ယူကရိန်းစစ်ပွဲ- ပူတင်ကိုစစ်ရာဇဝတ်မှုနဲ့ အရေးယူလို့ ရနိုင်သလား

သမ္မတပူတင်ကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှိုးဆော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတပူတင်ကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှိုးဆော်
    • ရေးသားသူ, ဒေါမနစ် ကာဆီယာနီ
    • ရာထူးတာဝန်, ဘီဘီစီ ဥပဒေရေးရာ သတင်းထောက်

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို စစ်ရာဇဝတ်မှုနဲ့ရုံးတင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နှိုးဆော်လိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ဆောင်ရွက်ချက်လို့ အစွပ်စွဲခံထားရတဲ့ ရက်စက်ကြမ်းကြုတ်မှု အထောက်အထားတချို့ ပေါ်ထွက်လာပြီးနောက်မှာ အခုလိုနှိုးဆော်လိုက်တာပါ။

“ဒီလူဟာ ရက်စက်ကြမ်းကြုတ်တယ်။ စစ်ရာဇဝတ်ကောင်တယောက် ဖြစ်တယ်”လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။

ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ရုပ်ပုံတချို့ကို ဆက်သွယ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ မက္ကဆာကုမ္ပဏီက ထုတ်ဝေလိုက်ရာမှာ ဘုချာမြို့လမ်းတွေပေါ် အလောင်းတွေစီတန်းနေတာ တွေ့မြင်ခဲ့ရပါတယ်။

နယူးယောက်တိုင်းမ်သတင်းစာကြီးရဲ့ ဓာတ်ပုံအကဲဖြတ်ပညာရှင် တယောက်ကတော့ လမ်းပေါ်မှာ အနည်းဆုံး အလောင်း ၁၁ လောင်းရှိတယ်လို့ ဆိုပြီး အဲဒီအလောင်းတွေဟာ မတ်လ ၁၁ ရက်နေ့ကတည်းက ရှိနေခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၁၁ ရက်နေ့ကတည်းဆိုတဲ့စကားဟာ သော့ချက်စကားလုံးဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအလောင်းတွေဟာ ရုရှားစစ်တပ်ပြန်လည်ထွက်ခွာသွားပြီးနောက်မှ ယူကရိန်းအစိုးရက ဇာတ်လမ်းဆင်ထားတာလို့ ရုရှားဘက်က ပြန်လှန်စွပ်စွဲနေလို့ ဖြစ်ပါတယ်။ မတ်လ ၁၁ ရက်နေ့ဟာ ရုရှားစစ်တပ် အဲဒီမှာရှိနေဆဲအချိန်ကို ဆိုလိုပါတယ်။

ယူကရိန်းအစိုးရကတော့ ကိယက်ဗ်မြို့တော်အနီးနားဝန်းကျင်မှာ အရပ်သားအလောင်း ၄၁၀ တွေ့ထားတယ်လို့ ဆိုနေပြီး သူတို့ကိုယ်ပိုင် စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတရပ် စတင်နေပါပြီ။ အရပ်သားအလောင်းတချို့ဟာ စုပေါင်းမြှုပ်နှံထားတာဖြစ်ပြီး တချို့အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်ထားတာ တွေ့ရတယ်လို့ဆိုပါတယ်။ လက်ပြန်ကြိုးတုပ်ထားတာကိုကြည့်ရင် ဒီလူတွေကို အနီးကပ်ပစ်သတ်ခဲ့ကြောင်း ထင်ရှားတယ်လို့လည်း ဆိုပါတယ်။

ဘုချာဂြိုဟ်တုရုပ်ပုံတွေထွက်လာပြီးနောက် ပြင်သစ်နဲ့ဂျာမနီအစိုးရတို့က ရုရှားသံတမန်တွေကို နှင်ထုတ်လိုက်ပါတယ်။ လစ်သူယေးနီးယားကလည်း ရုရှားသံအမတ်ကိုနှင်ထုတ်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ အနောက်နိုင်ငံတွေရဲ့ ဘုချာစွပ်စွဲချက်ဟာ မုသားသက်သက်သာဖြစ်ကြောင်း လက်ဆုပ်လက်ကိုင်သက်သေအထောက်အထားနဲ့တကွ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြသွားမယ်လို့ဆိုပါတယ်။

