ယူကရိန်း ပဋိပက္ခ- "ဘူချာ အစုလိုက် သတ်ဖြတ်မှု"ကို ပုပ်ရဟန်းမင်းကြီးရှုတ်ချ၊ ယူကရိန်းအလံကို နမ်းရှုပ်

ဓာတ်ပုံ ရင်းမြစ်, EPA
ဘူချာ အစုလိုက် သတ်ဖြတ်မှုကို ပုပ်ရဟန်းမင်းကြီးရှုတ်ချ၊ ယူကရိန်းအလံကို နမ်းရှုပ်
ဗာတီကန်က အပတ်စဥ် ပရိသတ်နဲ့တွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က "ဘူချာ အစုလိုက် သတ်ဖြတ်မှု" ကို ရှုတ်ချလိုက်ပြီး အဲဒီမြို့ကနေ ပေးပို့လိုက်တဲ့ ယူကရိန်း အလံကို နမ်းရှုပ်ခဲ့ပါတယ်။
ရက်စက်မှုတွေက ကြောက်မယ်ဖွယ်တိုးလာနေပြီး အရပ်သားတွေ၊ အကာအကွယ်မဲ့ အမျိုးသမီးတွေ ကလေးတွေကိုတောင် ရက်စက်နေကြတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ယူကရိန်းကနေ မနေ့က ရောက်လာတဲ့ ဒုက္ခသည် ကလေးတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မနေ့က ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှာ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက ရုရှား စစ်တပ်ဟာ ဒုတိယကမ္ဘာစစ်ပွဲနောက်ပိုင်း အဆိုးဆုံး ရာဇဝတ်မှုကို လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ရုရှားအစိုးရဘက်ကတော့ အဲဒီလို စွပ်စွဲထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်တယ်ဆိုတာ သက်သေမရှိဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားဝိုင်းထားတဲ့ မာရီယူပိုးလ်မှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်
ရုရှားစစ်တပ်က ဝိုင်းရံ ပိတ်ဆို့ထားတဲ့ မာရီယူပိုးလ် မြို့မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေပြီး ရုရှားဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ဗြိတိန်နိုင်ငံ ထောက်လှမ်းရေးသတင်းတွေက ဆိုပါတယ်။
ယူကေ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက မြို့ရဲ့ လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေက ဆိုးသထက်ဆိုးလာနေတယ်လို့ တွစ်တာမှာ ရေးပါတယ်။ ဒါ့အပြင် မြို့မှာကျန်နေတဲ့ လူပေါင်း တစ်သိန်း ခြောက်သောင်းထဲက အများစုဟာ မီးမလာ၊ ဆက်သွယ်ရေးပြတ်တောက်၊ ဆေးဝါးလည်း မရရှိတဲ့အပြင် အိမ်တွင်း အပူပေးစနစ်နဲ့ ရေလည်း မရကြဘူးလို့ လည်း ရေးထားပါတယ်။
မြို့ကို ခုခံကာကွယ်တိုက်ခိုက်နေသူတွေ လက်နက်ချလာအောင် ရုရှားတပ်ဖွဲ့တွေက လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေးကို ပိတ်ပင်ထားနေတာ ဖြစ်တယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
မတ်လဆန်းက စတင်ပြီး မာရီယူပိုးလ် မြို့ကို ရုရှား တက်ဖွဲ့တွေ ဝိုင်းထားခဲ့တာပါ။ မြို့က နေရာအတော်များများလည်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။
မြို့သူမြို့သားတွေဟာ အစာပြတ်ရေငတ်ပြီး သေဆုံးကြရတော့မယ်လို့ မာရီယူပိုးလ် ဒုတိယ မြို့တော်ဝန်က ပြောပါတယ်။
ယူကရိန်း အရှေ့ပိုင်းနဲ့တောင်ပိုင်း ဗုံးကြဲ တိုက်ခိုက်ခံနေရ
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့တွေကို ဆက်လက် ဗုံးကြဲ တိုက်ခိုက်နေပြီး တခြားနေရာတွေကိုလည်း မစ်ဆိုင်း ဒုံးလက်နက်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်
ယူကရိန်းရဲ့ ဒုတိယမြို့တော် ဟာကိဗ် မှာ ပြီးခဲ့တဲ့ ညက အပြင်းအထန် ဗုံးကြဲ ခံခဲ့ရပါတယ်။
ရုရှားတပ်ဖွဲ့တွေပြန်စုစည်းနေတဲ့ အတွက် လာမယ့်သီတင်းပတ်တွေ အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ လူဟန့်စ်ခ်နဲ့ ဒွန်ညက်စ်ခ်
ဒေသက နေရာတချို့ မှာလည်း အမြောက်တွေနဲ့ နောက်ထပ် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်လုံး ပိတ်ဆို့ထားခဲ့ပြီး အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတဲ့ မာရီယူပိုးလ် မြို့မှာ ရုရှားက ဆက်လက် ထိုးစစ်တွေ ဆင်နေပါတယ်။
