တွစ်တာ တကယ့် ဇာတ်သိမ်းခန်းရောက်နေပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, Zoe Kleinman
- ရာထူးတာဝန်, Technology editor
တွစ်တာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွစ်တာ ပျက်တော့မယ် RIPTwitter ဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားတွေ ပြောဆိုမှု ရေပန်းစားနေတာကို တွေ့လာရပါတယ်။
တွစ်တာကို အီလွန် မာ့စ်ခ် ဝယ်ယူပြီးနောက်ပိုင်း လုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် တွစ်တာ အသုံးပြုသူတွေရော၊ တွစ်တာ ဝန်ထမ်းတွေကြားမှာပါ မကျေနပ်မှုတွေ ရှိလာနေခဲ့တာ ဖြစ်ပါတယ်။
ဘီလျံနာသူဌေး အီလွန်မာ့စ်ခ်က တွစ်တာကို အပြီးသတ် ဝယ်ယူအပြီး တပတ်အကြာမှာ ဝန်ထမ်းတဝက်ကို ဖြုတ်ခဲ့သလို ကျန်ဝန်ထမ်းတွေဟာလည်း ကြာကြာနဲ့ ပင်ပင်ပန်းပန်း လုပ်ရတော့မယ်လို့ အီးမေးပို့မှုကြောင့် နောက်ထပ် နုတ်ထွက်လာတွေတဲ့ တွစ်တာဝန်ထမ်းတွေလည်း အများအပြား ရှိလာနေပါတယ်။
အခုလို နုတ်ထွက်နေကြတဲ့ ဝန်ထမ်းတွေထဲမှာ တွစ်တာမှာ ဖော်ပြထားတဲ့ ကိုယ်ရေးရာဇဝင်အရ အင်ဂျင်နီယာတွေ၊ ဆော့ဖ်ဝဲရေးသူတွေ၊ ကွန်ပျူတာကို ညွှန်ကြားနိုင်တဲ့ သင်္ကေတတွေ ရေးသားသူတွေလည်း အတော်အတန် ပါဝင်နေကြတာကို တွေ့ရပါတယ်။
အခုလို ပါဝင်နေသူတွေဟာ တွစ်တာတခုလုံး လည်ပတ်အလုပ်လုပ်နေဖို့ အရေးပါတဲ့နေရာမှာ ရှိနေသူတွေ ဖြစ်တဲ့အတွက် ဒီလိုလူတွေပါ နုတ်ထွက်တဲ့အထဲ ပါဝင်လာမှုကြောင့် တွစ်တာ ပျက်သွားနိုင်တဲ့ အကြောင်းအရင်း နှစ်ခု ရှိတာကိုတွေ့ရပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
တွစ်တာကို ဟက်ကာတွေက နှောက်ယှက် ထိန်းချုပ်သွားနိုင်မလား
တွစ်တာသာမက ဘီဘီစီအပါအဝင် ဝက်ဘ်ဆိုဒ်ကြီးတွေဟာ ဟက်ကာတွေက နှောက်ယှက်ထိန်းချုပ်လာနိုင်တဲ့ အန္တရာယ်အမြဲ ရှိနေတာ ဖြစ်ပါတယ်။
တွစ်တာမှာဆိုရင်တော့ စောင့်ကြည်သူ သန်းနဲ့ချီပြီး ရှိနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ နာမည်ကျော်ကြား လူသိများသူတွေရဲ့ အကောင့်တခုချင်းစီကတော့ ဝက်ဘ်ဆိုဒ်တခုလုံးထက် နှောက်ယှက် ထိန်းချုပ်ရတာ ပိုလွယ်ကူနိုင်တဲ့ ပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။
အခုလို နှောက်ယှက်ရာမှာ ဒီဟက်ကာတွေက သူတို့ပြောချင်တဲ့ သတင်းစကားတွေကို အဲဒီနာမည်ကြီးသူတွေရဲ့ အကောင့်တွေကတဆင့် တင်တာကနေ ဒီအကောင့်တွေရဲ့ အင်တာနက် စာမျက်နှာတွေကို ဝင်ကြည့်လို့မရအောင် လုပ်ဖို့ ကြိုးစားတာတွေလည်း နဂိုကတည်းက ရှိနေပြီးသား ဖြစ်ပါတယ်။
