၂၀၂၂ ကမ္ဘာ့ဖလားပွဲ- ကာတာ ကမ္ဘာ့ဖလားမှာ ဘောလုံးပရိသတ် အတုတွေ တကယ်ရှိသလား

ကမ္ဘာ့ဖလား၊ ကာတာ၊ ဘောလုံးပရိသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုံမှန်ဆိုရင် ကမ္ဘာ့ဖလားပွဲတိုင်းမှာ ဘောလုံးပရိသတ်တွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်

ကမ္ဘာ့ဖလားဖွင့်ပွဲမှာ ထိုင်ခုံ ထောင်ပေါင်းများစွာ လွတ်နေတာ တွေ့ခဲ့ရပြီး ဒိုဟာမြို့ရဲ့ လမ်းတွေပေါ်မှာ ငွေပေးပြီးလာခိုင်းထားတဲ့ ဘောလုံးပရိသတ်အတုတွေနဲ့ ပြည့်လျှံနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ တိုးတိုးလာနေတာမို့ ကာတာနိုင်ငံက ဘောလုံးပရိသတ် လူအုပ်ကြီးတွေက လူတွေအာရုံစိုက်စရာ ထပ်ဖြစ်လာခဲ့ပြန်ပါတယ်။

ဒိုဟာမှာ ဘောလုံးပရိသတ်အတုတွေ ရောက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံအတော်များများဆီက တကယ့်ဘောလုံးပရိသတ် အစစ်တွေကို လေယာဉ်လက်မှတ်နဲ့ တည်းခိုစရိတ် အလကားပေးပြီး ဒီကမ္ဘာ့ဖလားပွဲအကြောင်း အကောင်းပြောတဲ့ ပို့စ်တွေကို ဆိုရှယ်မီဒီယာပေါ်တင်ဖို့၊ လိုက်ခ်တွေ ရှယ်တွေ လုပ်ဖို့ ခိုင်းထားတယ်ဆိုတာကို ဘီဘီစီက ထုတ်ဖော်သိခဲ့ရပါတယ်။

လမ်းတွေပေါ်က ဘောလုံးပရိသတ် အတုတွေ

ကမ္ဘာ့ဖလား၊ ကာတာ၊ ဘောလုံးပရိသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ကိုပါ အမေရိကပွဲမှာ တောင်အမေရိကန်အသင်း နိုင်ခဲ့တုန်းက အိန္ဒိယလူမျိုး အာဂျင်တီးနားနိုင်ငံသား ဘောလုံးပရိသတ်တွေ အောင်ပွဲဆင်ခဲ့ကြပုံ

ကမ္ဘာဖလား ပထမဆုံးပွဲစဉ်မတိုင်ခင်မှာပဲ ကမ္ဘာတဝန်း နိုင်ငံတွေက ဘောလုံးပရိသတ် ရာပေါင်းများစွာကို ဒိုဟာမြို့ပေါ်က လမ်းမတွေပေါ်မှာ အသံကုန်ဟစ်ကြွေး၊ သီချင်းတွေ အော်ဆိုနေကြတာ တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာပေါ်က ကမ္ဘာ့ဖလားအဖွဲ့ကြီးရဲ့ တရားဝင်စာမျက်နှာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုကလစ်တွေကို ကြည့်ပြီး ကမ္ဘာတဝန်းက အသင်းတွေ အများကြီးကို လာအားပေးကြတယ်ဆိုပေမဲ့ ဒီလောက်တောင်များတဲ့ ဘောလုံးပရိသတ်တွေ အရှေ့အလယ်ပိုင်းဒေသက ကာတာနိုင်ငံမှာ ဘာ့ကြောင့် ရောက်နေရတာလဲဆိုတာကို လူတချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။

"တခြားနိုင်ငံအသင်းတွေကို အားပေးဖို့ အဲဒီလူတွေကို ပိုက်ဆံပေးပြီး ခိုင်းထားတာလား၊ ဘယ်လိုကြီးလဲ" လို့ တစ်ယောက်က ကောမန့်မှာ မေးထားပါတယ်။

