ဆောင်းရာသီ အိုလံပစ် - တရုတ်ရဲ့ ကိုဗစ်မူဝါဒ အလုပ်ဖြစ်သလား

A security person stands guard outside the main press centre inside a closed loop area in Beijing

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိုလံပစ် ကျင်းပရာ အဆောက်အအုံများ ပြင်ပမှ လုံခြုံရေး တဦး
    • ရေးသားသူ, ကိုင်ဝမ် နဲ့ ဝမ်ရွမ် ဆောင်း
    • ရာထူးတာဝန်, BBC Reality Check

ဘေဂျင်းမှာ ဖေဖော်ဝါရီ ၄ ရက်မှာ စတင်လိုက်တဲ့ ၂၀၂၂ ဆောင်းရာသီ အိုလံပစ်မှာ ကိုဗစ်ကူးစက်မှုကို ဟန့်တားနိုင်မယ့် အစီအမံတွေ လိုအပ်သမျှ အကုန်ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

တဘက်မှာလည်း ပြိုင်ပွဲဝင်ဖို့ ရောက်လာကြတဲ့ အားကစားသမားတွေနဲ့ အုပ်ချုပ်သူတွေအပါအဝင် ပြိုင်ပွဲ ကျင်းပရာမှာ ကူးစက်ခံရမှုတွေ တွေ့ရှိနေရပါတယ်။

ဆိုတော့ တရုတ်က ရောဂါ ကူးစက်မှု မပြန့်ပွားစေဖို့ အတွက် ဘာကာကွယ်တားဆီးမှုတွေ စီမံထားပါသလဲ၊ တရုတ်ရဲ့ ကိုဗစ်သုည မူဝါဒကရော ဘယ်လောက် အလုပ်ဖြစ်နေပါသလဲ။

တိုကျို အိုလံပစ်မှာထက် ပိုပြီး တင်းကျပ်

တရုတ်ဟာ ဗိုင်းရပ်စ်ကို တားဆီးနိုင်ရေးအတွက် တော်တော်လုပ် ထားပါတယ်။ ပြည်ပပရိတ်သတ်တွေ လာခွင့်မပြုသလို ပြည်တွင်း လူထုကိုလည်း ပြိုင်ပွဲ လက်မှတ်တွေကို ထုတ်မရောင်းပါဘူး။ ဒေသတွင်းက ပရိသတ်တွေကို အဖွဲ့လိုက် ဖိတ်ကြားပြီး ကြည့်ရှု အားပေးခွင့် ပြုမှာ ဖြစ်ပြီး အဲဒီ အခါမှာလည်း ပြိုင်ပွဲတွေကို မလာရောက်ခင်၊ အားပေးနေစဥ်နဲ့ ပြန်လည် ထွက်ခွာကြတဲ့ အချိန်အထိ တင်းကျပ်တဲ့ ကိုဗစ် စည်းမျဥ်းတွေကို လိုက်နာကြရမှာ ဖြစ်ပါတယ်။

An intelligent bullet train designed for Beijing 2022 Winter Olympics

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုလံပစ် ပြိင်ပွဲအတွက် သီးသန့် မြန်နှုန်းမြင့် ရထားလိုင်းတွေကို ပြေးဆွဲပေး

တရုတ်ပြည်တွင်း တခြား ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေကိုလည်း ပြိုင်ပွဲ ကျင်းပရာ ဘေကျင်းမြို့ဆီကို မလာကြဖို့ အသိပေးထားပါတယ်။

နောက်ပြီး မီဒီယာ၊ အားကစား သမားတွေနဲ့ လေ့လာစောင့်ကြည့်သူတွေကိုလည်း bubble လို့ခေါ်တဲ့ သီးသန့်စီ ခွဲခြားနေထိုင်ရတဲ့ ဇုန်တွေအတွင်းမှာပဲ နေထိုင်စေမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ bubble တွေထဲ ဝင်ထွက်သွားလာကြမယ့် သူတွေဟာလည်း ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူ ဒါမှမဟုတ် ကွာရန်တင်း ၂၁ ရက်လုပ်ပြီးသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးမှုတွေကိုလည်း နေ့စဥ် လုပ်နေပြီး မျက်နှာဖုံးတွေ နှာခေါင်းစည်းတွေ ကိုလည်း အချိန်ပြည့်တပ်ထားကြရမှာ ဖြစ်ပါတယ်။ ပိုးတွေ့ရှိခဲ့ရင်တော့ အဲဒီလူကို သီးသန့် ခွဲနေစေမှာ ဖြစ်ပြီး ၂၄ နာရီအတွင်းမှာ ပိုးမရှိကြောင်း ၂ ကြိမ် စစ်ဆေးတွေ့ရှိမှသာ ပြိုင်ပွဲဝင်ခွင့် ပြုမှာ ဖြစ်ပါတယ်။

