ကုလသမဂ္ဂမှာ အတွင်းရေး ဖွင့်ချ တိုင်တန်းမှုတွေ ချက်ချင်း ပယ်ချခံရ

ကုလသမဂ္ဂ၊ လိင်ပိုင်း ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ အဂတိလိုက်စားမှု
ဓာတ်ပုံ ပုံစာ, ပူရ်နာ ဆန်-"ဒါက အတော့်ကို ဆိုးတဲ့ ကိစ္စကြီးပဲ၊ ဒါနဲ့ ပတ်သက်လို့ ဘာလုပ်ရင်ကောင်းမလဲ လို့ ကုလအတွင်းရေးမှူးချုပ်က ဘာ့ကြောင့် မပြောခဲ့တာလဲ"
    • ရေးသားသူ, ဆာရာ ဘဲလ် နှင့် ဆီမာ ကိုတက်ချာ
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန

ကုလသမဂ္ဂအဖွဲ့တွင်းက အတွင်းရေး အရှုပ်ထုပ်တွေကို ဖော်ထုတ်ချပြသူတွေအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်လို့ အဖွဲ့အစည်းပြင်ပ ဘုတ်အဖွဲ့တစ်ဖွဲ့နဲ့ စစ်ဆေးအရေးယူသင့်တယ်လို့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်ဟောင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂထဲမှာ မဟုတ်တာတွေ လုပ်နေတာကို ဖော်ထုတ်ချပြဖို့ ကြိုးစားခဲ့သူ ကုလသမဂ္ဂဝန်ထမ်း အတော်များများ အလုပ်ထုတ်ခံခဲ့ရတဲ့အကြောင်း ဘီဘီစီက စုံစမ်းဖော်ထုတ် တင်ပြအပြီးမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုင်ရာ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်ဟောင်း မစ်စ် ပူရ်နာ ဆန်းက အခုလို ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အဖွဲ့အစည်းပြင်ပကလူတွေနဲ့ ဘုတ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ရဲ့ အကြံပေးမှုတွေကို လိုက်နာကျင့်သုံးသင့်တယ်လို့ မစ်စ် ဆန်းက ပြောပါတယ်။ ကုလသမဂ္ဂကတော့ မဟုတ်မမှန် လုပ်နေမှုတွေကို တကယ့်စိတ်ရင်းအမှန်နဲ့ ဖော်ထုတ်ချပြသူတွေကို သူတို့အနေနဲ့ အကာအကွယ် ပေးနေကြောင်းနဲ့ မဟုတ်တာ လုပ်တဲ့ ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူတာတွေ လုပ်နေပါကြောင်း ပြောပါတယ်။

"ကုလသမဂ္ဂတွင်းက အတွင်းရေး ဖော်ထုတ်ချပြသူများ" The Whistlebowers: Inside the UN ဆိုတဲ့ ဘီဘီစီရဲ့ အထောက်အထားမှတ်တမ်း ဗီဒီယိုထဲမှာ အဂတိလိုက်စားမှုနဲ့ လိင်ပိုင်း ထိပါးနှောင့်ယှက်မှုတွေအပါအဝင် မှားယွင်းတဲ့ လုပ်ဆောင်ပြုမူမှုတွေအကြောင်း တိုင်ကြားဖို့ ကြိုးစားခဲ့သူ ဝန်ထမ်းတွေဆီက ပြောဆိုချက်တွေ ပါဝင်ပါတယ်။ ဒီလို တိုင်ကြားဖို့ ကြိုးစားခဲ့အပြီးမှာ သူတို့ကို အပြစ်ပေးတာမျိုး၊ တချို့ကိုဆို အလုပ်ထုတ်ပစ်တာမျိုးတွေ ရှိတယ်လို့ သူတို့အားလုံးက ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့တွင်းမှာ "လိင်ပိုင်းဆိုင်ရာ ချဉ်းကပ်ခံရတဲ့၊ ပြောင်ပြောင်တင်းတင်း နှောင့်ယှက်ခံရတဲ့၊ အဓမ္မပြုကျင့်ခံရတဲ့" အမျိုးသမီးတွေ ရှိနေတယ်လို့ လိင်ပိုင်းထိပါးနှောင့်ယှက်မှု၊ စော်ကားမှု၊ ခွဲခြားဆက်ဆံမှုဆိုင်ရာ ကုလသမဂ္ဂ ပြောခွင့်ရ အမျိုးသမီးအဖြစ် ၂၀၁၈ ခုနှစ်က ခန့်အပ်ခံခဲ့ရသူ မစ်စ် ဆန်းက အဲဒီမှတ်တမ်း ဗီဒီယိုထဲမှာ ပြောပြထားပါတယ်။ "ဒီလိုလုပ်တာကို အရေးယူမခံရတဲ့ အမျိုးသားတွေ ပိုများလာလေလေ၊ နောက်ထပ် ဆက်လုပ်ကြလေလေပဲ"လို့ သူက ပြောပါတယ်။

