ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် နုတ်ထွက်

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတန်အစိုးရအဖွဲ့၀န်ကြီးချုပ်ရာထူးကို ပါတီတွင်းပြန်လည်ရွေးချယ်တဲ့ညီလာခံမတိုင်ခင်အထိ ၀န်ကြီးချုပ်ရာထူးမှာတော့ လာမယ့်ဆောင်းဦးရာသီအထိ ဆက်ရှိနေမယ်လို့် ဆိုပါတယ်။

ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပါတီခေါင်းဆောင်အဖြစ်ကနေ ဒီကနေ့ နုတ်ထွက်သွားပါတယ်။

၀န်ကြီးချုပ်နေအိမ်ဖြစ်တဲ့ အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်ကနေ နုတ်ထွက်မှုကို ၀န်ကြီးချုပ်က တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။

နောက်ထပ် ဝန်ကြီးချုပ်သစ်ရွေးတဲ့အထိ ဝန်ကြီးချုပ်တာဝန်ကို ဆက်ပြီးတာဝန်ထမ်းဆောင်မယ်လို့ သူက ပြောပါတယ်။

ပါတီခေါင်းဆောင်သစ် ရွေးချယ်မှု လုပ်ငန်း အခု စတင်သင့်ပြီ ဖြစ်ပြီး လုပ်ငန်းအချိန်ဇယားကို လာမယ့် သီတင်းပတ်မှာ ကြေညာမယ်လို့ ဆိုပါတယ်။

သူရာထူးကနေ ဆင်းပေးတော့မယ် ဆိုတော့ လူအတော်များများ က စိတ်သက်သာရာ ရသွားကြမယ်ဆိုတာ သူသိပါကြောင်း ဒါပေမဲ့ တချို့တလေကတော့ စိတ်မကောင်း ဖြစ်ကောင်း ဖြစ်ကြပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အလုပ်ကို စွန့်ရတော့မှာမို့ သူ့အနေနဲ့ အရမ်းကို ဝမ်းနည်း စိတ်မကောင်း ဖြစ်မိတယ် ဆိုတာကို လူတွေကို သိစေချင်ပါတယ် လို့ ပြောသွားပါတယ်။

ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ရပေမဲ့ ဗြိတန်အစိုးရအဖွဲ့၀န်ကြီးချုပ်ရာထူးကို ပါတီတွင်းပြန်လည်ရွေးချယ်တဲ့ညီလာခံမတိုင်ခင်အထိ ၀န်ကြီးချုပ်ရာထူးမှာတော့ လာမယ့်ဆောင်းဦးရာသီအထိ ဆက်ရှိနေမယ်လို့ အစောပိုင်းက ပြောထားပါတယ်။

နွေရာသီအကုန် ဆောင်းဦးပေါက်အထိ ဝန်ကြီးချုပ် ရာထူးကို မစ္စတာ ဂျွန်ဆင် ဆက်ကိုင်ထားသင့်သလား ဆိုတာနဲ့ ပတ်သက်လို့ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီတွင်းက အမတ် အတော်များများကိုယ်တိုင်က မေးခွန်းထုတ်နေကြပြီး အတိုက်အခံ ပါတီ ခေါင်းဆောင်တွေကလည်း သူဝန်ကြီးချုပ်အဖြစ် ဆက်နေနေတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောခဲ့ကြပါတယ်။

အခုသီတင်းပတ် အင်္ဂါနေ့က စလို့ ဗြိတိန်အစိုးရအဖွဲ့နဲ့ ကွန်ဆာဗေးတစ်ပါတီအတွင်းမှာ နုတ်ထွက်သူ ၅၀ ကျော်ရှိလာတဲ့နောက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ သူ့ရဲ့ဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေဖို့ တိုက်ပွဲ၀င်ခဲ့ပေမဲ့ ပါတီခေါင်းဆောင်ရာထူးက ထွက်ပေးခဲ့ရတာပါ။

မနေ့ကအထိတောင် သူရာထူးကနေ ဆင်းပေးမှာ မဟုတ်ဘူးလို့ မစ္စတာ ဂျွန်ဆင်က အခိုင်အမာ ပြောနေခဲ့တာ ဖြစ်ပါတယ်။

