အမေရိကန်နဲ့တာလီဘန်ကြား လူသား ချင်းဆိုင်ရာအကူအညီပေးရေးကိစ္စတွေ ပထမဆုံးအကြိမ် ဆွေးနွေး

တာလီဘန် နိုင်ငံခြာရေး‌ဝန်ကြီး အီမာခန်း မွတ်တာကီက အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်မှုတွေရချင်တယ်လို့ ပြော
ဓာတ်ပုံ ပုံစာ, တာလီဘန် နိုင်ငံခြာရေး‌ဝန်ကြီး အီမာခန်း မွတ်တာကီက အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်မှုတွေရချင်တယ်လို့ ပြော

အမေရိကန်က အာဖဂန်နစ္စတန်ကို လူသားချင်းဆိုင်ရာအကူအညီတွေပေးအပ်ဖို့ သဘောတူလိုက်ပြီလို့ တာလီဘန်အစိုးရကပြောပါတယ်

ပြီးခဲ့တဲ့သြဂုတ်လက အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေထွက်သွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကာတာမှာဆွေးနွေးကြပြီးနောက် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

အကူအညီပေးရေးကိစ္စတွေအပြင် အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို ထိန်းချုပ်ဟန့်တားဖို့နဲ့ အမေရိကန်နိုင်ငံသားတွေ ဘေးကင်းရာရွေ့ပြောင်းပေးဖို့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက်ဆွေးနွေးမှုတွေ ပွင့်ပွင့်လင်းလင်း ပ‌ရောဖက်ရှင်နယ်နယ်ဆန်ဆန်ဆွေးနွေးခဲ့ကြပေမယ့် သူတို့လုပ်တဲ့ကိစ္စတွေကို တာလီဘန်တွေအနေနဲ့ အကဲဖြတ် ထင်မြင်ချက်ပေးခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးမှုဟာ တာလီဘန်တွေကို အသိအမှတ်ပြုတာမဟုတ်ဘူးလို့ အမေရိကန်ဘက်က ပြောထားပါ တယ်။

"အမေရိကန်ကိုယ်စားလှယ်တွေက အာဖဂန်ကို လူသားချင်းစာနာတဲ့ အကူအညီပေးမယ်။ပြီးတော့ ဒီအကူအညီတွေကို ပို့ပေးမယ့် အဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းအထောက်အပံ့တွေ ဖြည့်ပေးမယ်လို့ "ပြောတဲ့ အကြောင်း တနင်္ဂနွေညကထုတ်တဲ့ ကြေညာချက်ထဲမှာ တာလီဘန်တွေက ပြောထားပါတယ်။

ဒါပေမဲ့ တာလီဘန်တွေကို အကူအညီပေးမယ်ဆိုတာ အမေရိကန်တွေဘက်က တရားဝင်ပြောဖို့ လိုပါသေးတယ်။

အာဖဂန်ပြည်သူတွေကို လူသားချင်းအကူအညီတွေ တိုက်ရိုက်ပေးပို့ဖို့ကိစ္စကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်ကပြောပါတယ်။

"အမေရိကန်ကိုယ်စားလှယ်အဖွဲ့က အဓိကအာရုံစိုက်ဆွေးနွေးတာက လုံခြုံရေးနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စိုးရမ်တဲ့ကိစ္စတွေဖြစ်ပြီး အာဖဂန်က ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံခြားသားတွေနဲ့ အမေရိကန်နိုင်ငံသားတွေ ဘေးကင်းကင်းနဲ့ ပြန်ထုတ်လာနိုင်ဖို့၊ အာဖဂန်လူ့အဖွဲ့အစည်းတွင်းက ကိစ္စတွေမှာ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးဖို့ကိစ္စတွေပါ "လို့ သူကပြောပါတယ်။

အကူအညီပေးရေးအဖွဲ့တွေက လုပ်သားတွေအနေနဲ့လည်း အာဖဂန်မှာ သူတို့ ကြုံရမယ့် အခက်အခဲတွေ နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဂျနီဗာမှာလုပ်ခဲ့တဲ့ အလှူရှင်တွေ အစည်းအဝေးမှာလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ကအန်တိုနီဂူတာရက်စ်က အာဖဂန်နိုင်ငံရဲ့ ဆင်းရဲမွဲတွေမှုနှုန်း ပိုတက်လာတာနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ပြိုလဲနေတာကို သတိပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ GDP ရဲ့ ဝင်ငွေ၄၀ ရာခိုင်နူန်းဟာ အကူအညီပေးမှုတွေက ရနေတယ်ဆိုတာ ကမ္ဘာ့ဘဏ်ကထုတ်ပြန်ချက်အရသိရပါတယ်။

သြဂုတ်လ၁၅ရက်နေ့က အာဖဂန်ကို တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံကို အမေရိကန်က ထိန်းချုပ်ထားပါတယ်။

ကာဘူးမြို့က ဆင်းရဲသားတွေကို ကယ်တင်ဖို့ရာမှာ ငတ်မွတ်ခေါင်းပါးမှုကို အဓိက ဦးစားပေးကယ်တင်ဖို့ လိုတယ်လို့ ဘီဘီစီက ဂျယ်ရမိဘိုဝင်က အာဖဂန်မြို့တော်ကနေ သတင်းပို့ခဲ့ပါတယ်။