ဒီအခြေအနေတွေအရ သမ္မတပူတင်ကို စစ်ရာဇဝတ်မှုနဲ့အရေးယူဖို့ဟာ ဘယ်လောက်ဖြစ်နိုင်ခြေ ရှိပါသလဲ။

Emergency services on site at the Mariupol children"s hospital on 9 March 2022

ဓာတ်ပုံ ရင်းမြစ်, UKRAINE MILITARY VIA REUTERS

ဓာတ်ပုံ ပုံစာ, မာရီယူပိုးလ်မြို့က ကလေးဆေးရုံတစ်ခုကို ရောက်လာတဲ့ လူနာတင်ယာဥ်

စစ်ရာဇဝတ်မှုဆိုတာဘာလဲ

စစ်ပွဲဆိုင်ရာ ဂျနီဗာသဘောတူညီချက်များကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးတဲ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရှိပါတယ်။ ဘယ်နိုင်ငံတကာစာချုပ်မှ ဒီလောက်နိုင်ငံများများ သဘောတူလက်မှတ်ရေးထိုးထားတာ မရှိဖူးပါဘူး။ အဲဒီဂျနီဗာသဘောတူညီချက်ဟာ တခြားနိုင်ငံတကာဥပဒေတွေ၊ နိုင်ငံတကာသဘောတူညီချက်တွေနဲ့လည်း ချိတ်ဆက်ပတ်သက်နေပါတယ်။

အရပ်သားများကို တမင်သက်သက်ရည်ရွယ်တိုက်ခိုက်ခြင်းမပြုရ၊ အရပ်သားများ အသက်ရှင်သန်ရေးအတွက် အရေးပါတဲ့အဆောက်အအုံများကို ပစ်မှတ်ထားဖျက်ဆီးခြင်းမပြုရ ဆိုတဲ့အချက်တွေ ဂျနီဗာသဘောတူညီချက်မှာ ပါဝင်ပါတယ်။ အရပ်သားနေအိမ်တွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဒုက္ခသည်စခန်းတွေဟာ အဲဒီအဆောက်အအုံအမျိုးအစားမှာ အကျုံးဝင်ပါတယ်။

လက်နက်တချို့ကိုလည်း အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ လမ်း၊ တံတား၊ အဆောက်အအုံဖျက်ဆီးဖို့ မဟုတ်ဘဲ လူ့အသက်သတ်ဖို့သက်သက်ရည်ရွယ်တဲ့ မိုင်းမျိုးဟာ တားမြစ်လက်နက်ထဲမှာ ပါဝင်ပါတယ်။ အဆင့်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးဟာ လူ့အသက်သတ်ဖို့သက်သက် ရည်ရွယ်တဲ့ လက်နက်အမျိုးအစားမှာ အကျုံးဝင်ပါတယ်။ ဓာတုလက်နက်၊ ဇီဝလက်နက်တွေဟာလည်း တားမြစ်လက်နက်ဖြစ်ပါတယ်။

နာမကျန်းသူ၊ ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ရမယ်၊ ဒဏ်ရာရစစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ စောင့်ရှောက်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

လူသတ်မှု၊ မုဒိမ်းမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုတော့ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုလို့ သတ်မှတ်ပါတယ်။

မက္ကဆာကုမ္ပဏီကထုတ်ဖော်ဖြန့်ချိလိုက်တဲ့ ဘုချာလမ်းပေါ်က လူသေလောင်းတွေရဲ့ဂြိုဟ်တုဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Image from Maxar

ဓာတ်ပုံ ပုံစာ, မက္ကဆာကုမ္ပဏီကထုတ်ဖော်ဖြန့်ချိလိုက်တဲ့ ဘုချာလမ်းပေါ်က လူသေလောင်းတွေရဲ့ဂြိုဟ်တုဓာတ်ပုံ