ဒိုဟာမြို့ ကနေ သတင်းပို့နေတဲ့ ဘီဘီစီက အိန္ဒိယနိုင်ငံ မိသားစုမျိုးရိုးကနေ ကာတာနိုင်ငံသားတစ်ဦး ဖြစ်လာခဲ့သူ အာရွန် ဖာနန်ဒက်စ် ကို မေးကြည့်ခဲ့ပါတယ်။

အာရွန်ကတော့ ဒီလိုကောမန့်မျိုးဟာ အရှေ့အလယ်ပိုင်းဒေသအပေါ် အထင်အမြင် လွဲမှားနေမှုကို ထင်ဟပ်ဖော်ပြနေတယ်လို့ ပြောပါတယ်။

"ကာတာနိုင်ငံမှာ တခြားနိုင်ငံကနေ လူတွေအများကြီး လာရောက် ရွှေ့ပြောင်းနေထိုင်နေကြတာမို့ မတူကွဲပြားတဲ့ နိုင်ငံတကာ အသင်းတွေကို အားပေးတဲ့ ပရိသတ်တွေနဲ့ ပြည့်နေတာ ဘာဆန်းသလဲ" လို့ သူက ပြောပါတယ်။

"ဘောလုံးဝါသနာပါတဲ့ ဘောလုံးဝါသနာအိုးတွေ အိန္ဒိယမှာ အများကြီး ရှိတာပဲ။ အိန္ဒိယလူမျိုးတွေ ဘောလုံးကို ဘယ်လောက်ချစ်သလဲ ဆိုတာကို ဒီကမ္ဘာ့ဖလားပွဲမှာ လူတွေသိသွားကြတာကို ကျွန်တော်သိပ်ဝမ်းသာတာပဲ"လို့ အာရွန်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ခရစ်ကက်ကို နှစ်သက်အားပေးကြတာ နာမည်ကြီးပေမဲ့ ဒီဒေသမှာ ဘောလုံး အားပေးတဲ့သူတွေလည်း အများကြီး ရှိတယ်လို့ သူကပြောပါတယ်။ ကမ္ဘာ့ဖလားပွဲတွေမှာ ဝင်ပြိုင်ခွင့် တစ်ခါမှ မရခဲ့ဖူးတဲ့ အိန္ဒိယလိုမျိုး တိုင်းပြည်တွေမှာ ရှိတဲ့ ဘောလုံးဝါသနာအိုးတွေက သူတို့ကြိုက်တဲ့ တခြားနိုင်ငံအသင်းတွေကို ရွေးချယ် အားပေးကြသလို အဲဒီနိုင်ငံအသင်းတွေ ကစားတဲ့နေရာတွေဆီ ကိုယ်တိုင် လာအားပေးကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဖလား၊ ကာတာ၊ ဘောလုံးပရိသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဂျင်တီးနားအသင်းကို အားပေးထောက်ခံတဲ့ ဘောလုံးပရိသတ် လူအုပ်ကြီး

အာရွန်ဟာလည်း Fifa Fan Movement နဲ့ Qatar Fan Leader scheme ဆိုတဲ့ ဘောလုံးဝါသနာအိုး ကလပ် စီမံကိန်းနှစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲဒီစီမံကိန်းနှစ်ခုဟာ ဖီဖာအဖွဲ့နဲ့ ကာတာနိုင်ငံရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတော် ကျင်းပရေးကော်မတီက လုပ်တဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။

တကယ်လို့ Fan Leader scheme စီမံကိန်းမှာ ပါတဲ့အတွက် သဘောတူချက် တစ်ခုခု လက်မှတ်ရေးထိုး သဘောတူထားရတာ ရှိသလားလို့ မေးကြည့်တဲ့အခါ

