ရွေးကောက်ပွဲနဲ့အတူ သမ္မတသစ် ထွက်ပေါ်လာတော့မယ့် ပြင်သစ်

လက်ရှိ ပြင်သစ် သမ္မတ အီမန်နျူရယ် မာခွန်းနဲ့ လက်ယာစွန်း အမျိုးသမီး သမ္မတလောင်း မာရင်း လပန်းတို့ နှစ်ဦးထဲက တဦးကို အခု ဒုတိယအဆင့် ရွေးကောက်ပွဲမှာ ပြင်သစ် ပြည်သူတွေက ရွေးချယ်ကြမှာ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လက်ရှိ ပြင်သစ် သမ္မတ အီမန်နျူရယ် မာခွန်းနဲ့ လက်ယာစွန်း အမျိုးသမီး သမ္မတလောင်း မာရင်း လပန်းတို့ နှစ်ဦးထဲက တစ်ဦးကို အခု ဒုတိယအဆင့် ရွေးကောက်ပွဲမှာ ပြင်သစ် ပြည်သူတွေက ရွေးချယ်ကြမှာ ဖြစ်

ပြင်သစ်နိုင်ငံမှာ သမ္မတသစ်အတွက် ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ စတင် မဲပေး နေကြပြီ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ နေရာအတွက် ပထမအဆင့် ရွေးကောက်မှုကို ကျင်းပ ပြီးစီးခဲ့ရာမှာ မဲ အများဆုံးရသူ နှစ်ဦးဖြစ်တဲ့ လက်ရှိ ပြင်သစ် သမ္မတ အီမန်နျူရယ် မာခွန်းနဲ့ လက်ယာစွန်း အမျိုးသမီး သမ္မတလောင်း မာရင်း လပန်းတို့ နှစ်ဦးထဲက တစ်ဦးကို အခု ဒုတိယအဆင့် ရွေးကောက်ပွဲမှာ ပြင်သစ် ပြည်သူတွေက ရွေးချယ်ကြမှာလည်း ဖြစ်ပါတယ်။

အခုလို နောက်ဆုံး ဆန်ကာတင် ထွက်ပေါ်လာသူ နှစ်ဦးအနေနဲ့ သူတို့ကို ထောက်ခံသူတွေကြားမှာပဲ မကျေနပ်မှုတွေ ရှိနေပါတယ်။

လက်ရှိ သမ္မတ မာခွန်းကို ထောက်ခံသူတွေက သူ့ကို ကြွယ်ဝသူတွေ အတွက်သာ သမ္မတ လုပ်ပေးသူအဖြစ် ရှုတ်ချလာကြတာ ရှိသလို မာရင်း လပန်းကလည်း ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်သူတစ်ဦးအဖြစ် စွပ်စွဲခံရတာတွေ ရှိနေတာကြောင့် မဲလာမပေးဘဲ နေသူတွေလည်း များနိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ရှိနေပါတယ်။

အခုလို ပြင်သစ် သမ္မတ နောက်ဆုံးအဆင့် ရွေးချယ်မှု အတွက် မဲပေးမှုကို ဒေသစံတော်ချိန် မနက် ၈ နာရီမှ စတင်ခဲ့ပြီး အနိုင်ရသူ ခန့်မှန်းချက်ကတော့ ည ၈ နာရီလောက်မှာ ပေါ်ထွက်လာဖို့ ရှိနေပါတယ်။

အနိုင်ရသူ ခန့်မှန်းချက်ကတော့ ည ၈ နာရီလောက်မှာ ပေါ်ထွက်လာဖို့ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အနိုင်ရသူ ခန့်မှန်းချက်ကတော့ ည ၈ နာရီလောက်မှာ ပေါ်ထွက်လာဖို့ ရှိနေ

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမအဆင့်

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့်မှာ သမ္မတလောင်း ၁၂ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဘယ် သမ္မတလောင်းကမှတော့ မဲရာခိုင်နှုန်း ၅၀ ထက် ပိုပြီး မရခဲ့ကြပါဘူး။

အဲဒီ ပထမအဆင့်မှာ ရှေ့သို့ ပါတီ ခေါင်းဆောင် အလယ်အလတ် ဝါဒီ လက်ရှိသမ္မတ မာခွန်းက မဲ ၂၈ ရာခိုင်နှုန်း နီးပါး ရရှိခဲ့ပြီး လက်ယာစွန်း နိုင်ငံတော် စည်းလုံးရေး ပါတီ ခေါင်းဆောင် မာရင်း လပန်းကတော့ မဲ ၂၃ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။