လူမျိုးတုံးသတ်ဖြတ်မှုဆိုတာဘာလဲ

နိုင်ငံသားတရပ်ရပ်ကို ဖြစ်စေ၊ လူမျိုးတမျိုးကို ဖြစ်စေ၊ အသားအရောင်တူ သွေးတူစုတခုခုကို ဖြစ်စေ၊ ဘာသာရေးအစုအဖွဲ့တခုခုကို ဖြစ်စေ၊ တစုတဖွဲ့လုံး သို့မဟုတ် တစိတ်တဒေသ ပျက်စီးစေလိုတဲ့ သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းကို လူမျိုးတုံးသတ်ဖြတ်မှုလို့ခေါ်ကြောင်း နိုင်ငံတကာဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒီဖွင့်ဆိုချက်အရ လူမျိုးတုံးသတ်ဖြတ်မှုဟာလည်း စစ်ရာဇဝတ်မှု အမျိုးအစားတခု ဖြစ်ပါတယ်။ အရပ်သားများကို ဥပဒေမဲ့သတ်ဖြတ်ခြင်းထက် ပိုကြီးလေးတဲ့ စစ်ရာဇဝတ်မှုအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ဖို့ဆိုရင် အဲဒီလူအစုအဖွဲ့ကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်ရှိကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။

လူပေါင်း ၈ သိန်းလောက်အသတ်ခံခဲ့ရတယ်ဆိုတဲ့ ၁၉၉၄ ခုနှစ် ရဝမ်ဒါသတ်ဖြတ်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှု အဖြစ် တရားစွဲဆိုခံခဲ့ရပါတယ်။

ရုရှားကိုစွပ်စွဲတဲ့ စစ်ရာဇဝတ်မှုက ဘယ်အမျိုးအစားလဲ

ကိယက်ဗ်အနီးတဝိုက်နဲ့ ဘုချာသတ်ဖြတ်မှုဟာ “အရပ်သားတွေကို တမင်ရည်ရွယ်သတ်ဖြတ်ခြင်း” အဖြစ် စုံစမ်းစစ်ဆေးရေးသမားတွေနဲ့ သတင်းသမားတွေကပြောဆိုနေကြတာ ဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲ့ရဲ့ ပြောဆိုချက်ကတော့ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ ခြေလက်တွေကိုကြိုးတုပ်ပြီး အနီးကပ်ပစ်သတ်ထားကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ္စဂျွန်ဆင်က ဒီတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ထပ်မံတွေ့ရှိတဲ့ အထောက်အထားတွေလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က လူနေတိုက်ခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အရေးကြီးတဲ့လမ်းတံတား အဆောက်အအုံတွေ၊ အရပ်သားပိုင်ယာဉ်တွေကားတွေ၊ စျေးဝယ်စင်တာတွေ၊ သူနာပြုကားတွေကို ဖျက်ဆီးတာတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဆိုပါတယ်။

မတ်လထဲမှာ ရုရှားစစ်တပ်က မာရီယူပူးလ်မြို့ဇာတ်ရုံတခုကိုတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ရှိခဲ့ပါတယ်။ အဲဒါဟာ လူအများအပြားကို သတ်ဖြတ်ကြောင်း ပထမဆုံးစွဲချက်ဖြစ်ပါတယ်။

မာရီယူပူးလ်ဆေးရုံကို လေကြောင်းကတိုက်ခိုက်ခဲ့တာဟာလည်း စစ်ရာဇဝတ်မှုလို့ ယူကရိန်းက ဆိုထားပါတယ်။

ခါကစ်မြို့က အရပ်သားတွေကို ဆင့်ပွားပေါက်ကွဲမှုဖြစ်စေတဲ့ ကလပ်စတာဗုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ရှိပါတယ်။