ပြည်ပ အားကစား အဖွဲ့တွေဟာလည်း တရုတ်ပြည်ကို ဆိုက်ရောက်လာတာနဲ့ သီးသန့်နေရမယ့် bubble ဆီတန်းသွားရမှာ ဖြစ်ပြီး တရုတ်ပြည်က ပြန်လည် မထွက်ခွာမချင်း အဲဒီအထဲမှာပဲ နေကြရမှာ ဖြစ်ပါတယ်။

ဒေသတွင်းက စေတနာ့ ဝန်ထမ်းတွေ အပါအဝင် စားဖိုမှူးတွေ နဲ့ ယာဥ်မောင်းတွေလို ပြိုင်ပွဲအတွက် အထောက်အကူ ပေးသူတွေဟာလည်း လုံးဝ တံခါးပိတ် bubble ထဲမှာပဲ နေကြရမှာ ဖြစ်ပါတယ်။ ဒီလူတွေဟာ သူတို့ မိသားစုတွေ အပါအဝင် ပြင်ပလောကနဲ့ လုံးဝ ထိတွေ့ခွင့် ရကြမှာ မဟုတ်ပါဘူး။

ဒီစည်းမျဥ်းတွေကို နေထိုင်မှု အပိုင်းမှာသာ ချမှတ်ထားတာ မဟုတ်ပါဘူး။ အိုလံပစ် ပြိုင်ပွဲ ကာလအတွင်း အသုံးပြုမယ့် ဆေးရုံတွေနဲ့ တခြားနေရာတွေ အပြင် သယ်ယူပို့ဆောင်ရေး စနစ်တွေမှာက အစ လိုက်နာကြရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပမယ့် နေရာ အတော်များများက ဘေကျင်းမြို့တော်ရဲ့ ပြင်ပမှာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် အသုံးပြုမယ့် လေဆိပ်တွေနဲ့ မြန်နှုန်းမြင့် ရထားလိုင်းတွေကိုလည်း စီစဥ်ပေးထားပါတယ်။

အိုလံပစ် ပြိုင်ပွဲအတွက် အသုံးပြုမယ့် ယာဥ်တွေကိုလည်း ယာဥ်ရှေ့ပိုင်းမှာ အနီရောင် အမှတ်အသားတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်၊ အဲဒီ ယာဥ်တွေနဲ့ မတော်တဆ တိုက်မိခိုက်မိ ဖြစ်ရင်တောင် ယာဥ်ပေါ် ပါသူတွေနဲ့ ထိတွေ့ဆက်ဆံမှုမျိုး မလုပ်ကြဖို့ လမ်းစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာက အများပြည်သူကို အကြံပေးထားပါတယ်။ ကူးစက်မှုတွေ ရှောင်ရှားနိုင်ဖို့ ပြိုင်ပွဲ ကာလအတွင်း ထွက်လာတဲ့ အမှိုက်တွေကိုလည်း သီးသန့် နေရာမှာသိမ်းဆည်း ထားမှာ ဖြစ်ပါတယ်။

A security officer wearing protective gear at the Olympic Village

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အားကစားသမားတွေဟာ နေ့စဥ် ကိုဗစ်စစ်ဖို့ လိုပါတယ်။

ဘယ်ကိုဗစ် စည်းမျဥ်းတွေ စတင်ကျင့်သုံးနေပြီလဲ

ပြည်ပနိုင်ငံသားတွေကို တရုတ်ပြည်ထဲ ဝင်ထွက်သွားလာခွင့်ကို တော်တော်လေး တင်းကျပ်ထားပြီး ဖြစ်ပါတယ်။ နောက် ပြည်တွင်း ခရီးသွားလာမှုတွေကိုလည်း လွန်ခဲ့တဲ့ ၂ နှစ် ကပ်ရောဂါတွေ စတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းက စပြီး တင်းကျပ်ထားပါတယ်။

