အိုင်အက်စ်ခေါင်းဆောင် အီဘရာဟင် အယ်လ်ကူရရှီ အမေရိကန်တိုက်ခိုက်မှုအတွင်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, EPA
ဗုဒ္ဓဟူးနေ့ညက ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ အမေရီကန်အထူးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်ခေါင်းဆောင် သေဆုံးသွားပြီလို့ အမေရိကန် အရာရှိကြီးတွေက ပြောပါတယ်။
"ကျွန်တော်တို့ တပ်ဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိတွေကြောင့် စစ်မြေပြင်မှာ ရှိနေတဲ့ အဘူ အီဘရာဟင် အယ်လ် ကူရရှီကို သုတ်သင်နိုင်ခဲ့ပါပြီ"လို့ သမ္မတဂျိုးဘိုင်ဒန်ကလည်း ပြောပါတယ်။
ကူရရှီက ဗုံးတစ်လုံးကို ဖောက်ခွဲလိုက်ပြီး သူနဲ့အတူ သူ့မိသားစုဝင်တွေပါ သေဆုံးသွားကြတာလို့ အမေရိကန်အစိုးရ အရာရှိတွေက အမေရိကန် မီဒီယာတွေကို ပြောပါတယ်။
အဲဒီ စီးနင်းတိုက်ခိုက်မှုအပြီးမှာ အလောင်း ၁၃ လောင်းတွေ့ရတယ်လို့ မြေပြင်မှာ ရှိကြတဲ့ ဆီးရီးယား ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
တူရကီနဲ့ နယ်စပ်မှာ ရှိတဲ့ နိုင်ငံမြောက်ပိုင်း အိဒ်လစ်ဗ်ပြည်နယ်ထဲက သူပုန်တွေထိန်းချုပ်ထားရာ အက်တမာမြို့အပြင်ဘက်ကို ညသန်းခေါင်အချိန်လောက်မှာ အမေရိကန်တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အတော်များများ ဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆင်းလာတဲ့ အမေရိကန် တပ်တွေကို မြေပြင်မှာရှိတဲ့ တပ်တွေက အပြင်းအထန်ခုခံခဲ့ကြပြီး ကားတွေပေါ်မှာ ဆင်ထားတဲ့ လေယာဉ်ပစ် သေနတ်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်သံတွေ အမြောက်သံတွေ နှစ်နာရီလောက်ကြားရပြီးချိန်မှာတော့ ရဟတ်ယာဉ်တွေ ပြန်ထွက်သွားကြပါတယ်။
ရဟတ်ယာဉ်တစ်စီးက စက်ချို့ယွင်းလို့ ထားပစ်ခဲ့ရပြီး နောက်ပိုင်းမှာ အမေရိကန်တွေက လေကြောင်းကနေ အဲဒီရဟတ်ယာဉ်ကို ပစ်ခတ်ဖျက်ဆီးပစ်လိုက်တယ်လို့ နယူးယောက်တိုင်းသတင်းစာက ရေးပါတယ်။ အဲဒီ ရဟတ်ယာဉ် အပျက်အစီးရဲ့ ပုံတွေလည်း အွန်လိုင်းပေါ်တက်လာတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDS
ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်တွေအားလုံး ဘေးကင်းစွာပြန်လာခဲ့ကြတယ်လို့ သမ္မတဘိုင်ဒန်က ပြောပြီး ဒီရလဒ်ကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေကို အကာအကွယ်ပေးနိုင်ခဲ့တယ်၊ ကမ္ဘာကြီးလည်း ပိုပြီးလုံခြုံသွားခဲ့တယ်လို့ သူကဆိုပါတယ်။
