ယူကရိန်းကို ရုရှားကျူးကျော်မှု - ယူကရိန်းမှာ တိုက်ပွဲတွေ ပြင်းထန်ဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို ရုရှားကနေ ကျူးကျော်တိုက်ခိုက်တဲ့ ၅ ရက်မြောက်နေ့မှာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြို့လယ်က စျေးဝယ်စင်တာတစ်ခုကို ရုရှားဘက်က အမြောက်ကျည်တွေနဲ့ ပစ်ခတ်နေပါတယ်။
တိုက်ခိုက်ခံရမှုအတွင်း လူ ၁၁ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီပြီး လူတွေ ဒဏ်ရာရတယ်လို့ ပြောပါတယ်။
တနင်္လာနေ့ညနေပိုင်းထိ ရရှိတဲ့သတင်းတွေအရ မြို့ကို ယူကရိန်းက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ရုရှားတပ်တွေဟာ ကိယက်ဗ်မြို့ အရှေ့မြောက်ဘက်က ချာနိဟိဗ်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လိ့လည်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
ကိယက်ဗ်မြို့တွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု အချက်ပေးဥသြသံတွေ ကြားနေရတယ်လို့ အဲဒီမှာရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ရုရှားဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ယူကရိန်းပြော
ယူကရိန်းအရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပနေပြီး ယူကရိန်းမှာ ချက်ချင်းအပစ်အခတ်ရပ်စဲကြဖို့ အဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုကြပါတယ်။
ရုရှားဘက်ကနေ နျူကလီးယားတပ်တွေကို တပ်လှပ်ထားတယ်ဆိုတာက ကြောက်မက်ဖွယ်ကောင်းပြီး ကမ္ဘာကြီးမှာ ဆိုးရွားတဲ့အကျိုးဆက်ကြီးတွေ ဖြစ်လာနိုင်တယ်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြောပါတယ်။
ကုလဆိုင်ရာ ယူကရိန်းသံအမတ်ကလည်း ရုရှားဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေပြီး ဥပမာအနေနဲ့ဆိုရင် မူလတန်းကျောင်းတွေအပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်တာက စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားသံအမတ်ကလည်း လက်ရှိအခြေအနေဟာ ယူကရိန်းအပေါ်မှာပဲ တာဝန်ရှိတယ်၊ ယူကရိန်းဟာ ရုရှားလူမျိုးတွေနေတဲ့ ဒွန်းဘတ်စ်ဒေသကို အထူးအဆင့်အတန်းတစ်ခုအဖြစ် အခွင့်အရေးမပေးခဲ့ဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားတပ်တွေ အပစ်ရပ်ဖို့ သမ္မတ ဇလန်းစကီးတောင်းဆို
ရုရှားတပ်တွေအနေနဲ့ လက်နက်တွေချပြီး အပစ်ရပ်ဖို့ ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး က ပန်ကြားလိုက်ပါတယ်၊
တစ်ချိန်တည်းမှာ ဥရောပသမဂ္ဂအနေနဲ့ ယူကရိန်းကို အဖွဲ့၀င်နိုင်ငံအဖြစ် ချက်ချင်းအသိအမှတ် ပြုပေးဖို့ မစ္စတာ ဇလန်းစကီးက သူ့ရဲ့ ဗီဒီယို မိန့်ခွန်းမှာ ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။
ယူကရိန်း ကာကွယ်ရေး၀န်ကြီးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားကိုယ်စားလှယ်တွေဟာ ဒီနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးဖို့ ယူကရိန်း-ဘယ်လာရုစ် နယ်စပ်ကို ရောက်လာချိန်မှာ သူက အခုလို ပြောလိုက်တာပါ၊
ရုရှား အနေနဲ့ နှစ်နိုင်ငံ အကျိုးအတွက် သဘောတူညီမှု တစ်ခု ရချင်တယ်လို့ ရုရှား ဘက်က ညှိနှိုင်းရေးမှူး ဗလာဒီမီယာ မက်ဒင်းစကီးက အစောပိုင်းတုန်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးသတင်းအရင်းအမြစ်တွေဘက်ကတော့ ဘယ်လာရုစ်ဟာ အခုညှိနှိုင်းမှုရလဒ်အပေါ်မူတည်ပြီး သူတပ်တွေကို ယူကရိန်းထဲက ရုရှားတပ်တွေကို ကူနိုင်အောင် စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ရုရှားကို ပိတ်ဆို့အရေးယူတာတွေ ဆန့်ကျင်တယ်လို့ တရုတ်ပြော