အခုလို မဖြစ်ရေးအတွက် ဝက်ဘ်ဆိုဒ်တခုမှာ ဆိုင်ဘာလုံခြုံရေးက အရေးကြီးနေရာမှာ တွစ်တာရဲ့ ဆိုင်ဘာလုံခြုံရေးမှူးချုပ် လီယာ ကစ်စနာက ပြီးခဲ့တဲ့သီတင်းပတ်က နုတ်ထွက်သွားတာကို တွေ့ရပြီး တခြားသူ တဦးတယောက်နဲ့ ပြန်အစားထိုးတယ်ဆိုတဲ့ သတင်းလည်း မကြားရသေးပဲ ဖြစ်နေပါတယ်။
တွစ်တာလို တလမှာ သုံးနေသူ သန်း ၃၀ဝ ရှိနေတဲ့ ဆိုရှယ်မီဒီယာတစ်ခုရဲ့ ဆိုင်ဘာလုံခြုံရေးက လွယ်လွယ် လျော့ရဲသွားနိုင်ခြေ မရှိဘူး ဆိုပေမယ့်လည်း တောက်လျောက် ထိန်းသိမ်းပေးနေဖို့တော့ လိုအပ်ပြီး ဟက်ကာတွေက ရှာတွေ့နိုင်တဲ့ ယိုပေါက်တွေကို တောက်လျှောက် လိုက်ပိတ်နေဖို့ လိုအပ်ပါတယ်။
ဆာဗာတွေ ခြိမ်းခြောက်ခံလာရမလား
တွစ်တာ ပျက်သွားနိုင်တဲ့ နောက်ထပ် အကြောင်းတရားတခုကတော့ တွစ်တာ လည်ပတ်မှုနဲ့ အချက်အလက်တွေ သိမ်းဆည်းရေး အရေးပါတဲ့ ဆာဗာ ကွန်ပျူတာတွေ ပျက်သွားမှု ဖြစ်ပါတယ်။
တွစ်တာကို မကျေနပ်လို့ တမင်ပျက်အောင် လုပ်ခဲ့တာ ဖြစ်နိုင်သလို ပုံမှန် ပြုပြင်ထိန်းသိမ်းမှု မပြည့်စုံ၊ နည်းလမ်းမမှန်လို့လည်း အခုလို တွစ်တာ လည်ပတ်တဲ့ ဆာဗာတွေ ပျက်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။
အခုလို ဆာဗာ ကွန်ပျူတာတွေဟာ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ ဝက်ဆိုဒ်ကြီးတွေ အားလုံးအတွက် အသက်ပဲ ဖြစ်ပြီး ဒီ ကွန်ပျူတာတွေက တောက်လျှောက် လည်ပတ် အလုပ်လုပ်နေရတဲ့အတွက် လျှပ်စစ်ရော၊ အအေးဓါတ်ပါ ပေးထားဖို့လည်း လိုအပ်ပါတယ်။
ဒါ့အပြင် ဒီဆာဗာ ကွန်ပျူတာတွေကို ထိန်းသိမ်းရာမှာ လိုအပ်သလို စက်ပစ္စည်းလဲလှယ်ပေးဖို့လည်း လိုအပ်တာဖြစ်တဲ့အတွက် အချက်အလက် အကူးအပြောင်းတွေလည်း လုပ်ရပြီး တခုခု လွဲချော်သွားမယ်ဆိုရင် သက်ရောက်မှုက ချက်ချင်း ဖြစ်သွားနိုင်ပါတယ်။
အီလွန် မာ့စ်ခ် တွစ်တာ ဝယ်ပြီး နောက်ပိုင်း ဘာတွေဖြစ်ကုန်သလဲ (အချိန်ဇယား)
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၂
တွစ်တာကို တာဝန်ယူလိုက်တဲ့ တွစ်ချုပ်ကြီး
အီလွန် မာ့စ်ခ်က တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူမှု အပြီးသတ်လိုက်ပြီး ချက်ချင်းဆိုသလို ကုမ္ပဏီရဲ့ ထိပ်ပိုင်းအမှုဆောင် ဝန်ထမ်းတချို့ကို အလုပ်ထုတ်လိုက်ပါတယ်။
ဒီလိုလုပ်အပြီးမှာ သူက တွစ်တာရဲ့ သင်္ကေတ ဖြစ်တဲ့ ငှက်ကလေးကို ရည်ညွှန်းပြီး 'ငှက်ကလေး နောက်ဆုံးတော့ လွတ်သွားပြီ' ဆိုပြီး တွစ်တာပေါ်မှာ ရေးသားပြလိုက်ပါတယ်။