အမေရိကန်တွေ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ နှစ်ထပ် အဆောက်အအုံကို ရောက်ခဲ့သူ အေအက်ဖ်ပီသတင်းထောက်က အဲဒီအိမ်မှာ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ လက္ခဏာတွေတွေ့ရတယ်လို့ ဆိုပါတယ်။ သွေးတွေစင်နေတဲ့ နံရံတွေ၊ ပြုတ်ထွက်နေတဲ့ ပြတင်းပေါက်တွေ၊ မီးလောင်ကျွမ်းနေတဲ့ မျက်နှာကြက်တွေနဲ့ တစ်စိတ်တစ်ပိုင်းပြိုကျနေတဲ့ ခေါင်မိုးကို တွေ့ရတယ်လို့ ပြောပြပါတယ်။
ခမောက်ဖြူတွေလို့ ခေါ်ကြတဲ့ ဆီးရီးယားအရပ်ဘက်ကာကွယ်ရေးအဖွဲ့က သူတို့ဆီက အရေးပေါ်တုံ့ပြန်ရေးသမားတွေက အဲဒီအဆောက်အအုံကို မနက် ၃ နာရီခွဲလောက်မှာ ရောက်သွားခဲ့ပြီး ကလေး ခြောက်ယောက်၊ အမျိုးသမီး လေးယောက်အပါအဝင် အလောင်း ၁၃ လောင်းကို တွေ့ခဲ့ရတယ်လို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။
ဒဏ်ရာ ရထားတဲ့ မိန်းကလေးငယ်တစ်ဦးကိုလည်း အဲဒီမှာတွေ့ရပြီး သူ့ရဲ့ တခြားမိသားစုဝင်တွေကတော့ ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားကြပြီလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း သေဆုံးသူ အရေအတွက်ကို ၁၃ ဦးလို့ ဖော်ပြပါတယ်။ သူတို့ကတော့ ကလေး လေးဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"စစ်ဆင်ရေးအစမှာပဲ ပစ်မှတ်ဖြစ်တဲ့ အကြမ်းဖက်သမားက ဗုံးတစ်လုံးကို ဖောက်ခွဲလိုက်ပြီး သူကိုယ်တိုင်ရော၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင်ဖြစ်တဲ့ သူ့မိသားစုဝင်တွေပါ သေဆုံးသွားတယ်" လို့ အမေရိကန် အရာရှိကြီးတစ်ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
"အခုစစ်ဆင်ရေးရဲ့ ရလဒ်တွေကို အကဲဖြတ် သုံးသပ်နေတုန်းပါ။ ကြည့်ရတာကတော့ ၂၀၁၉ ခုနှစ်တုန်းက အယ်လ်ဘာဂဒါဒီကို သုတ်သင်တဲ့ စစ်ဆင်ရေးတုန်းက တွေ့ခဲ့ရတဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက်သမားတစ်ယောက်ရဲ့ လုပ်ရပ်မျိုးကို သုံးသွားတဲ့ပုံပါပဲ" လို့သူက ဆက်ပြောပါတယ်။
အခု သေဆုံးသွားတဲ့ ကူရရှီရဲ့ ရှေ့က အိုင်အက်စ်ခေါင်းဆောင်ဖြစ်တဲ့ အဘူ ဘာကာ အယ်လ်ဘာဂဒါဒီကလည်း ၂၀၁၉ ခုနှစ်က အမေရိကန် အထူးတပ်ဖွဲ့တွေ သူ ပုန်းနေတဲ့ နေရာကို ဝင်စီးနင်းတိုက်ခိုက်ချိန်မှာ ဗုံးခွဲလိုက်ပြီး သူနဲ့ သူ့ကလေး သုံးယောက်စလုံး သေဆုံးခဲ့ပါတယ်။ အယ်လ်ဘာဂဒါဒီ သေဆုံးခဲ့တဲ့နေရာက မနေ့ညက အမေရိကန်တပ်တွေ ဝင်တိုက်ခဲ့တဲ့ အက်မာမြို့နဲ့ဆို ၁၀ မိုင်လောက်ပဲ ဝေးပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်းဒေသဟာ ဂျီဟတ်ဝါဒီစစ်သွေးကြွတွေ စုဝေးအခြေပြုရာနေရာဖြစ်ပြီး အဲဒီနေရာမှာ အိုင်အက်စ်နဲ့ အပြင်းအထန်တိုက်နေတဲ့ သူပုန်အုပ်စုတွေလည်း ရှိပါတယ်။ အဲဒီသူပုန်တွေကို တူရကီက ထောက်ပံ့ပေးနေတာပါ။