တရုတ်ပြည်ထဲကို ဝင်ရောက်ဖို့ ခွင့်ပြုချက်ရရှိပြီး ပြည်ပက ရောက်လာတဲ့ ဘယ်သူမဆိုဟာလည်း ရောက်တာနဲ့ ဆေးစစ်ခံရမှာ ဖြစ်ပြီး အစိုးရက သတ်မှတ်ထားတဲ့ ကွာရန်တင်း ဟိုတယ်တွေမှာ အနည်းဆုံး ၂ ပတ် ကွာရန်တင်း ဝင် သီးခြားနေထိုင်ရမှာဖြစ်ပါတယ်။

A customs officer conducts temperature check onboard after a flight landed in China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာဆိုက်ရောက် ခရီးသည်တွေအားလုံး ယာဥ်ထဲက မထွက်ခွာခင် အပူချိန်တိုင်းရမှာ ဖြစ်ပါတယ်။

မြို့ကြီး အတော်များများကို ဆိုက်ရောက်လာတဲ့ ပြည်ပက လာရောက်သူတွေဟာ လေယာဥ်ပေါ်က မဆင်းခင်မှာတင် ကိုယ်အပူချိန် အတိုင်းခံရမှာဖြစ်ပြီး ဟိုတယ် ဒါမှမဟုတ် နေအိမ်တွေမှာ ကွာရန်တင်း ၇ ရက် ဆက်ဝင်ကြရပါတယ်။ ပြီးရင် နောက်ထပ် ၇ ရက်ထပ်စောင့်ကြည့်ပါတယ်။ အဲဒီအချိန်အတွင်းမှာ တခြားလူတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ မလုပ်ဖို့ တားမြစ်ထားသလို ဒေသ ကျန်းမာရေး အာဏာပိုင်တွေကိုလည်း အချိန်မှန် သတင်းပို့ရပါတယ်။

တရုတ်ဟာ နိုင်ငံတကာနဲ့ ကူးလူး ခရီးသွားလာမှုတွေကို လျှော့ချနိုင်ဖို့ အတွက် သူ့နိုင်ငံသားတွေကိုလည်း ပြည်တွင်းရော ပြည်ပမှာပါ အရေးကြီးကိစ္စ မဟုတ်ရင် နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ ဒါမှမဟုတ် သက်တမ်း တိုးပေးတာမျိုး မလုပ်ပေးတော့ပါဘူး။

နောက်ပြီး တရုတ်ပြည်တွင်း မြို့ကြီးတွေအကြား ကူးလူးဆက်သွယ် သွားလာမှုတွေကိုလည်း တင်းကျပ်ထားပါတယ်။ ခရီးသွားလာခွင့်ရထားသူတွေဟာလည်း တကိုယ်တည်း သီးသန့် ခွဲနေတာမျိုးကို မဖြစ်မနေ လုပ်ကြရပါတယ်။

ပြိုင်ပွဲ ကျင်းပချိန် နီးလာတာနဲ့ အမျှ ကူးစက်မှုတွေ တွေ့ရှိရတဲ့ မြို့ကြီးတွေကို လော့ခ်ဒေါင်းချပစ်တာတွေလည်း ရှိပါတယ်။

Xi'an residents stand by barbed wire topped gate on their mobiles

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လော့ခ်ဒေါင်းချပြီးနောက်ပိုင်း လိုအပ်တဲ့ ပစ္စည်းတွေကို လာရောက်ယူငင်နေကြတဲ့ ရှီယန်း မြို့ခံများ

အဲဒီ ကာလတွေအတွင်းမှာလည်း ဆေးရုံကိစ္စလိုမျိုး အရေးကြီး ကိစ္စရှိမှသာလျှင် ခရီးသွားလာခွင့် ပြုပါတယ်။ ရဲနဲ့ ဒေသတွင်း စေတနာ့ဝန်ထမ်းတွေရဲ့ စောင့်ကြည့်မှုတွေကိုလည်း အရှိန်မြှင့် လုပ်လာကြသလို စည်းကမ်းချိုးဖောက်သူတွေကိုလည်း ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးတာမျိုးတွေ လုပ်ပါတယ်။