အဲဒီ ပထမအဆင့်မှာပဲ တတိယအများဆုံး ရရှိခဲ့တဲ့ လက်ဝဲစွန်း ပြင်သစ် ဦးမညွှတ်ရေး ပါတီ ခေါင်းဆောင် မီလန်ရွှန်း ဆိုရင် မာရင်း လပန်းနဲ့ မဲရာခိုင်နှုန်း တစ်ရာခိုင်နှုန်းအကွာနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ ပြင်သစ် နိုင်ငံရေးရဲ့ လက်ဝဲစွန်းနဲ့ လက်ယာစွန်းသမားတွေက မဲစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးနိုင်ခဲ့တာ တွေ့ရပြီး သမားရိုးကျ လက်ယာ၊လက်ဝဲ အလယ်အလတ် ပါတီတွေရဲ့ မဲရရှိမှုက ကျသွားခဲ့တာကို တွေ့ရပါတယ်။

ဘယ် သမ္မတလောင်းကမှတော့ မဲရာခိုင်နှုန်း ၅၀ ထက် ပိုပြီး မရခဲ့ကြ
ဓာတ်ပုံ ပုံစာ, ဘယ် သမ္မတလောင်းကမှတော့ မဲရာခိုင်နှုန်း ၅၀ ထက် ပိုပြီး မရခဲ့ကြ

ဘယ်အကြောင်းအရာတွေက အဓိက မဲဆွယ်စရာတွေ ဖြစ်ခဲ့သလဲ

ပြင်သစ် ရွေးကောက်ပွဲ အစပိုင်းအတွက် မဲဆွယ် စည်းရုံးမှုတွေမှာ ယူကရိန်းစစ်ပွဲ သက်ရောက်မှုက လွှမ်းမိုးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တိုင်းပြည် ကုန်ဈေးနှုန်းအခြေအနေက တစ်ခုတည်းသော အဓိကထား စည်းရုံးတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။

သမ္မတလောင်းတွေ အခြား အဓိကထား စည်းရုံးတဲ့ ကဏ္ဍတွေကတော့ ကျန်းမာရေး၊ လုံခြုံရေး၊ ပင်စင်၊ သဘာဝ ပတ်ဝန်းကျင် အရေးနဲ့ လူဝင်မှုကြီးကြပ်ရေး တို့ ဖြစ်ကြပါတယ်။

ယူကရိန်းစစ်ပွဲအခြေအနေကြောင့် စွမ်းအင်ဈေးနှုန်းနဲ့တကွ ငွေကြေးဖောင်းပွမှုတွေလည်း ရှိတဲ့အတွက် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိတယ်ဆိုပေမယ့်လည်း ပြင်သစ်နိုင်ငံသားတွေရဲ့ ပျမ်းမျှဝယ်လိုအားက အတက်ဘက်မှာပဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။

နောက်ဆုံး ဆန်ကာတင် စာရင်းဝင် သမ္မတလောင်း မာရင်း လပန်းကတော့ လူဝင်မှု ကြီးကြပ်ရေးကိုလည်း အလေးထား မဲဆွယ်ခဲ့ပြီး သူသာ အာဏာ ရလာမယ်ဆိုရင် လူဝင်မှုလျှော့ချရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးမယ်လို့ စည်းရုံးခဲ့ပါတယ်။

ပြင်သစ်ရဲ့ နိုင်ငံခြားသား လူဦးရေ အနေနဲ့ကတော့ ၂၀ဝ၀ ခုနှစ်နောက်ပိုင်း အတက်ဘက်မှာပဲ ရှိခဲ့တယ် ဆိုပေမယ့် သုံးပုံ တစ်ပုံလောက်က ဥရောပနိုင်ငံတွေကပဲ ဖြစ်ပြီး ရှိရင်းစွဲ နိုင်ငံခြားသားထဲမှာတော့ ယခင် ပြင်သစ် ကိုလိုနီဟောင်း အယ်လ်ဂျီးရီးယားနိုင်ငံက အများစု ဖြစ်ပါတယ်။

မာရင်း လပန်းအနေနဲ့ လက်ရှိ သမ္မတ မာခွန်းရဲ့ လုံခြုံရေး မူဝါဒတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရာမှာ မစ္စတာ မာခွန်းကလည်း လမ်းပေါ်မှာ တာဝန်ကျ ရဲအရေအတွက် ထောင်ချီ တိုးမြှင့်ပေးမယ် ဆိုပြီး မဲဆွယ်ထားပါတယ်။