ကမ္ဘာတလွှားက တိုင်းပြည်တွေက ယူကရိန်းကို ၀င်တိုက်နေတဲ့ ရုရှား အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ထပ်မံ လုပ်ဆောင်နေချိန်မှာ တရုတ်နိုင်ငံကတော့ ရုရှားအစိုးရအပေါ် စီးပွားရေး အရ အပြစ်ပေးမှုတွေကို ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရ အနေနဲ့ 'တရားမ၀င်တဲ့၊ တစ်ဖက်သတ် ကျတဲ့' အရေးယူမှုတွေကို ဆန့်ကျင်တယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း အနေနဲ့လည်း တွေ့ဆုံညှိနှိုင်းဖို့ နဲ့ အခြေအနေ ထပ်ဆိုးမလာအောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
ရုရှား ရူဘယ် ငွေကြေးတန်ဖိုး ထိုးကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားက သူ့ရဲ့ရူဘယ်ငွေကြေးဟာ အမေရိကန်ဒေါ်လာတန်ဖိုးထက် ၃၀ ရာခိုင်နှုန်းအထိ တန်ဖိုးကျသွားပြီးတဲ့နောက် အဓိကအတိုးနှုန်းကို ၂ ဆ တိုးပေးလိုက်ပါတယ်။
ရူဘယ်ငွေ ကျဆင်းတဲ့ရိုက်ခတ်မှုကို ကာမိစေဖို့ ရုရှားဘဏ်က အရင်ပေးနေတဲ့အတိုးနှုန်း ၉.၅ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ တိုးပေးလိုက်တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံအပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့က အနောက်နိုင်ငံတွေမှာရှိတဲ့ ဘဏ္ဍာရေးဈေးကွက်တွေမှာ ရုရှားဘဏ်ကို ဖယ်ကျဉ်လိုက်ပြီးတဲ့နောက်မှာ အခုအစီအစဉ် ပေါ်လာတာဖြစ်ပါတယ်။
ဗြိတိန်ကတော့ ဗြိတိန်နိုင်ငံထဲက ဘယ်စီးပွားရေးလုပ်ငန်းမဆို ရုရှားဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နိုင်ငံပိုင်ရန်ပုံငွေနဲ့ဆက်စပ်တဲ့ငွေကြေးလွှဲပြောင်းမှုမျိုးကိုမဆို မပြုလုပ်ဖို့ တားမြစ်လိုက်တာဖြစ်ပါတယ်။
ရုရှားနိုင်ငံထဲက ဘဏ်တစ်ချို့ကို နိုင်ငံတကာငွေကြေးပေးချေမှုစနစ် ဆွစ်ဖ် အသုံးပြုခွင့် တားမြစ်မှု ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ရူဘယ်ငွေကြေးတန်ဖိုး စံချိန်တင်ကျဆင်းမှု ဖြစ်ပေါ်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံ့ဘဏ်တွေမှာ အလုအယက်ငွေထုတ်ကြမယ့်စိုးရိမ်မှုတွေရှိနေချိန်မှာပဲ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ရုရှားဗဟိုဘဏ်က တနင်္ဂနွေနေ့ကပဲ ပြောထားပါတယ်။
တင်းမာမှုတွေမြင့်တက်နေတာကြောင့် ဘရန့်ရေနံစိမ်းဈေးနှုန်းဟာလည်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ အထိ တက်သွားပါတယ်။
ရုရှားဘဏ်တွေတချို့ကို ဆွစ်ဖ် ငွေကြေးစနစ်ကနေ ဖယ်ရှားလိုက်တဲ့ ဥရောပသမဂ္ဂ(အီးယူ)၊ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့လုပ်ဆောင်ချက်ဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားအပေါ် ကျင့်သုံးတဲ့အပြင်းထန်ဆုံး အစီအမံလည်းဖြစ်ပါတယ်။
အခုတော့ ရုရှားဗဟိုဘဏ်ရဲ့ပိုင်ဆိုင်မှုတွေ အထုတ်အလွှဲလုပ်ခွင့်အပိတ်ခံရတော့မှာဖြစ်သလို ပြည်ပမှာထားရှိတဲ့နိုင်ငံပိုင်အရန်ငွေကြေးတွေကို ရရှိနိုင်ခွင့်ဟာလည်း အကန့်အသတ်ရှိလာမှာဖြစ်ပါတယ်။
ရုရှားကို နိုင်ငံတကာငွေကြေးစနစ်ကနေ နောက်ထပ်ဖယ်ကျဉ်သွားဖို့ ရည်ရွယ်တာလို့ဆိုပါတယ်။
ရုရှားဟာ သူ့ရဲ့ပင်မ ရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့မှုတွေအတွက် ဆွစ်ဖ် ငွေကြေးလွှဲပြောင်းမှုစနစ်အပေါ် ကြီးကြီးမားမားမီခိုနေတာဖြစ်ပါတယ်။