အီလွန် မာ့စ်ခ်ဟာ တွစ်တာကို ဦးဆောင်သူအဖြစ် တရားဝင် တာဝန်မယူခင်မှာ သူ့တွစ်တာ အကောင့် ကိုယ်ရေးရာဇဝင်မှာ တွစ်ချုပ်ကြီး ဖြစ်ကြောင်း ရေးတင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ္စကို မြို့မှာ ရှိတဲ့ တွစ်တာရုံးချုပ်ကို လာတဲ့အချိန်မှာလည်း သူရောက်လာပြီ သူ့ရဲ့ တွစ်တာ သိမ်းပိုက်မှုကို သေချာ လက်ခံလိုက်ပါတော့ 'Let that sink in!'လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၂
အမုန်းစကား ပျံ့ပွားမှုနဲ့ ပတ်သက်လို့ ကတိပေးလိုက်ခြင်း
အီလွန်မာ့စ်ခ်ဟာ သူတွစ်တာကို သိမ်းလိုက်ချိန်မှာ တွစ်တာ အသုံးပြုမှု စည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေါ့ပစ်လိမ့်မယ်လို့ ကနဦး ဝေဖန်ခံခဲ့ရပါတယ်။
အဲဒီအခါမှာ သူက တွစ်တာရဲ့ အမုန်းစကား ပြန့်ပွားမှုနဲ့ သတင်းမှား ဆိုင်ရာ စည်းကမ်းတွေကို ဘာမှ မပြောင်းလဲရသေးပါဘူး ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် တွစ်တာမှာ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုတိုင်း မလုပ်ခင်မှာ တွစ်တာမှာ တင်တာတွေကို စောင့်ကြည့် ထိန်းကျောင်းမယ့် ကောင်စီသစ်က တွေ့ဆုံကြမှာဖြစ်ပြီး ဒီကောင်စီမှာ ကျယ်ပြန့်တဲ့ ရှုထောင့်အမျိုးမျိုး ရှိကြသူတွေ ပါဝင်မယ်လို့လည်း အီလွန် မာ့ခ်စ်က ပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၂
တမင်နှောင့်ယှက် ရိုင်းစိုင်းရေး လှုံ့ဆော်မှု ဖြေရှင်းမယ်လို့ဆို
တွစ်တာမှာ လူမျိုးရေး ခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုမှုတွေ များလာရာမှာ ဒီလို အမုန်းစကားပြောသူတွေအတွက် တွစ်တာမှာ နေရာမရှိဘူးလို့ တွစ်တာရဲ့ လုံခြုံစိတ်ချရမှု ဆိုင်ရာ အကြီးအကဲ ယိုဝဲလ် ရော့သ်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် တွစ်တာကို စိတ်ချရတဲ့ လာကြည့်ချင်စဖွယ် လူမှုကွန်ရက်စာမျက်နှာတခုဖြစ်စေရေးအတွက် အခုလို တမင်နှောင့်ယှက် ရိုင်းစိုင်းရေး လှုံ့ဆော်မှုတွေမှာ ပါဝင်သူတွေကို တွစ်တာကုမ္ပဏီက အရေးယူမယ်လို့လည်း သူက ပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၂
မာ့စ်ခ် ကိုယ်တိုင် တွစ်တာမှာ သတင်းမှား ဝေငှ
အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ရဲ့ အမျိုးသားဖြစ်သူကို တူကိုင်ထားသူတဦးက တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက် မမှန်ကန်မှုတွေ အများအပြားပါဝင်တဲ့ ဆောင်းပါးတခုကို အီလွန် မာ့စ်ခ် ကိုယ်တိုင်က တွစ်တာပေါ်တင် ဝေငှမှုလည်း ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဆောင်းပါးကို ဖော်ပြတဲ့ ဝက်ဘ်ဆိုဒ်ဟာ ယခင်ကလည်း သတင်းမှားတွေတင်တဲ့ သမိုင်းကြောင်းရှိထားပြီး မာ့ခ်စ်ကလည်း ဒါနဲ့ပတ်သက်လို့ သူ့ကို ဝေဖန်မှုတွေ များလာတဲ့အခါမှာ သူတင်ထားတာကို ပြန်ဖျက်လိုက်ပါတယ်။