နုတ်ထွက်သွားတဲ့သူတွေနေရာမှာ ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ခန့်အပ်ခဲ့တဲ့ အစိုးရအဖွဲ့၀င်သစ်တချို့ကိုယ်တိုင်က ဘောရစ်ဂျွန်ဆင်ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် အသစ်ခန့်အပ်ခံရတဲ့ပညာရေးဝန်ကြီးကလည်း မစ္စတာဂျွန်ဆင်ဟာ သူတို့ကို မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုတွန်းပို့နေတယ်လို့ပြောပါတယ်။

ဒါပေမဲ့ ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ သူ့မှာ လူထုက ပေးထားတဲ့ ကြီးမားတဲ့လုပ်ပိုင်ခွင့် ရှိနေတယ်လို့ ပြောပြီး နုတ်ထွက်ဖို့တောင်းဆိုမှုတွေကို ခုခံခဲ့ပါတယ်။

ပါလီမန် အတွင်း ကွန်ဆာဗေးတစ်ဗ် ပါတီရဲ့ လက်ထောက် စည်းကမ်း ထိန်းသိမ်းရေးမှူး အဖြစ် ခရစ္စ ပင်ချာ ဆိုသူကို အခုနှစ် အစောပိုင်းက မစ္စတာဂျွန်ဆင် ခန့်အပ်ရာထူးပေးခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ မစ္စတာဂျွန်ဆင်ရဲ့ အနီးကပ်ဆုံး အတွင်းစည်းထဲက ထိပ်တန်း ဝန်ကြီးတွေ ဖြစ်တဲ့ ရီရှီ ဆူနက်ခ်နဲ့ ဆာဂျစ်ဂျာဗစ်တို့ ဇူလိုင် ၅ ရက် အင်္ဂါနေ့က နုတ်ထွက်ကြတာ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာမှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုတွေရှိနေသူ ခရစ္စပင်ချာကို ရာထူးနေရာ ပေးခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ဂျွန်ဆင်က ဝန်ခံထားပါတယ်။

မစ္စတာ ပင်ချာကို ရာထူးနေရာ ပေးစဥ် အချိန်တုန်းက ဝန်ကြီးချုပ် ဂျွန်ဆင် အနေနဲ့ မစ္စတာ ပင်ချာအပေါ်မှာ ရှိနေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာထိ သိရှိထားသလဲ ဆိုတဲ့ အပေါ် မေးခွန်းတွေ ထွက်လာခဲ့ပြီးတဲ့နောက်၊ ဝန်ကြီးချုပ်ရဲ့ ရုံးအဖွဲ့ထံက ထွက်လာတဲ့ တုံ့ပြန် ဖြေရှင်းမှုတွေဟာ တစ်ရက်ပြီးတစ်ရက် ပြောင်းလဲနေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အခုလို အစိုးရ အဖွဲ့ထဲကနေ အစုလိုက် အပြုံလိုက် နုတ်ထွက်ကြတဲ့ အထိ အကျပ်အတည်း ဆိုက်ရောက် လာတာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ အပါအဝင် သဘောထားတုံ့ပြန်ချက်များ

အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ကီယာ စတာမာက တကယ်လို့ ကွန်ဆာဗေးတစ် အစိုးရပါတီအနေနဲ့ မစ္စတာ ဂျွန်ဆင်ကို ဝန်ကြီးချုပ် ရာထူးကနေ အခုချက်ချင်း မထုတ်ပယ်ဘူးဆိုရင်တော့ ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်ဖို့ ပါလီမန်မှာ သူအဆိုတင်သွင်းမယ်လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံကို ဗရုတ်သုက္ခ အခြေအနေဖြစ်လာအောင် ကွန်ဆာဗေးတစ်ပါတီ အမတ်တွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ မစ္စတာ စတာမာ က ပြောပါတယ်။