ရုရှားဟာ သာမိုဘားရစ်ဗုံးကို အသုံးပြုခဲ့တယ်လို့လည်း ဗြိတိန်ကဆိုပါတယ်။ သာမိုဘားရစ်ဗုံးကို လေဟာဗုံးလို့လည်း လူသိများပါတယ်။ ဗုံးပေါက်ကွဲရာအနီးဝန်းကျင်မှာ အောက်ဆီဂျင်ပြတ်လပ်သွားအောင် စွမ်းဆောင်တဲ့ပေါက်ကွဲပစ္စည်းအမျိုးအစား ဖြစ်ပါတယ်။ သာမိုဘားရစ်ဗုံးဟာ တားမြစ်လက်နက်စာရင်းမှာတော့ မပါပါဘူး။ ဒါပေမဲ့ အနီးနားအရပ်သားတွေကိုထိခိုက်အောင် တမင်ရည်ရွယ်လုပ်ဆောင်တဲ့သဘောဖြစ်လို့ စစ်စည်းကမ်းချိုးဖောက်မှုတမျိုးလို့ယူဆကြပါတယ်။

ကျွမ်းကျင်သူတချို့ကတော့ ကျူးကျော်မှုကိုယ်တိုင်သည်ပင် စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။

ဟာကိဗ်မြို့နားတစ်ဝိုက် ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် ပျက်စီးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟာကိဗ်မြို့နားတစ်ဝိုက် ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အကြီးအကျယ် ပျက်စီးခဲ့

စစ်ရာဇဝတ်မှုကို ဘယ်လိုအရေးယူနိုင်သလဲ

ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ရာဇဝတ်မှုခုံရုံးတွေ ပေါ်ပေါက်ခဲ့ပါတယ်။ နုရင်ဘတ်ခုံရုံးဟာ တခုအပါအဝင် ဖြစ်ပါတယ်။ ယူဂိုစလားဗီးယားပြိုကွဲမှုနောက်ပိုင်းပေါ်ပေါက်တဲ့ခုံရုံး၊ ၁၉၉၄ ခု ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုခုံရုံးတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ စစ်စည်းကမ်းချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အရေးယူနိုင်တဲ့ခုံရုံးတွေကတော့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) နဲ့ နိုင်ငံတကာတရားရုံး (ICJ) တို့ ဖြစ်ပါတယ်။ နိုင်ငံတကာတရားရုံး (ICJ) ဟာ နိုင်ငံအချင်းချင်း အငြင်းပွားမှုကို ဖြေရှင်းဆုံးဖြတ်တဲ့တရားရုံးဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တဦးချင်းကို စွဲဆိုလို့ မရပါဘူး။ ယူကရိန်းကနေ ရုရှားကို နိုင်ငံအချင်းချင်းစွဲဆိုတဲ့အမှုကတော့ နိုင်ငံတကာတရားရုံး (ICJ) မှာတင်ထားပြီးပါပြီ။ နိုင်ငံတကာတရားရုံး (ICJ) ကအမှုကို ဆုံးဖြတ်ရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ရမှ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာပိုင်ရှင်ဖြစ်တဲ့အတွက် ပယ်ချပိုင်ခွင့်ရှိပါတယ်။

နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကတော့ လူပုဂ္ဂိုလ်တဦးချင်းကို စစ်ရာဇဝတ်မှုနဲ့ ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်ပါတယ်။ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ နာဇီခေါင်းဆောင်တွေကို အပြစ်ပေးခဲ့တဲ့ နုရင်ဘတ်ခုံရုံးရဲ့ အမွေကို ဆက်ခံတဲ့ ဒီနေ့ခေတ်တရားရုံးသဘောမျိုး ဖြစ်ပါတယ်။ နုရင်ဘတ်ခုံရုံးဟာ နိုင်ငံတကာဥပဒေအောက်မှာ အထူးတရားရုံးတခုဖွင့်လှစ်ဆောင်ရွက်နိုင်ကြောင်းသက်သေအထောက်အထားတခုလည်း ဖြစ်ပါတယ်။

အိုင်စီစီမှာ လုပ်ပိုင်ခွင့်ရှိမလား

ယူကရိန်းနိုင်ငံတွင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိကြောင်း ယုံကြည်လောက်တဲ့ အကျိုးအကြောင်း အချက်အလက်တွေရှိပါတယ်လို့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ရဲ့ အမှုလိုက်ရှေ့နေချုပ် ဗြိတိန်ရှေ့နေ ကရင်ခန်းက ဆိုပါတယ်။ စုံစမ်းရေးအရာရှိတွေဟာ ခရိုင်းမီးယားကိုရုရှားနဲ့ပူးပေါင်းခဲ့တဲ့ ၂၀၁၃ ခုနှစ်မတိုင်မီကာလအထိနောက်ကြောင်းပြန် စုံစမ်းကြမှာဖြစ်ပါတယ်။

