ဂျပန်မှာ ဒေသခံတွေကို တိုက်ခိုက်ဒုက္ခပေးနေတဲ့ မျောက်အုပ်ထဲက မျောက်ကိုသတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အယ်လ်ဆာ မိုက်ရှမန်
- ရာထူးတာဝန်, BBC News
ဂျပန်က မြို့တစ်မြို့မှာ ဒေသခံတွေကို ရက်ပေါင်းများစွာကြာအောင် တိုက်ခိုက်နေတဲ့ မျောက်အုပ်ထဲက မျောက်တစ်ကောင်ကို ဖမ်းမိပြီးသတ်ဖြတ်နိုင်ခဲ့တယ်လို့ ဂျပန်အရာရှိတွေက ပြောပါတယ်။ ဂျပန်တောင်ပိုင်းက ယာမာဂူချီမြို့မှာ လူ ၅၀ လောက်ဟာ မျောက်တွေရဲ့ တိုက်ခိုက် ကုတ်ဖဲ့မှုတွေကြောင့် ဒဏ်ရာရခဲ့ကြပါတယ်။ မျောက်အုပ်ထဲက မျောက်ထီးကြီးတစ်ကောင်ကို အင်္ဂါနေ့ညနေပိုင်းက အထက်တန်းကျောင်းဝင်းတစ်ခုထဲမှာ မျောက်အုပ်ကိုနှိမ်နင်းဖို့ ခေါ်ထားတဲ့ အမဲလိုက်သမားတွေက တွေ့ခဲ့ပါတယ်။
အဲဒီမျောက်ကို မေ့ဆေးနဲ့ပစ်ဖမ်းခဲ့ပြီး နောက်ပိုင်းမှာ လူတွေကို တိုက်ခိုက်နေတဲ့ မျောက်အုပ်ထဲကမျောက်ဆိုတာ သိခဲ့ရတဲ့အချိန် သုတ်သင်လိုက်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ သုံးပတ်လောက်ကစလို့ မျောက်အုပ်က ဒေသခံကလေးတွေရော လူကြီးတွေကိုပါ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ မျောက်တွေကို ဒေသအာဏာပိုင်တွေက နောက်ယောင်ခံလိုက်နေခဲ့တာ အဲဒီအချိန်ကတည်းကပါ။
အများအားဖြင့်တော့ ဒဏ်ရာရသူတွေက ကုတ်ခြစ် ကိုက်ဖဲ့ခံရတာမျိုးလောက် ဖြစ်ပါတယ်။
မျောက်ထီးကို ပစ်သတ်နိုင်ခဲ့ပြီးပေမဲ့ မျောက်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေသေးတယ်လို့ သိရတဲ့အတွက် ကျန်တဲ့မျောက်တွေကို ဆက်ရှာနေတယ်လို့ ယာမာဂူချီစိုက်ပျိုးရေးဌာနက အရာရှိတစ်ယောက်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ "မျောက်တွေက အရွယ်အမျိုးမျိုးရှိတယ်လို့ မြင်ကြသူတွေက ပြောပါတယ်။ မျောက်ထီးကို မိပြီးပေမဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ သတင်းရပါတယ်" လို့ သူက ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့ မျောက်က လေးနှစ်သားလောက်ရှိပြီလို့ မှန်းဆရပြီး အရွယ်က တစ်ပေခွဲကျော်ကျော် ရှိပါတယ်။
ဂျပန်မှာ ဒီမျောက်မျိုးက နေရာအတော်များများမှာ တွေ့ရတတ်ပြီး တချို့နေရာတွေမှာ လူတွေစိုက်ထားတဲ့ သီးနှံတွေကို ဝင်စားတာ၊ အိမ်တွေထဲ ဝင်တာတွေလုပ်တဲ့အတွက် အနှောင့်အယှက်ပေးတဲ့ တိရစ္ဆာန်တွေလို့ သတ်မှတ်ခံရပါတယ်။
ဒါပေမဲ့ ယာမာဂူချီမှာတွေ့ရတဲ့ တိုက်ခိုက်မှုမျိုးကတော့ တွေ့ရခဲပါတယ်။
ဒီလောက်အချိန်တိုအတွင်းမှာ ဒီလောက်များများတိုက်ခိုက်ခံရတာမျိုးကတော့ ရှားပါတယ်လို့ မြို့ခံအရာရှိတစ်ယောက်က ပြောပါတယ်။
အစမှာတော့ ကလေးတွေနဲ့ အမျိုးသမီးတွေပဲ တိုက်ခိုက်ခံရတယ်၊ သိပ်မကြာသေးခင်ကစလို့တော့ အသက်ကြီးသူတွေနဲ့ ယောက်ျားကြီးတွေပါ တိုက်ခိုက်ခံလာရတယ်လို့ သူကပြောပါတယ်။
မျောက်တွေကို ထောင်ချောက်နဲ့ဖမ်းဖို့ ကြိုးစားတာတွေကလည်း မအောင်မြင်ဘဲ ဇူလိုင်လဆန်းကစလို့ ရဲတွေကင်းလှည့်နေတဲ့ကြားကပဲ တိုက်ခိုက်မှုတွေက ဆက်ရှိခဲ့ပါတယ်။
မျောက်တစ်ကောင်က အိမ်ခန်းထဲဝင်လာပြီး လေးနှစ်ကလေးမလေးတစ်ယောက်ကို ကုတ်ခြစ်ခဲ့သလို မူကြိုကျောင်းခန်းတစ်ခုထဲလည်း မျောက်တစ်ကောင်ဝင်လာတာမျိုး ရှိခဲ့ပါတယ်။
တစ်ကြိမ်က ဒီမျောက်တွေဟာ ရှားပါးလာမယ့်အန္တရာယ်ရှိခဲ့ပြီး နောက်ပိုင်းမှာ ကောင်ရေတွေပိုတိုးလာခဲ့ပါတယ်။
ကောင်ရေပိုတိုးလာတာကြောင့် လူတွေနဲ့ ထိတွေ့မှုတွေ ပြဿနာတွေပိုများလာခဲ့တယ်လို့ ယာမာဂါတာတက္ကသိုလ်ရဲ့ သုတေသနတစ်ရပ်က တွေ့ရှိခဲ့ပါတယ်။
သစ်တောဧရိယာ ကျဉ်းလာပြီး လူတွေရဲ့ နေထိုင်ပုံပြောင်းလဲလာတာ တွေကလည်း လူနဲ့မျောက် ထိပ်တိုက်တွေ့စရာ အကြောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။