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၂
လောလောဆယ်တော့ ထရမ့်ကို တွစ်တာမှာ ပြန်လက်မခံသေးဘူးလို့ ဆို
အမေရိကန်နိုင်ငံက သက်တမ်း တဝက်ရောက် ရွေးကောက်ပွဲတွေ တပတ်အလို ကာလမှာ ဒေါ်နယ်ထရမ့်ကို တွစ်တာမှာ အကောင့်ပြန်ဖွင့်ပေးမလား ဆိုတဲ့ မေးခွန်းတွေ မေးလာကြပါတယ်။
အီလွန်မာ့စ်ခ်ကတော့ အခုလို မေးခွန်းထုတ်မှုတွေကို တိုက်ရိုက်မဖြေဘဲ ဒီမေးခွန်း တခါအမေးခံရတိုင်းသာ တဒေါ်လာရမယ်ဆိုရင် တွစ်တာက ပိုက်ဆံရိုက်ထုတ်လို့ ရနေပြီ ဆိုပြီးတော့ပဲ တွစ်တာပေါ်မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။
သူအခုလို ရေးသားလိုက်တဲ့နေ့ နောက်ပိုင်းမှာပဲ နယူးယောက်မြို့မှာလုပ်တဲ့ ဟောလိုးဝင်း ပါတီပွဲကို Devil's champion ဝတ်စုံကို ဝတ်ပြီး တက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၂
ဘလူးမာ့ခ် ကို လစဉ်ကြေးပေး ဝယ်ရလို့ ဝေဖန်လာကြ
တွစ်တာဟာ အကောင့်စစ်မှန်ကြောင်း ဘလူးမာ့ခ်ရဖို့အတွက် လစဉ်ကြေး ကောက်ခံမယ် ဆိုတဲ့ သတင်းတွေ စထွက်လာခဲ့ပြီး စာရေးဆရာ စတီဗင် ကင်းက တွစ်တာမှာ ဝေဖန်ပြောဆိုမှုကို မာ့စ်ခ်က သူတို့လည်း လစဉ်ကုန်ကျစရိတ် ပေးရတာရှိပါတယ်လို့ တွစ်တာပေါ်မှာ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၂
မာ့စ်ခ်က ဝန်ထမ်းတွေ စဖြုတ်
တွစ်တာဝန်ထမ်းတွေဟာ သင့်ရဲ့ တွစ်တာမှာ ပါဝင်မယ့် ကဏ္ဍ လို့ အကြောင်းအရာ တပ်ထားတဲ့ အီးမေးတွေကို စတင် ရရှိလာကြပြီး အလုပ်ပြုတ်လား မပြုတ်လား ဆိုတဲ့အကြောင်းကိုလည်း အဲဒီ အီးမေးကတဆင့် သိလာရပါတယ်။
အခုလို တွစ်တာက အလုပ်ဖြုတ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အီလွန် မာ့စ်ခ်က တုံ့ပြန်ရာမှာ တွစ်တာကုမ္ပဏီက တရက်ကို အမေရိကန်ဒေါ်လာ ၄ သန်း ရှုံးနေချိန်မှာ ဒီလို မဖြုတ်လို့ မရဘူး ဆိုပြီး ရေးသားခဲ့ပါတယ်။
တွစ်တာရဲ့ လုံခြုံစိတ်ချရမှုဆိုင်ရာ အကြီးအကဲ ယိုရယ်လ် ရော့သ် က စုစုပေါင်း တွစ်တာ ဝန်ထမ်း ၈၀ဝ၀ နီးပါး ရှိတဲ့အထဲက ၅၀ ရာခိုင်ရာနှုန်း ကို ထုတ်လိုက်ကြောင်း အတည်ပြုခဲ့ပြီး တွစ်တာ အသုံးပြုသူတွေနဲ့ ကြောငြာထည့်သူတွေ အနေနဲ့ တွစ်တာရဲ့ စောင့်ကြပ် ထိန်းသိမ်းနိုင်စွမ်း မပြောင်းလဲဘူးဆိုတာကို စိတ်ချကြဖို့ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၂