စိတ်မကောင်းလွန်းစရာ ထွက်ဆိုချက်တွေကို ကြားရတဲ့အခါ သူအရမ်း အံ့အားတသင့် ဖြစ်မသွားမိဘူးလို့ မစ်စ် ဆန်းက ဘီဘီစီရဲ့ Newsnight အစီအစဉ်မှာ ပြောသွားပါတယ်။

"ဒါကို ကြည့်ခြင်းအားဖြင့် အဖွဲ့အစည်းတစ်ခုစီအတွင်းမှာ သြဇာအရှိန်အဝါ မရှိသူတွေအပေါ် အန္တရာယ် မကျရောက်ဖို့ထက် ထိပ်ပိုင်းပုဂ္ဂိုလ်တွေကို အကာအကွယ်ပေးဖို့က ပိုအရေးကြီးတယ် ဆိုတာကို ပြနေပါတယ်" လို့ သူက ပြောပါတယ်။

"ဒါဟာ လူ့အခွင့်အရေးကို အခိုင်အမာ ထောက်ခံအားပေးနေရုံတင်မက တကယ်တမ်းမှာ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းဥပဒေ အများစု စတင်ပေါက်ဖွားရာနေရာဖြစ်တဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးအတွင်းမှာ တကယ့် ပြဿနာကြီးတစ်ခု ရှိနေတယ် ဆိုတာကို ထင်ဟပ်ပြနေပါတယ်။ ဒီလိုအဖွဲ့တွင်းမှာ အလုပ်လုပ်နေသူတွေကို ဒီစည်းမျဉ်းတွေ ချပြရမယ် ဆိုတဲ့အချက်ကို ကုလသမဂ္ဂအနေနဲ့ သဘောမပေါက်သေးတာကို ပြနေပါတယ်"

ဝန်ထမ်းတွေ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို လေ့လာသုံးသပ်ပြီး ဘယ်လိုအရေးယူ အပြစ်ပေးသင့်သလဲ ဆိုတာကို အကြံပေးနိုင်တဲ့ ဘက်ပေါင်းစုံ ပါဝင်တဲ့ ပြင်ပဘုတ်အဖွဲ့တစ်ဖွဲ့ ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေနဲ့ ဖွဲ့စည်းပေးစေလိုတယ်လို့ မစ်စ် ဆန်းက ပြောပါတယ်။

မစ္စတာ ဂူတာရက်စ်ရဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မလျော်မကန် ပြုမူမှုမျိုးမှန်သမျှကို တိုက်ဖျက်ဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေထဲမှာ အဖွဲ့အစည်းပြင်ပကနေ သုံးသပ်စစ်ဆေးတာမျိုးကိုလည်း လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

သံတမန်ပိုင်းဆိုင်ရာ အပြစ်ပေးခံရမှုမှ ကင်းလွတ်ခွင့်

ကုလသမဂ္ဂအဖွဲ့မှာ ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်တဲ့ အခွင့်အရေးတစ်ရပ် ရှိနေပြီး ကုလသမဂ္ဂ ထိပ်ပိုင်းဝန်ထမ်းတွေအပေါ် ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ဥပဒေတွေနဲ့ အရေးယူတာမျိုး မလုပ်နိုင်တဲ့ သံတမန်ပိုင်း ကင်းလွတ်ခွင့် ရှိနေပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ သူတို့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝင်ရောက် စွက်ဖက်မှုတွေကနေ အကာအကွယ်ပေးနိုင်ဖို့ ဒီလိုကင်းလွတ်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဝန်ထမ်းတွေရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက်တော့ ကင်းလွတ်ခွင့် မပြုထားတဲ့အတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမျိုးလို ရာဇ၀တ်မှုတွေကို ကျူးလွန်သူ ဝန်ထမ်းတွေကိုတော့ အကာအကွယ်ပေးမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ၊ လိင်ပိုင်း ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ ဘီဘီစီမှတ်တမ်း ဗီဒီယို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ် (၂၀၂၁)