စကော့တလန် ဝန်ကြီးချုပ် နီကိုလာ စတာဂျင်ကလည်း မစ္စတာ ဘောရစ် ဂျွန်ဆင် ရာထူးက နုတ်ထွက်လိုက်ရင် လူအများအပြား စိတ်သက်သာရာ ရသွားမယ့် သဘောမျိုး ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုနွေရာသီကာလတလျှောက်လုံး မစ္စတာ ဘောရစ် ဂျွန်ဆင် ရာထူး ဆက်ကိုင်ထားနိုင်ပါ့အုံးမလား ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ပြည်ပနိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကလည်း ဗြိတိန်နိုင်ငံမှာ အလုပ်ကို ပိုကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့ သူမျိုး အာဏာရလာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

မစ္စတာ ဂျွန်ဆင်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦး ဖြစ်ပါတယ်။

ဥရောပကနေ ဗြိတိန်နုတ်ထွက်ရာမှာ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ ဥရောပ ပါလီမန်ရဲ့ ညှိနှိုင်းရေးမှူးဟောင်း Guy Verhofstadt ဂိုင်း ဗာဟော့ဖ်စတက်ဒ် ကလည်း မစ္စတာ ဂျွန်ဆင်ရဲ့ အုပ်ချုပ်မှုဟာ သူ့သူငယ်ချင်း ဒေါ်နယ်လ် ထရမ့်မ်လိုပဲ အကျနာပြီး စခန်းသိမ်းရတော့မယ်လို့ ပြောပါတယ်။

ဘာလို အကြောင်းတွေကြောင့် နုတ်ထွက်တဲ့အထိ ဖြစ်ခဲ့လဲ

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုခဲ့တယ်ဆိုပြီး စွပ်စွဲ တိုင်ကြားခံထားရတဲ့ ကွန်ဆာဗေးတစ် ပါလီမန်အမတ် ခရစ်စ် ပင်ချာရဲ့ ကိစ္စကို ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံအကြောင်း ပေါက်ကြား ပေါ်ထွက်လာခဲ့ရာကနေ သူ့အစိုးရအဖွဲ့ထဲကနေ ဝန်ကြီးတွေ၊ အမတ်တွေ တသီတသန်းကြီး နုတ်ထွက်သွားခဲ့ကြတာပါ။

ကွန်ဆာဗေးတစ်ပါတီဝင်တွေ ပါလီမန်စည်းမျဉ်း လိုက်နာရေး ကြီးကြပ်တာဝန်ယူထားတဲ့ လက်ထောက်အကြီးအကဲဟောင်း ခရစ်စ် ပင်ချာ အပေါ် စွပ်စွဲ တိုင်ကြားထားမှုနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ဝန်ကြီးချုပ် ဂျွန်ဆင်ကို အသေအချာ လူကိုယ်တိုင် အသိပေး ရှင်းပြထားခဲ့တယ် ဆိုတဲ့အကြောင်း အင်္ဂါနေ့က ပေါက်ကြား ပေါ်ထွက်လာခဲ့တာပါ။

ဒါဟာ ဒီလိုစွပ်စွဲ တိုင်ကြားချက်တွေကို သူမသိပါဘူးလို့ ဝန်ကြီးချုပ် ဂျွန်ဆင်က နေ့စဉ်ရက်ဆက် ငြင်းဆိုနေခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

ဒီစွပ်စွဲ တိုင်ကြားချက်တွေကို ဝန်ကြီးချုပ် ဂျွန်ဆင် သိထားတယ်ဆိုတာ ပေါ်ထွက်လာခဲ့အပြီးမှာ အရေးပါတဲ့ ကက်ဘိနက် ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး ရီရှီ ဆူနက်ခ်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် တို့ ချက်ချင်း နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် နောက်ထပ် ဝန်ကြီးတွေ၊ အမတ်တွေ တသီတတန်းကြီး နုတ်ထွက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင် ရဲ့ အစိုးရအဖွဲ့ဟာ ကိုဗစ် လော့ခ်ဒေါင်းကာလအတွင်း ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ပါတီပွဲတွေ ဆင်နွှဲခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် ရဲစုံစမ်းစစ်ဆေးမှုတွေအပါအဝင် လတ်တလော လပိုင်းတွေအတွင်း အချေအတင် အငြင်းပွားစရာ ကိစ္စရပ်တွေနဲ့ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။