လူအမြောက်အမြားကို ပိုးရှိမရှိ စစ်ဆေးပေးနေစဥ် အတွင်းမှာလည်း ပိုးကူးစက်မှု တွေ့ပြီ ဆိုတာနဲ့ အဲဒီမှာ နေထိုင်ကြသူတွေကို အချိန်တိုအတွင်း နေအိမ်တွေကနေ ထွက်စေပြီး ကွာရန်တင်း စင်တာလို သီးသန့်နေရာတွေကို ပို့ပစ်ကြပါတယ်။ အစားအသောက် ရောင်းတဲ့ ဆိုင်တွေနဲ့ နေ့စဥ် ရှင်သန်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေက လွဲလို့ တခြား အရေးမကြီးတဲ့ စီးပွားရေး လုပ်ငန်း တွေကိုလည်း ပိတ်ခိုင်းထားပါတယ်။

ကျောင်းတွေကိုလည်း ပိတ်ပစ်ပြီး အများသုံး သယ်ယူပို့ဆောင်ရေး စနစ်တွေကိုလည်း ရပ်ပစ်ခဲ့သလို ယာဥ်နဲ့ သွားလာမှုတွေကိုလည်း ပိတ်ပင်ပစ်ပါတယ်။

ကိုဗစ် သုည ဘယ်လောက်အောင်မြင်မှုလဲ

အပေါ်ယံကြည့်ရင်တော့ တရုတ်ဟာ ကပ်ရောဂါကို ထိန်းချုပ်မှုတွေဟာ အသိအမှတ် ပြုရလောက်တဲ့ အထိ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းက စပြီး တရုတ်ပြည်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေဟာ ၄,၆၀၀ ကျော်ပဲ ရှိတယ်လို့ Our World in Data က ဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စု မှာဆိုရင် ၈၃၀,၀၀၀ ကျော် နဲ့ ယူကေမှာဆိုရင် ၁၅၀,၀၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

လူ တသန်းတိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေအရ တရုတ်မှာ ၃ ယောက် ရှိပြီး အမေရိကန်မှာ ၂,၅၀၀ နဲ့ ယူကေမှာ ၂,၁၉၀ ရှိပါတယ်။

တရုတ်ပြည်မှာ ရောဂါ ကူးစက်ခံရသူ အရေအတွက်ကလည်း တော်တော်ကြီးကို နည်းတာတွေ့ရပါတယ်။ ကပ်ရောဂါ ကာလအတွင်း တနိုင်ငံလုံးမှာ နေ့စဥ် ကူးစက်ခံရသူ ဦးရေဟာ ၁၅၀ ထက်ကျော်တာ ခပ်ရှားရှားပဲ ဖြစ်ပါတယ်။

ဒီလို တရားဝင် ထုတ်ပြန်ချက်တွေဟာ ဘယ်လောက် တိကျသလဲ ဆိုတဲ့ အပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိကြပါတယ်။ တခြားနိုင်ငံတွေထက် စာရင် သူတို့ရဲ့ ကူးစက်ခံရမှု နှုန်းနဲ့ သေဆုံးမှုနှုန်းတွေက သိသိသာသာကြီးကို နည်းနေပါတယ်။ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ကတော့ နိုင်ငံ့ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့် ထိုးပေးပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေမျိုးတွေမှာပဲ ကိုဗစ် သုည မူဝါဒကို အကောင်အထည်ဖော်နိုင်ဖို့ ဆိုရင် ပုဂ္ဂလိက လွတ်လပ်မှုနဲ့ စီးပွားရေး အပေါ် ဘယ်လောက် ထိခိုက်ပါစေ ဆက်လုပ်နေတာကတော့ တရုတ်နိုင်ငံပဲ ရှိတယ်လို့တောင် ဆိုနိုင်ပါတယ်။

ဗီဒီယို ပုံစာ, ကန့်ကွက်မှု၊ ကန့်သတ်မှုတွေကြားက တရုတ် အိုလံပစ်ပြိုင်ပွဲ