ဝန်ထမ်းတွေရဲ့ တိုင်ကြားမှုအားလုံးကို ဌာနတွင်းမှာ စုံစမ်းအရေးယူသွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဌာနတွင်း ကြီးကြပ်စစ်ဆေးရေးဌာန (OIOS) က ရာဇဝတ်မှုအဖြစ် စွပ်စွဲတိုင်ကြားမှုတွေ အပါအဝင် အရေးကြီးတဲ့ အမှုတွေကို ကိုင်တွယ် စစ်ဆေးလေ့ရှိပါတယ်။ ဒါပေမဲ့ သူ့မှာ ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာ မရှိပါဘူး။

(OIOS) ဌာနရဲ့ ကိုင်တွယ်စစ်ဆေးမှုက အမြဲ မထိရောက်ဘူးဆိုတဲ့အကြောင်း လျှို့ဝှက်အသံသွင်းထားမှုတစ်ခုကို ဘီဘီစီက ရခဲ့ပါတယ်။ အဲဒီထဲမှာ စုံစမ်းစစ်ဆေးမှုအဖွဲ့ခွဲရဲ့ ညွှန်ကြားရေးမှူး ဘန် ဆွမ်ဆန်က ဝန်ထမ်းအစည်းအဝေးတစ်ခုမှာ ဝန်ထမ်းတွေကို စကားပြောထားတာ ပါပါတယ်။ ကုလသမဂ္ဂ အမျိုးသမီး ထိပ်တန်းဝန်ထမ်းတစ်ဦးရဲ့ ဘောင်းဘီထဲ လက်နှိုက်ထည့်ပြီး လက်ထောက် အတွင်းရေးမှူးချုပ်တစ်ဦးက စော်ကားခဲ့ပုံကို အဲဒီအမျိုးသမီးက မျက်ရည်လည်ရွှဲနဲ့ သူ့ကို လာတိုင်ခဲ့တယ်လို့ မစ္စတာ ဆွမ်ဆန်က ပြောခဲ့တာပါ။

ကုလသမဂ္ဂအဖွဲ့ထဲမှာ လက်ထောက် အတွင်းရေးမှူးချုပ်တွေ အတော်များများ ခန့်ထားပါတယ်။

အဲဒီ လိင်ပိုင်း ထိပါးနှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲမှုအကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တခြား ထိပ်ပိုင်းတာဝန်ရှိပုဂ္ဂိုလ်တွေကို ပြောပြခဲ့ပေမဲ့ သူ့ကို တိတ်တိတ်နေဖို့ ချက်ချင်းပဲ ပြန်ပြောခဲ့ကြတယ်လို့ မစ္စတာ ဆွမ်ဆန် ပြောနေတာကို အဲဒီအသံသွင်းတိပ်ခွေထဲမှာ ကြားရပါတယ်။

"ဒီစွပ်စွဲမှုအကြောင်း ပြောပြဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ….. ကျွန်တော့်ကို ပါးစပ်ပိတ်ထားဖို့ အပြောခံခဲ့ရတယ်"လို့ သူက ပြောခဲ့ပါတယ်။

အဲဒီအမျိုးသမီးကို သူစော်ကားခံရတာ မတိုင်ဖို့နဲ့ သူ့ကို စော်ကားခဲ့တယ်ဆိုတဲ့ အမျိုးသားဟာလည်း မျက်နှာသာပေးခံရသူ တစ်ဦး ဖြစ်နေတာကြောင့် တိုင်လည်း ဘာမှထူးမှာမဟုတ်ဘူး ဆိုပြီး အဲဒီအမျိုးသမီးကို ဝိုင်းပြောခဲ့ကြတယ် ဆိုတဲ့အကြောင်း မစ္စတာ ဆွမ်ဆန်က ပြောပြနေတာကို အဲဒီအသံသွင်းတိပ်ခွေထဲမှာ ကြားရပါတယ်။

ကုလသမဂ္ဂ၊ လိင်ပိုင်း ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ ဘီဘီစီမှတ်တမ်း ဗီဒီယို
ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂအဖွဲ့တွင်းက အတွင်းရေးတွေကို ဖွင့်ချခဲ့သူ ပီတာ ဂယ်လို

