ရှင်ကျန်းပြည်နယ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန် သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်အတွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက တင်းမာတဲ့ သတိပေးချက် အသစ်တခုကို ထုတ်ပြန်လိုက်ပါ တယ်။
အဲဒီဒေသက စီးပွားရေးလုပ်ငန်းတွေနဲ့ ကွင်းဆက်လုပ်ငန်း (Supply Chain)တွေ အဖြစ် ဆက်စပ် လုပ်ကိုင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေနဲ့ အဲဒီ ဒေသက စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ အမေရိကန် ကုမ္ပဏီတွေကို အစိုးရက "ဒါတွေဟာ အမေရိကန် ဥပဒေကို ချိုးဖောက်မိတဲ့ အခြေအနေအထိ အန္တရာယ်ရှိနေပြီ" လို့ ပြောလိုက်ပါတယ်။
ရှင်ကျန်းပြည်နယ်မှာ လူမျိုးတုံးအောင်ပြုလုပ်တာတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ထားတဲ့ အထောက်အထားတွေကို အမေရိကန်အစိုးရက ထောက်ပြထားပါတယ်။
အဲဒီဒေသအတွင်းမှာ နေထိုင်နေကြတဲ့ ဝီဂါလူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေလုပ်နေတယ်ဆိုတဲ့ အရင်တုန်းက စွပ်စွဲချက်မှန်သမျှကို တရုတ်က ပယ်ချထားပါတယ်။
ရှင်ကျန်း စီးပွားရေးဆိုင်ရာ အကြံပေးချက် (Xinjiang Supply Chain Business Advisory) ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ စီးပွားကူးသန်းရောင်းဝယ်ရေးဌာန၊ ပြည်တွင်းလုံခြုံရေးဌာန၊ အလုပ်သမားဌာန၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလည်ရုံး စတဲ့ ဌာနတွေပေါင်းပြီး ထုတ်ပြန်ခဲ့ ပါတယ်။
"ရှင်ကျန်းပြည်နယ်နဲ့ ဆက်စပ်ပြီး ကွင်းဆက် လုပ်ငန်းလုပ်နေတာတွေ၊ အကျိုးတူတွဲဖက်လုပ်ဆောင်နေတာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေ မှန်သမျှ အမေရိကန် ဥပဒေကို ချိုးဖောက်မိမယ့် အန္တရာယ်ကြီးကြီးမားမား ရှိနေနိုင်ပြီ"လို့ အဲဒီအကြံပေးချက်ထဲမှာ ရေးသားထားပါတယ်။ ဒီအကြံပေးချက်ကို မနှစ်ဇူလိုင်လကတည်းက စတင် ထုတ်ခဲ့တာဖြစ်ပြီး အခုတခါ မွမ်းမံချက်မှာ ဒီအချက်က အသစ်အနေနဲ့ ပါဝင် လာတာပါ။
သတင်းထုတ်ပြန်ချက်တစ်ခုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ထုတ်လိုက်ပြီး အဲဒီထဲမှာ သူက "တရုတ် အစိုးရဟာ ရှင်ကျန်းပြည်နယ်အတွင်းမှာ လူမျိုးတုံးစေမှု (Genocide)၊ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်ကျူးလွန်မှု (Crimes against humanity)တွေ လုပ်ဆောင်ထားတာကို" အထောက်အထားနဲ့ စာတမ်းတစ်ခုမှာ ဖော်ပြထားတယ်လို့ ပြောထားပါတယ်။
ရှင်ကျန်းမှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေအပေါ် သဘောထားချက်ကို အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန်ချမှတ်ဖော်ပြခဲ့ပြီးနောက်ပိုင်းမှာပဲ အမေရိကန်ရဲ့ ဒီကြေညာချက်ထွက်လာတာပါ။
သောကြာနေ့ကလည်း သမ္မတဘိုင်ဒန် အစိုးရဟာ တရုတ်စီးပွားရေးလုပ်ငန်းနဲ့ အခြားဌာနတွေ စုစုပေါင်း ၁၄ ခုကို ရှင်ကျန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စောင့်ကြည့်ထိန်းချုပ်စစ်ဆေးမှုတွေကျူးလွန်နေကြောင်း စွပ်စွဲပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ အမည်မည်းစာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ ပြင်သစ်အစိုးရက အဝတ်အစား ဖက်ရှင် နာမည်ကြီး တံဆိပ် ၄ ခုကို "လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ်ကျူးလွန်မှု" မြောက်၊ မမြောက် စစ်ဆေးဖို့ အမှုဖွင့်ခဲ့ပါတယ်။
စွပ်စွဲခံရတဲ့ အဝတ်အစား ကုမ္ပဏီတွေကတော့ ယူနီကလို (Uniqlo)၊ Inditex (Zara မိခင်ကုမ္ပဏီ)၊ SMCP နဲ့ Skechers တို့ ဖြစ်ပြီး Skechers ကတော့ ဒီ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးပါဘူး၊ ကျန်တဲ့ ကုမ္ပဏီ ၃ ခုက တော့ သူတို့ အဲဒီအမှုတွေ မကျူးလွန်ထားကြောင်း ငြင်းပယ်ထားပါတယ်။
ဥရောပ ဝီဂါ အင်စတီကျု (European Uyghur Institute) နဲ့ တခြား လူ့အခွင့်အရေး အဖွဲ့တွေက ဒီကုမ္ပဏီတွေဟာ အတင်းအဓမ္မအလုပ်စေခိုင်းမှုက အသုံးပြုပြီး အကျိုး အမြတ်တွေ ယူနေကြတယ်လို့ ထောက်ပြဝေဖန်လာကြပြီးတဲ့နောက် အခုလို အနောက်နိုင်ငံ အစိုးရတွေက အရေးယူဆောင်ရွက်တာတွေ ဖြစ်လာခဲ့တာပါ။
အတင်းအဓမ္မအလုပ်စေခိုင်းတာတွေ အကျယ်အပြန့်ရှိနေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့တဲ့ ရှင်ကျန်းပြည်နယ်က ဝါဂွမ်းစိုက်ခင်းတွေ၊ ချည်ထုတ်လုပ်ရေး လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ပမာဏဟာ တရုတ်ထုတ်လုပ်တဲ့ ချည်ပမာဏရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး၊ ရှင်ကျန်းက ထုတ်လုပ်တဲ့ ပမာဏဟာ ကမ္ဘာ့မှာ ချည်ထုတ်လုပ်မှု အတိုင်းအတာရဲ့ ၂၀ ရာခိုင်နှုန်းထိ ရှိပါတယ်။
ဝီဂါလူမျိုးတွေ အများအပြား စခန်းတွေထဲမှာ ထိန်းသိမ်းခံနေရပြီး အဲဒီမှာ နှိပ်စက်ခံ ရတာတွေ၊ အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရတာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းပယ်ထားပြီး ဒီစခန်းတွေဟာ ဝီဂါတွေကို ဆင်းရဲတွင်းက လွတ်မြောက်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ "ပြန်လည် ပညာပေးရေး"စခန်းတွေသာ ဖြစ်တယ်လို့ ပြောနေပါတယ်။