တွစ်တာ ထူထောင်သူ ထုတ်ပြောလာ
တွစ်တာကို ပူးတွဲ ထူထောင်သူနဲ့ အမှုဆောင် အရာရှိချုပ်ဟောင်းဖြစ်သူ ဂျက် ဒေါ်ဆီကတော့ တွစ်တာကို အီလွန်မာ့စ်ခ်က ဝယ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောဘဲ နေခဲ့ရာက အဖြုတ်ခံရတဲ့ ဝန်ထမ်းတွေကို တောင်းပန်စကား ပြောလိုက်ပါတယ်။
သူ့အနေနဲ့ တွစ်တာ ကုမ္ပဏီ အရွယ်အစားကို အချိန်တိုအတွင်း များများ ချဲ့ခဲ့မိတဲ့အတွက် ဒီလို အလုပ်တွေ ပြုတ်ကြတာ သူ့မှာ တာဝန်ရှိပါတယ်လို့လည်း ဂျက်ဒေါ်ဆီက ဆိုပါတယ်။
နိုဝင်ဘာလ ၆ ရက် ၂၀၂၂
နောက်ပြောင် အကောင့်ဖွင့်ထားသူတွေကို နှိမ်နင်းလာ
တွစ်တာမှာ ယခင်က အကောင့်အစစ်ရှိပြီးသားကို နောက်ပြောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထပ်ဖွင့်ထားသူတွေ အနေနဲ့ သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ အတိအလင်း ပြောမထားဘူးဆိုရင် အကောင့်ကို အပြီး ဖျက်သိမ်းခံရမယ်လို့ အီလွန် မာ့စ်ခ်က ကြေညာလိုက်ပါတယ်။
ယခင်က အခုလို နောက်ပြောင်တဲ့ အကောင့်ဖွင့်သူတွေ အကောင့်ဖျက်မခံရခင်မှာ ကြိုတင် သတိပေးမှု အရင်လုပ်တဲ့ စည်းကမ်းကို ပြင်ဆင်တာလည်း ဖြစ်ပါတယ်။
အခုလို ပြောင်းလဲမှု လုပ်လိုက်ချိန်မှာ မူလ အကောင့်ကို အီလွန် မာ့စ်ခ်လို့ ပြောင်းပြီး တရားဝင် ပုံစံပေါက်အောင် ဘလူးမာ့ခ် ဝယ်ထားတဲ့ အကောင့်တု အများစုကိုတော့ တွစ်တာက ဖျက်သိမ်းထားခဲ့ပြီး ဖြစ်ပါတယ်။
နိုဝင်ဘာလ ၉ ရက်၊ ၂၀၂၂
တွစ်တာ ဆက်လက် ရပ်တည်ဖို့ ခက်နေလို့ မာ့စ်ခ် ဝန်ထမ်းတွေကို သတိပေး
အီလွန် မာ့စ်ခ် ကိုယ်တိုင် နာမည်ခံပြီး တွစ်တာဝန်ထမ်းတွေကို ပထမဆုံး အီးမေး ပို့ရာမှာ တွစ်တာရဲ့ စီးပွားရေး အခြေအနေ ကောင်းမနေတဲ့အတွက် လစဉ်ကြေး ဝင်ငွေ သိသိသာသာ ရမလာဘူးဆိုရင် စီးပွားရေး အကျဘက်ရောက်တဲ့အချိန်မှာ တွစ်တာကိုယ်တိုင် မရှင်သန်နိုင်လောက်ဘူး ဆိုတဲ့ သတိပေးချက်လည်း ပါဝင်ခဲ့ပါတယ်။
တွစ်တာက တလကို ရှစ်ဒေါ်လာနှုန်းနဲ့ တရားဝင်အကောင့် အမှတ်အသား ဘလူးမာ့ခ်တွေကို ရောင်းချခဲ့ရာမှာ နောက်ပြောင်တဲ့ အကောင့်တုတွေ ပေါ်လာခဲ့ပြီး ယခင် အမေရိကန်သမ္မတဟောင်း ဂျော့ ဒဘလျူဘုရှ်ရဲ့ အကောင့်တုက ဆိုရင် အီရတ်တွေကို သတ်ခဲ့ရတာ သတိရတယ် ဆိုတဲ့ ပို့စ်ကို လှောင်ပြောင် တင်ထားခဲ့တာကို တွေ့ရပါတယ်။
နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂
တွစ်တာရဲ့ အရေးပါတဲ့ ထိပ်ပိုင်းဝန်ထမ်းတချို့ အလုပ်ထွက်