ဒီလျှို့ဝှက်အသံသွင်းတိပ်ခွေကို ပို့ပေးပြီး အတွင်းရေးတွေ ဖော်ထုတ်ချပြခဲ့သူ ပီတာ ဂယ်လိုက "နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ကျွန်တော် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ အဲဒီအတွေ့အကြုံရဲ့ ရလဒ်ကတော့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ အောက်ခြေကစလို့ အဂတိလိုက်စားမှုတွေနဲ့ လှိုက်စားနေတယ်လို့ ယုံကြည် ယူဆမိပါတယ်" လို့ ဘီဘီစီရဲ့ မှတ်တမ်း ဗီဒီယိုမှာ ပြောပြခဲ့ပါတယ်။

သူပြောတာကို ကြားခဲ့ရအပြီးမှာ မစ်စ် ဆန်က " ဒီကိစ္စဟာ အတော့်ကို ဆိုးတာပဲ ဘယ်လိုအရေးယူ ဖြေရှင်းကြမလဲ လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘာ့ကြောင့် မပြောခဲ့တာလဲ။ ဒီလိုကိစ္စမျိုးကို လုံးဝ သည်းမခံဘူး ဆိုတဲ့ မူဝါဒမျိုး ထားတယ် ဆိုရင် ဒါကို အရေးယူဖို့ လုပ်ကိုလုပ်ရမှာပေါ့၊ အခုတော့ အဲဒီလို လုပ်မယ့်အစား ဒီအကြောင်း ဆက်မပြောဖို့ တားတာမျိုးနဲ့ ကြုံနေရပါတယ်" လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးကတော့ "လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမျိုး လုပ်တယ်လို့ တွေ့ရင် ဝန်ထမ်းအကြီးအငယ် ဘယ်သူကိုမဆို ဒဏ်ခတ်အရေးယူဖို့ သူတို့ အမြဲ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။

ရွံရှာစရာ ကောင်းလွန်းသူ

UNAIDS အဖွဲ့ရဲ့ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်ဟောင်း မာတီနာ ဘော့စ်တရွမ် က သူအလုပ်လုပ်တုန်းကလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံခဲ့ရတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

"ကုလသမဂ္ဂအဖွဲ့တွင်းမှာ လိင်ပိုင်း အသုံးချမှု၊ နှောင့်ယှက်စော်ကားမှုတွေက ဌာနချုပ်မှာ ရှိနေပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့စဉ် ဖြစ်နေတာပါ။ ပုံမှန်အလုပ်ချိန်တွင်းမှာရော၊ တခြားအချိန်တွေမှာပါ ဖြစ်နေတာပါ" လို့ သူက ပြောပြပါတယ်။

ကုလသမဂ္ဂ၊ လိင်ပိုင်း ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ ဘီဘီစီမှတ်တမ်း ဗီဒီယို
ဓာတ်ပုံ ပုံစာ, လိင်ပိုင်း ထိပါးစော်ကားခံခဲ့ရသူ မာတီနာ ဘရော့စ်တရွမ်

သူ့ကို ပစ်မှတ်ထားပြီး စော်ကားခဲ့သူကတော့ UNAIDS ရဲ့ လက်ထောက်အမှုဆောင် ညွှန်ကြားရေးမှူးလည်းဖြစ် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တစ်ဦးလည်း ဖြစ်တဲ့ လူဝီဇ် လူရက်စ် ဖြစ်တယ်လို့ မာတီနာက ပြောပြပါတယ်။ အဲဒီလူဟာ ရွံစရာကောင်းပြီး မဟုတ်တရုတ် လုပ်တတ်သူအဖြစ် နာမည်ကြီးတယ်လို့ ဆိုပါတယ်။ "၂၀၁၅ ခုနှစ်တုန်းက ဘန်ကောက်မြို့ မှာ အလုပ်ကိစ္စတစ်ခုနဲ့ ရောက်နေစဉ်အတွင်း အစည်းအဝေးကနေအထွက် ဓာတ်လှေကားထဲမှာ သူ့ကို လူဝီဇ် လူရက်စ်က အတင်းဖက်နမ်းပြီး ကိုင်တွယ်ပွတ်သပ်တာတွေ လုပ်ခဲ့တယ်၊ အဲဒီနောက် အိပ်ခန်းထဲ အတင်းဆွဲခေါ်ဖို့ ကြိုးစားခဲ့တယ် "လို့ မာတီနာက ပြန်ပြောပြပါတယ်။