သက်သေအထောက်အထားတွေတွေ့ခဲ့ရင် သက်ဆိုင်ရာတရားခံအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့အာဏာဟာ လက်တွေ့မှာ အကန့်အသတ်ရှိပါတယ်။ တရားရုံးမှာ ကိုယ်ပိုင်ရဲအဖွဲ့မရှိပါဘူး။ ဒါကြောင့် တရားခံကို ဖမ်းဖို့ဆိုတာ သက်ဆိုင်ရာတိုင်းပြည်တွေကိုသာ အားထားရမယ့် အခြေအနေဖြစ်နေပါတယ်။

ဒါ့အပြင် ရုရှားဟာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်မှာ ရုရှားဟာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကနေ နုတ်ထွက်ထားပါတယ်။ ရုရှားနိုင်ငံသား သံသယတရားခံကို လွှဲပြောင်းပေးဖို့ တရားရုံးကတောင်းဆိုရင် သမ္မတပူတင်က လွှဲပေးမှာ မဟုတ်ပါဘူး။ တကယ်လို့များ အဲဒီသံသယတရားခံက တခြားနိုင်ငံတခုခုကို ခရီးထွက်ခဲ့ရင် ဖမ်းဆီးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ တကယ်လို့များ ဆိုတဲ့အခြေအနေဟာလည်း ဖြစ်နိုင်ခြေတော်တော်နည်းပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး နာဇီတွေကို အရေးယူခဲ့တဲ့ နုရင်ဘတ်ခုံရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်အပြီး နာဇီတွေကို အရေးယူခဲ့တဲ့ နုရင်ဘတ်ခုံရုံး

သမ္မတပူတင် သို့မဟုတ် ဗိုလ်ချုပ်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များကိုအရေးယူလို့ရမလား

နိုင်ငံရေးခေါင်းဆောင်တယောက်ကို စစ်ရာဇဝတ်မှုနဲ့ချိတ်ဖို့ထက် တိုက်ရိုက်ကျူးလွန်သူစစ်သားတယောက်ကို ချိတ်ဖို့က ပိုလွယ်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာကျွမ်းကျင်သူ ဟျူးချ်ဝီလျံဆင်က အကျဉ်းရုံံးစီရင်သတ်ဖြတ်မှုတွေနဲ့ တခြားဆိုးဝါးတဲ့ ကျူးလွန်မှုတွေကို ရုရှားစစ်တပ်က ပြုလုပ်ခဲ့ကြောင်း အထောက်အထားတချို့ရှိတယ်လို့ ဆိုပါတယ်။

အမှုတည်ဆောက်ဖို့အတွက် အမိန့်ပေးကွပ်ကဲမှုအဆင့်ဆင့်ကို ဖော်ထုတ်နိုင်ရေးဟာ အရေးကြီးတယ်လို့လည်း သူက ထောက်ပြပါတယ်။ အမိန့်ပေးကွပ်ကဲမှုအဆင့်ဆင့်ကို ဖော်ထုတ်နိုင်မှ နိုင်ငံရေးခေါင်းဆောင်တယောက်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကျူးလွန်ဖို့ အမိန့်ပေးခဲ့သလား၊ ဒါမှမဟုတ် ပြစ်မှုကျူးလွန်တာကို မသိချင်ယောင်ဆောင်နေတာမျိုးရှိခဲ့သလားဆိုတာတွေကို သိနိုင်မယ်လို့ ဆိုပါတယ်။

“စိတ်ဝင်စားစရာကောင်းတာက ယူကရိန်းအစီရင်ခံစာတခုမှာ အရပ်သား ၂ ယောက်ကို ပစ်သတ်ဖို့ တပ်မှူးတယောက်က ညွှန်ကြားခဲ့တယ်လို့ရေးထားတဲ့အချက်ပဲဖြစ်ပါတယ်” လို့ ဘီဘီစီကို သူကပြောပါတယ်။