တွစ်တာရဲ့ အရေးပါတဲ့ ထိပ်ပိုင်း ဝန်ထမ်းတွေ ထပ်မံ နုတ်ထွက်ရာမှာ ယုံကြည်စိတ်ချရရေးမှူး ယိုဝယ်လ် ရော့သ်နဲ့ လုံခြုံရေးအကြီးအကဲ လီယာ ကစ်စနာတို့ လည်း ပါဝင်လာခဲ့ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၂
တွစ်တာ ဘလူးမာ့ခ် လစဉ်ကြေးကောက်မှု ရပ်ဆိုင်း
တွစ်တာသုံးသူတွေ ဘလူးမာ့ခ် ရအောင် လစဉ်ကြေးပေးလို့ ရတဲ့ ရွေးချယ်စရာကို တွစ်တာ အကောင့်ပိုင်ရှင်တွေ မလုပ်နိုင်တော့ပဲ အီလွန် မာ့စ်ခ် ကိုယ်တိုင်ကလည်း ဒီဝန်ဆောင်မှု စိတ်ချရအောင် နိုဝင်ဘာလကုန်အထိ ရွှေ့ဆိုင်းထားမယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၂
မာ့စ်ခ်က တွစ်တာအတွက် ဝန်ဆောင်မှုပေးဖို့ စာချုပ်ထားတဲ့ ကန်ထရိုက်တာတွေ လျှော့ချ
အမေရိကန်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ တွစ်တာအတွက် အလုပ်လုပ်နေတဲ့ ထောင်နဲ့ချီတဲ့ ကန်ထရိုက်တာ အလုပ်သမားတွေကို တွစ်တာက စာချုပ်ဖျက်သိမ်း တယ်လို့ ဆိုပါတယ်။
Platformer ဆိုတဲ့ နည်းပညာသတင်း ဝက်ဘ်ဆိုဒ်ရဲ့ အဆိုအရ ကန်ထရိုက်တာ အလုပ်သမား ၅၅၀ဝ လောက်ရှိတဲ့အထဲက ၈၀ ရာခိုင်နှုန်းလောက် စာချုပ်ဖျက်သိမ်းခံရတယ်လို့ သတင်းဖော်ပြခဲ့ပေမယ့် တွစ်တာကုမ္ပဏီကတော့ ဒါနဲ့ပတ်သက်တဲ့ တရားဝင်ကြေညာချက် မထုတ်ခဲ့ပါဘူး။
နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၂
တွစ်တာဝန်ထမ်းတွေ အလုပ်ကို ပိုပြီး ဖိဖိစီးစီးနဲ့ ကြာကြာ မလုပ်နိုင်ရင် ထွက်လို့ သတိပေးခံရ
တွစ်တာဝန်ထမ်းတွေကို ညအချိန်မှာ အီလွန်မာ့စ်ခ်က အီးမေးပို့ရာမှာ အလုပ်ကို ပိုပြီး ဖိဖိစီးစီးနဲ့ ကြာကြာ လုပ်တဲ့ အလုပ်ခွင် ယဉ်ကျေးမှုကို လက်ခံ ကျင့်သုံးရမှာ ဖြစ်ပြီး ဒီလို မလုပ်နိုင်ရင် အလုပ်ထွက်ပါ ဆိုပြီး တိုက်တွန်းထားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၂
တွစ်တာ ရုံးခန်းတွေ ရုတ်တရက် ပိတ်
တွစ်တာက သူရဲ့ ရုံးခန်းတွေကို ပိတ်ထားမယ်လို့ ရုတ်တရက်ကြေညာချက် ထုတ်လိုက်ပြီး ဝန်ထမ်းအများအပြား အလုပ်ထွက်ကုန်ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အခုလို ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။
အခုလို အခြေအနေတွေကြောင့် အဓိက ကျတဲ့ ဝန်ထမ်းတွေ ဆုံးရှုံးရလို့ တွစ်တာ ပိတ်ရတော့မယ် ဆိုပြီး စိုးရိမ်ကြတဲ့ သတင်းတွေကိုလည်း အီလွန်မာ့စ်ခ်က အကောင်းဆုံး ဝန်ထမ်းတွေက ဆက်လုပ်နေကြသေးတဲ့အတွက် သူ မစိုးရိမ်ပါဘူး ဆိုပြီး တွစ်တာမှာ ပြန်လည် ရေးသားခဲ့ပါတယ်။