"ထုံးစံအတိုင်း တာဝန်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒါက အားကစားကိစ္စပဲ မို့လား။ သူတို့က ဒါကို လုပ်လာတာ နှစ်ပေါင်းများစွာ လုပ်လာကြာပါပြီ။ ဘာမှ အထူးတလည် မရှိပါဘူး" ဆိုပြီး မတင်မကျ ပြန်ဖြေခဲ့ပါတယ်။

အခမဲ့ လေယာဉ်ခနဲ့ ဟိုတယ်ခ

ကမ္ဘာ့ဖလား၊ ကာတာ၊ ဘောလုံးပရိသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘောလုံးပရိသတ်တချို့က လေယာဉ်လက်မှတ်၊ တည်းခိုစရိတ်နဲ့ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား လက်မှတ်တွေ အလကားရခဲ့ကြ

အာရွန်က ရှင်းရှင်းလင်းလင်း ပြန်မဖြေခဲ့ပေမဲ့လည်း Fan Leader programme ကလပ်အသင်းဝင် အတော်များများကို ပြိုင်ပွဲ စီစဉ်သူတွေက မက်လုံး ကောင်းကောင်းတွေ ပေးပြီး ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုး ခိုင်းတာမျိုးတွေ ရှိနေတယ်ဆိုတာကို ဘီဘီစီက လေ့လာသိရပါတယ်။

ဘီဘီစီက တွေ့ရတဲ့ စာရွက်စာတမ်းတွေအရရော၊ ပွဲစီစဉ်သူ တာဝန်ရှိပုဂ္ဂိုလ် အများအပြားဆီက ထွက်ဆိုချက်တွေအရပါ နိုင်ငံခြားသား ဘောလုံးဝါသနာအိုး အတော်များများကို ပွဲဖြစ်မြောက်ရေး အစီအစဉ် တစ်စိတ်တပိုင်းအနေနဲ့ ကာတာနိုင်ငံဆီ အခမဲ့ လေယာဉ်ခတွေနဲ့ တည်းခိုခတွေ ပေးခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ပွဲစီစဉ်သူတွေကတော့ ဒါဟာ ဘောလုံးဝါသနာအိုးတွေကို "အတွေ့အကြုံကောင်းကောင်း ရအောင် လုပ်ပေးတာ"လို့ ဆိုပါတယ်။

အပြန်အလှန်အားဖြင့် ဘောလုံးဝါသနာအိုးတွေဘက်က သူတို့ရဲ့ လူမှုကွန်ရက် ပို့စ်တွေမှာ Supreme Committee လို့ခေါ်တဲ့ ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပွဲတော် ဖြစ်မြောက်ရေး ကာတာကော်မတီရဲ့ အကြောင်းတွေကို တင်ပေးဖို့နဲ့ လိုက်ခ်တွေ၊ ရှယ်တွေ လုပ်ပေးဖို့ သဘောတူပါတယ်ဆိုတဲ့ စည်းမျဉ်းတစ်ခုကို လက်မှတ်ရေးထိုး ပေးရမှာ ဖြစ်ပါတယ်။

အဲဒီသဘောတူချက်ထဲမှာ ဘောလုံးဝါသနာအိုးတွေအနေနဲ့ ကာတာနိုင်ငံရဲ့ ကိုယ်စား ပြောပေးရမှာ မဟုတ်ဘူးလို့ ဆိုပေမဲ့ "Qatar Supreme Committee" ဒါမှမဟုတ် "World Cup Qatar 2022" ကော်မတီတွေကို အပုပ်ချ ပြောဆိုတာမျိုး မလုပ်ရဘူးလို့ ပါရှိပါတယ်။