“စစ်သားနှစ်ယောက်က ညွှန်ကြားချက်ကိုလက်မခံဘဲ ငြင်းပယ်ခဲ့တယ်လို့ပြောတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ရုရှားစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ဆောင်ရွက်ချက်တချို့နဲ့ အမိန့်ပေးညွှန်ကြားချက်၊ ထိန်းချုပ်မှုတွေ ရှိခဲ့တယ်ဆိုတာပါပဲ။” လို့ဆိုပါတယ်။

နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အနေနဲ့ ရုရှားကို “ကျူးကျော်စစ်ပွဲဆင်နွှဲမှု” နဲ့လည်း တရားစွဲဆိုနိုင်ပါတယ်။ အဲဒီပြစ်မှုကတော့ မတရားကျူးကျော်မှုအတွက် စွဲဆိုတဲ့အမှုပါ။ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့မဟုတ်ဘဲ တရားမျှတတဲ့ အကြောင်းပြချက်မရှိတဲ့ကျူးကျော်မှုမျိုးအတွက်တရားစွဲဆိုတာဖြစ်ပါတယ်။

အဲဒီစွဲဆိုမှုဟာ နုရင်ဘတ်ခုံရုံးကစတင်ခဲ့တာဖြစ်ပါတယ်။ နာဇီခေါင်းဆောင်တွေဟာ ငြိမ်းချမ်းမှုကိုဖျက်ဆီးတဲ့ ရာဇဝတ်မှုအတွက် အမှုရင်ဆိုင်သင့်တယ်လို့ ရုရှားတရားသူကြီးတဦးက အဲဒီအချိန်တုန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လန်ဒန်ယူနီဗာစီတီကောလိပ်က နိုင်ငံတကာဥပဒေကျွမ်းကျင်သူ ပါမောက္ခဖိလစ်ဆန်းစ်ကတော့ ရုရှားကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) ကအဲဒီအမှုနဲ့ တရားစွဲလို့ မရဘူးလို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရုရှားဟာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) မှာလက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ပါ။

သီအိုရီအရဆိုရင် အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကညွှန်ကြားရင် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) က စုံစမ်းစစ်ဆေး အရေးယူလို့ရနိုင်တဲ့ လမ်းကြောင်းတခု ရှိပါသေးတယ်။ ဒါပေမဲ့ ဒါကလည်း ရုရှားဟာ ဗီတိုအာဏာကိုင်ထားတဲ့အတွက် ဖြစ်နိုင်ခြေမရှိပါဘူး။

တခြားလမ်းကြောင်းရှိသေးသလား

နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အနေနဲ့ ထိရောက်တဲ့ အရေးယူမှုလုပ်နိုင်ဖို့ နိုင်ငံတကာဥပဒေနဲ့အညီ လက်တွေ့ဆောင်ရွက်နိုင်ဖို့ဟာ တကယ်တော့ သဘောတူစာချုပ်တွေက အဓိကမဟုတ်ပါဘူး။ နိုင်ငံရေးနဲ့ သံခင်းတမန်ခင်းကသာ အဓိက ဖြစ်ပါတယ်။

နုရင်ဘတ်ခုံရုံးမှာလိုပဲ နိုင်ငံတကာသဘောတူညီချက်ထက် သံတမန်ရေးရာအခြေအနေပေါ်မှာသာ အဖြေဟာ မူတည်သွားမှာ ဖြစ်တယ်လို့ ပါမောက္ခဆန်းစ်နဲ့ ကျွမ်းကျင်သူအများအပြားက စောဒကတက်ကြပါတယ်။

ဒါ့ကြောင့် ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲရာဇဝတ်မှုကို ပုဒ်မတပ်အရေးယူနိုင်အောင် နုရင်ဘတ်လိုမျိုး ဖြစ်စဉ်တခုအတွက် တခါသာဖွင့်လှစ်တဲ့ အထူးခုံရုံးတခုတည်ထောင်ဖွင့်လှစ်ဖို့ ပါမောက္ခဆန်းစ်က နိုင်ငံတကာခေါင်းဆောင်တွေကို တောင်းဆိုတိုက်တွန်းနေပါတယ်။