"အဲဒီလို မလုပ်ဖို့နဲ့ ကျွန်မကို လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်၊ စင်္ကြန်လမ်းမှာ လူတွေ တွေ့သွားမှာ ကြောက်လို့ ဓာတ်လှေကားထဲကနေ အပြင်ကို မထွက်နိုင်အောင် ဓာတ်လှေကားတံခါးဝမှာ ကျွန်မကိုကျွန်မ အတင်းပိတ်ရပ်နေခဲ့ရတယ်၊ ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာကို အကြောက်ကြီးကြောက်ပြီး ခေါင်းထဲမှာလည်း အမြန်ဆုံး အကြံထုတ်ခဲ့ရတယ်။"

မာတီနာက တရားဝင် တိုင်ကြားစာပို့ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ စကားပြောခဲ့ပါတယ်။ "ကုလသမဂ္ဂနဲ့ UNAIDS အဖွဲ့တွေက အရမ်းကို ယုတ်မာတဲ့၊ နာကျင်စရာကောင်းတဲ့ နည်းတွေနဲ့ လက်တုံ့ပြန်ခဲ့ကြပါတယ်" လို့ သူက ပြောပြပါတယ်။

"ဒါက အရမ်းကို စိတ်နာဖို့ ကောင်းပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒါက နောက်တကြိမ် ထပ်အစော်ကားခံရသလို ပါပဲ။ အသက်ရှူခွင့်တောင် မပေးတဲ့ သဘောမျိုး ဖြစ်နေလို့ပါ"

၂၀၁၈ ခုနှစ်မှာ လူဝီဇ် လူရက်စ် ကုလသမဂ္ဂကနေ အငြိမ်းစားယူခဲ့ပါတယ်။ ၂၂ နှစ်ကြာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ပြီး လုပ်ကိုင်ခွင့်ရလို့ ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ နှောင့်ယှက်တာ၊ စော်ကားတာမျိုး မရှိခဲ့ပါဘူး။ ဒီစွပ်စွဲမှုတွေက အခြေအမြစ် မရှိပါဘူး လို့ ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ကလည်း "ဒေါက်တာ လူရက်စ်ကို စွပ်စွဲထားတဲ့ ထိပါးနှောင့်ယှက်မှု ကိစ္စတွေအကြောင်း စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီစွပ်စွဲချက်တွေ မှန်ကန်မှုနဲ့ပတ်သက်လို့ မှတ်ချက်ပေးနိုင်တဲ့ အနေအထား မရှိပါဘူး" လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကုလသမဂ္ဂဆီကနေ စာတစ်စောင် မာတီနာ လက်ခံရခဲ့ပါတယ်။ အဲဒီစာထဲမှာ လိင်ပိုင်း ထိပါးနှောင့်ယှက်မှုကို မာတီနာ ကာလတာရှည် ကြုံခဲ့ရတယ် ဆိုတာကို လက်ခံကြောင်း ၊ ဒါပေမဲ့ ၂၀၁၅ ခုနှစ်တုန်းက လိင်စော်ကားမှု ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ပတ်သက်လို့တော့ မာတီနာဟာ သူကြုံနေရတဲ့ အခြေအနေအရ စိတ်ဒဏ်ရာ တစ်ခုခု ရခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်တွေဟာ "အထောက်အထား စံညွှန်းတွေနဲ့တော့ မကိုက်ညီခဲ့ပါဘူး"။

လုံးဝ သည်းမခံတဲ့ မူဝါဒ

မာတီနာရဲ့ အမှုဟာ ကုလသမဂ္ဂမှာ ဖြစ်နေတဲ့ ပိုကျယ်ပြန့်တဲ့ ပြဿနာတစ်ခုရဲ့ လက္ခဏာ ဖြစ်တယ်လို့ မစ်စ် ဆန် က ပြောပါတယ်။

အံ့သြစရာကောင်းလောက်အောင် ကုလသမဂ္ဂဝန်ထမ်း ၃ ပုံ ၁ ပုံလောက်ဟာ သူတို့အလုပ်လုပ်နေစဉ် လိင်ပိုင်း ထိပါးနှောင့်ယှက်တာ ခံရဖူးကြောင်း၊ ဒါပေမဲ့ ဖြစ်ရပ်အများစုကို တိုင်ကြားတာမျိုး မရှိဘူးလို့ မာတီနာက ဘီဘီစီ မှတ်တမ်းဗီဒီယိုထဲမှာ ပြောပြပါတယ်။