ဒန်နီပရို မြို့နားက ရေနံသိုလှောင်ရုံတခုကို ရုရှားက ဖျက်ဆီးခဲ့သလို ယူကရိန်း အလယ်ပိုင်း Vinnytsia ဒေသနဲ့ အနောက်ပိုင်းက Radekhiv ဒေသတို့ကို လည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဆေးရုံတွေကို လုံး၀မတိုက်ဖို့ MSF ပြော
ယူကရိန်းနိုင်ငံက ဆေးရုံတွေ၊ လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တိုက်ခိုက်မှုတွေ လုံးဝ ရှောင်ရှားသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ကူညီရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ MSF က ပြောပါတယ်။
ယူကရိန်းနိုင်ငံဆိုင်ရာ MSF အကြီးအကဲ Michel-Oliver Lacharite က လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ပင်လယ်နက်ထဲက မိုင်ကိုလာယိဗ်ဆိပ်ကမ်းမြို့မှာ ဆေးကုသရေး ဆိုင်ရာအဆောက်အဦးတွေ အတော်များများ ပစ်ခတ် ခံခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
တနင်္လာနေ့က ဆေးရုံနှစ်ရုံကို ပစ်ခတ်ခဲ့တဲ့ ဗုံးဟာ ကလပ်စတာ ဆင့်ကဲ ပေါက်ကွဲတဲ့ဗုံးတွေ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အင်္ဂါနေ့တုန်းကတော့ မိုင်ကိုလာယိဗ် မြို့တော်ဝန် က သူ့မြို့ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံနေရတုန်းဖြစ်တယ်လို့ ပြောဆိုပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ လျှော့ချနိုင်ဖို့ အမျိုးသမီးနဲ့ ကလေးတွေ မြို့ကို စွန့်ခွာကြပါလို့ သူက တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ဖိုး ထပ်ပေးမယ်
အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို နောက်ထပ် သန်း ၁၀၀ ဖိုး စစ်ရေးအကူအညီ ပေးဖို့ အတည်ပြုလိုက်ပါတယ်။
နောက်ထပ်ပေးတဲ့ ဒီရန်ပုံငွေကို Javelin တင့်ကားပစ် မစ်ဆိုင်းအတွက် ယူကရိန်းမှာ အရေးပေါ် လိုအပ်နေတဲ့ငွေကို ဖြည့်ပေးဖို့ သုံးမှာဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ယူကရိန်း တပ်ဖွဲ့တွေဟာ သူတို့ နိုင်ငံကို ကာကွယ်ဖို့ ပုခုံးထမ်း လက်နက်တွေကို ထိထိရောက်ရောက် အသုံးချနေခဲ့တယ်လို့ ပြောပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း အမေရိကန်က ယူကရိန်းကိုပေးတဲ့ စစ်ရေး အကူအညီဟာ အခုနောက်ဆုံး ကူညီငွေနဲ့ပါဆိုရင် စုစုပေါင်း ဒေါ်လာ ၁ ဒဿမ ၇ ဘီလျံ ရှိပြီ ဖြစ်ပါတယ်။

ရုရှား စွမ်းအင် တင်ပို့မှု ပိတ်ဆို့ရေး အီးယူခေါင်းဆောင်တွေ ဖိအားတွေ့
ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေက စစ်ရာဇဝတ်မှု ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရုရှားကနေ စွမ်းအင် တင်ပို့မှုကို ပိတ်ဆို့ အရေးယူဖို့ ဖိအားတွေကို ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ရင်ဆိုင်နေရပါတယ်။
ပဉ္စမမြောက် ပိတ်ဆို့အရေးယူမှု တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်း စဉ်းစားမယ့် ကျောက်မီးသွေး တင်ပို့မှုကို ပိတ်ပင်ဖို့ အီးယူ ဥရောပ ကော်မရှင်က ဒီကနေ့ အဆိုပြုမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဥရောပကောင်စီ အကြီးအကဲ Charles Michel က ရုရှားရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကို ပစ်မှတ်ထား အရေးယူဆောင်ရွက်ရေးတွေလုပ်ဖို့ အနှေးနဲ့ အမြန် လိုအပ်လာလိမ့်မယ်လို့ သူထင်ကြောင်း ဥရောပ ပါလီမန်ကို ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန် အပါအဝင် တခြား အနောက်အုပ်စု မဟာမိတ်တွေကလည်း ရုရှားကို နောက်ထပ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဒီကနေ့ ပြုလုပ်ဖို့ ရှိပါတယ်။
ဒါ့အပြင် နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း ရုရှားကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းကို ဘယ်လို အကောင်းဆုံးကူညီထောက်ပံ့နိုင်မလဲ ဆိုတာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးကြဖို့ ဒီကနေ့ နှောင်းပိုင်း ဘရပ်ဆဲလ်မြို့ကို ရောက်လာကြဖို့ ရှိပါတယ်။








