်းလင်းပွဲတွေလုပ်တဲ့ စားပွဲတွေမှာ သူတို့ ဘီယာပုလင်းတွေ တင်ထားတဲ့အတွက် ဘောလုံးသမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာတွေရှိပါတယ်။
ပွဲတပွဲ အပြီး သတင်းစာရှင်းလင်းပွဲတစ်ခုရဲ့ မေးခွန်းမေးမြန်းချိန်မှာ ပြင်သစ်အသင်း ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာက စားပွဲပေါ်က ဘီယာ ပုလင်းတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။
ပေါ့ဂ်ဘာလိုပဲ မွတ်ဆလင်တစ်ဦးဖြစ်တဲ့ သူ့ရဲ့ ပြင်သစ် အသင်းဖော် ကာရင် ဘန်ဇီးမားကလည်း သတင်းစာရှင်းလင်းပွဲမှာ ဘီယာပုလင်းတွေမပါဘဲ ပြောခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်နှစ်ခုစလုံးမှာ ပြိုင်ပွဲစီစဉ်သူတွေက စားပေါ် တင်ထားတဲ့ Heineken ပုလင်းတွေက အရက်လုံးဝမပါတဲ့ ဘီယာပုလင်းတွေဖြစ်ပေမယ့် ပေါ့ဘာနဲ့ ဘန်ဇီမာတို့ နှစ်ဦးလုံးက Heineken နဲ့ သူတို့ ဆက်နွှယ်မှုရှိနေတာကို လက်ခံချင်ကြပုံမရပါဘူး။
နောက်ပိုင်းမှာတော့ UEFA ဥရောပဘောလုံးအဖွဲ့ချုပ်က သတင်းစာ ရှင်းလင်း တွေကျင်းပရင် စားပွဲပေါ်မှာ ဟန်နီကန် ပုလင်းတွေတင်ဖို့ နည်းပြတွေနဲ့ ကစားသမားတွေဆီက ခွင့်ပြုချက်တောင်းဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ အခြားစပွန်ဆာတံဆိပ်တွေကို လက်မခံရင် ဒဏ်ရိုက်မယ်လို့ သတိပေးပါတယ်။
ကာတာရဲ့ တားမြစ်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံတစ်ဝန်း အရက်ရောင်းချမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ အိမ်ရှင်ကာတာနိုင်ငံက ဘာသာရေးကန့် ကွက်မှုတွေကြောင့် အားကစားကွင်းအတွင်း ဘီယာရောင်းချမှု တားမြစ် ပိတ်ပင်တာ ကို ပွဲကျင်းပခါနီး မိနစ်ပိုင်းအလိုမှ ဖီဖာက လက်ခံ သဘောတူလိုက်ရပါတယ်။
ဒါပေမယ့် VIP လက်မှတ်ရှိတဲ့သူတွေကတော့ ပွဲမစမီ၊ ပွဲအတွင်းနဲ့ ပွဲအပြီးမှာ သူတို့ အတွက် အထူးသတ်မှတ်ပေးထားတဲ့ နေရာတွေမှာ အရက် ဝယ်ယူခွင့် ရနေဆဲ ဖြစ်ပါတယ်။
ဘောလုံးပွဲအတွင်း ဘီယာ ရောင်းချခွင့်မပြုတဲ့ ဆုံးဖြတ်ချက်ဟာ Budweiser ဘီယာထုတ်တဲ့ AB InBev ကုမ္ပဏီနဲ့ Fifa တို့ အကြား ဆက်ဆံရေးကို ဘယ်လို အကျိုးသက်ရောက်မှုရှိလာမလဲဆိုတာကတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။
Budweiser က ၁၉၈၀ကျော် နှစ်တွေကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ကို စပွန်ဆာပေးခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ပွဲကို ဒေါ်လာ ၇၅ သန်းလောက် စပွန်ဆာကြေး ပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် Budweiser အမှတ်တံဆိပ်ရဲ့ အိမ်ရှင် အမေရိကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲ အိမ်ရှင် သုံးနိုင်ငံထဲမှာ ပါတဲ့အတွက် AB InBev ကုမ္ပဏီအနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပိုကံကောင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။