"ဒီဖြစ်ရပ်တွေအကြောင်း သိထားတာတွေက တကယ့်ကို အနည်းအပါးလောက်သာ ရှိပါသေးတယ်၊ ဒီနေရာမှာ တကယ့်ကို အရေးကြီးတဲ့ အချက်တစ်ခုကတော့ လူတွေအနေနဲ့ ဒီကိစ္စတွေကို တိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမယ်၊ တုံ့ပြန် လက်စားချေတာ ခံရမယ်လို့ ယူဆထားကြတာပါ။ တကယ်လို့ ကျွန်မလည်း သူတို့နေရာမှာ နေကြည့်ရင် လိင်စော်ကားခံရမယ်၊ ထိပါးနှောင့်ယှက်ခံရမယ် ဆိုရင် အထက်ကိုတိုင်မှာ မဟုတ်ပါဘူး၊ ဒီလို တုံ့ပြန် လက်စားချေတာမျိုး ခံချင်မှာ မဟုတ်ပါဘူး" လို့ မစ်စ် ဆန် က ပြောပါတယ်။

ကုလသမဂ္ဂ၊ လိင်ပိုင်း ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ ဘီဘီစီမှတ်တမ်း ဗီဒီယို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကုလသမဂ္ဂအနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို တိုက်ဖျက်ဖို့ လုပ်ဆောင်နေရာမှာ တိုးတက်မှုတွေ ရှိနေကြောင်း၊ စွပ်စွဲမှုတွေကို လေ့လာသုံးသပ်ဖို့ အမျိုးသမီး စုံစမ်းစစ်ဆေးရေးမှူးတွေ ခန့်တာမျိုး၊ မလျော်ကန်တဲ့ အပြုအမူတွေကို ဝန်ထမ်းတွေ တိုင်ကြားနိုင်ဖို့ သီးသန့်ဖုန်းလိုင်း ဖွင့်ထားပေးတာမျိုး၊ ထိပ်ပိုင်း ကြီးကြပ်ကွပ်ကဲသူတွေကို သင်တန်း ကောင်းကောင်းပေးတာမျိုးလို လုပ်ဆောင်မှုတွေကို လုပ်နေကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ မစ်စ် ဆန်ကတော့ ဒီမှတ်တမ်းဗီဒီယိုထဲမှာ ပါတဲ့ ပြောဆိုချက်တွေအရ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ဒီလိုလိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် စော်ကားမှုမျိုးတွေကို လုံးဝ သည်းမခံဘူးဆိုတဲ့ ကတိကို အကောင်အထည် မဖော်နိုင်သေးကြောင်းနဲ့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ရှိသေးကြောင်း BBC Newsnight ကို ပြောပါတယ်။

"အဂတိလိုက်စားမှုပဲဖြစ်ဖြစ်၊ လိမ်လည်မှုပဲဖြစ်ဖြစ်၊ လိင်ပိုင်း ထိပါးနှောင့်ယှက်မှုပဲဖြစ်ဖြစ် ကုလသမဂ္ဂ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ တိုင်ကြားမှုတွေကို ကနဦးမှာတင် ပယ်ချခံရတတ်တာကြောင့် တိုင်တန်းတာမျိုးတောင် မလုပ်နိုင်ဘူးလို့ ယူဆနေကြပါတယ်၊ သူတို့မှာ တခြားရွေးစရာ လုပ်ထုံးလုပ်နည်းတွေ၊ အယူခံဝင်နိုင်ခွင့်တွေလည်း မရှိကြဘူး" လို့ မစ်စ် ဆန်က ပြောပါတယ်။

"ကုလသမဂ္ဂဟာ အရင်က မအောင်မြင်ခဲ့တဲ့ ပျက်ကွက်မှုကြီးတစ်ချို့ကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လုပ်သင့်သလောက် မလုပ်နိုင်ခဲ့သေးပါဘူး။ အမြန်ဆုံး လုပ်ဆောင်သင့်၊ လုပ်ဆောင်နိုင်တဲ့ စိတ်ဒုက္ခရောက်စရာ ကိစ္စတွေကို အပြောနဲ့ မဟုတ် လက်တွေ့ လုပ်ဆောင်ဖို့ လိုနေသေးတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရပါတယ်"