ဘောလုံးဝါသနာအိုးတွေကို ကမ္ဘာ့ဖလားပွဲ ပထမဆုံးပွဲစဉ်နဲ့ ဖွင့်ပွဲအခမ်းအနား အတွက် လက်မှတ်တစ်စောင်လည်း အလကား ပေးခဲ့တယ်လို့ ဘယ်လ်ဂျီယမ် ဘောလုံးအသင်းရဲ့ ပြန်ကြားရေးအရာရှိ ပီယဲ ကော်နက်ဇ် က ပြောပြပါတယ်။ ဒါက ဘယ်လ်ဂျီယမ် ဘောလုံးပရိသတ်တွေတင်သာမက "ကမ္ဘာ့ဖလားပွဲမှာ ဝင်ကစားတဲ့ နိုင်ငံတွေက ပရိသတ်တွေအားလုံး" ပါတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ဒီအစီအစဉ်မှာပါတဲ့ ဘောလုံးဝါသနာအိုးတွေအားလုံးက သဘောတူချက်ကို လက်မှတ်မထိုးကြဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ဖလား၊ ကာတာ၊ ဘောလုံးပရိသတ်
ဓာတ်ပုံ ပုံစာ, ကာတာကို မလာခင် Fan Leaders ကလပ်အဖွဲ့ဝင်တွေ လက်မှတ်ထိုးခဲ့ရတဲ့ စည်းမျဉ်းစာရွက်စာတမ်း ကော်ပီ

ကာတာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး၊ LGBTQ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ချိုးဖောက်ခံနေရချိန်မျိုးမှာ အဲဒီမှာ ကမ္ဘာ့ဖလားပွဲ ကျင်းပခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ အကြမ်ကြိမ် ဝေဖန်ခံနေရပါတယ်။

ဒါ့ကြောင့် ကာတာနိုင်ငံရဲ့ Fan Leader scheme အစီအစဉ်ဟာ ကမ္ဘာ့ဖလားပွဲရဲ့ ပုံရိပ်ကို မြှင့်တင်ပေးဖို့ ကြိုးစားမှု သက်သက်သာ ဖြစ်တယ်လို့ သီးခြားလွတ်လပ်တဲ့ အခြေခံ ဘောလုံးဝါသနာအိုး ကလပ်တချို့က ယူဆနေကြပါတယ်။

Fan Supporters Europe ရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မာသာ ဂျဲန်းစ်က အရင်ဘောလုံးပွဲစဉ်ကြီးတွေမှာ ဒီလို အစီအစဉ်စနစ်မျိုး သုံးတာ သူတစ်ခါမှ မကြားဖူးဘူးလို့ ပြောပါတယ်။

"ဒါက ဘောလုံးဝါသနာအိုးတွေရဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ ဘောလုံးဝါသနာအိုး လိမ်လည်မှုကြီးပါ" လို့ မာသာ ကပြောပါတယ်။

"အတော့်ကို ထူးဆန်းပါတယ်။ ဒါက လိမ်လည်လှည့်ဖျားမှုပါ။ မှားယွင်းနေပါတယ်။"

ဒါပေမဲ့ Supreme Committee ကတော့ ဒီအစီအစဉ်ကို ကာကွယ်ပြောခဲ့ပါတယ်။

"ကာတာနိုင်ငံရဲ့ Fan Leader scheme အစီအစဉ်က နိုင်ငံပေါင်း ၅၉ နိုင်ငံက ဘောလုံးဝါသနာအိုးတွေရဲ့ လိုအပ်ချက်တွေ စိုးရိမ်မှုတွေကို နားလည်နိုင်စေဖို့ Supreme Committee ကို အထောက်အကူ ပေးခဲ့ပါတယ်။"

"သူတို့အနေနဲ့ မလုပ်မနေရ လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်တာ ဒါမှမဟုတ် အကြောင်းအရာတွေ ဝေမျှတာတွေ လုပ်စရာမလိုပါဘူး။ ကာတာရဲ့ ဧည့်သည်တော်တွေအနေနဲ့ ကာတာကို လာကြတဲ့ ဘောလုံးဝါသနာအိုးတွေ အားလုံးက သူတို့သဘောဆန္ဒအလျောက် အခမဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။"