G7 ထိပ်သီးအစည်းအဝေးဆိုတာ ဘာလဲ၊ G7 ဟာ သြဇာ အာဏာ ရှိသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
G7 လို့ခေါ်ကြတဲ့ စက်မှု အင်အားကြီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲကို ကျင်းပမယ့် ယူကေက Cornwall မှာ ရှိတဲ့ Carbis Bay အပန်းဖြေစခန်းကို ကမ္ဘာ့ခေါင်းဆောင်တွေ ရောက်လာကြပါပြီ။
အဲဒီထဲမှာ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့လည်း ပါဝင်ပါတယ်။ မစ္စတာ ဘိုင်ဒန်အတွက်တော့ သမ္မတ တာဝန် စတင်ထမ်းဆောင်ပြီး နောက်ပိုင်း ဒါဟာ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ပါတယ်။
G7 ဆိုတာ ဘာလဲ၊ ဘယ်အချိန် အစည်းအဝေးကျင်းပမလဲ
G7 ဆိုတာ ကမ္ဘာပေါ်က စီးပွားရေး အင်အားအကြီးဆုံး ဖွံ့ဖြိုးပြီး စက်မှု အင်အားကြီး နိုင်ငံ ၇ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီ ၇ နိုင်ငံကတော့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့ပဲ ဖြစ်ပါတယ်။
၁၉၉၈ မှာ ရုရှားပါဝင်လာပြီး G8 ဆို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၄ မှာ ခရိုင်းမီးယား ဒေသကို သိမ်းသွင်းခဲ့တဲ့ နောက်ပိုင်း အဖွဲ့ကနေ ဖယ်ထုတ်ပစ်ခဲ့ပါတယ်။
တရုတ်ကတော့ စီးပွားရေး အင်အားကြီးပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဖြစ်ပေမယ့် ဘယ်တုန်းကမှ အဲဒီအဖွဲ့ထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါကလည်း နိုင်ငံသား တဦးချင်း ကြွယ်ဝမှုမှာ အဆင့် နိမ့်နေတာကြောင့် G7 နိုင်ငံတွေလို စီးပွားရေး ရှေ့တန်းရောက်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ အဖြစ် မသတ်မှတ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။
ဒီနှစ် အစည်းအဝေးကိုတော့ ပုံမှန် တက်ရောက်နေကျလို ဖြစ်နေတဲ့ ဥရောပသမဂ္ဂ အဖွဲ့က ကိုယ်စားလှယ်တွေအပြင် အိန္ဒိယ၊ တောင်ကိုရီးယား နဲ့ သြစတြေးလျ တို့ကိုလည်း အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြား ထားပါတယ်။
ဒီသောကြာနေ့ ဇွန်လ ၁၁ ရက် ကနေ ၁၃ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
G7 ထိပ်သီးစည်းဝေးပွဲကို ဘာလို့ ယူကေမှာ ကျင်းပသလဲ
ယူကေက ၂၀၂၁ မှာ G7 အဖွဲ့ရဲ့ ဥက္ကဌ တာဝန်ကို ယူထားတာကြောင့် ယူကေမှာ ကျင်းပတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ယူကေမှာ ကျင်းပမယ်၊ Cornwall က St Ives အနီးမှာ ရှိတဲ့ Carbis Bay Hotel မှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
ဒီလို ထိပ်သီးစည်းဝေးပွဲကို ကမ်းခြေအပန်းဖြေ စခန်းတခုမှာ ကျင်းပတာဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ တုန်းက ပြင်သစ်မှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးကို Biarritz ဆိုတဲ့ ကမ်းခြေမြို့ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခုအစည်းအဝေးအတွက် လမ်းတချို့ ပိတ်တာတွေ ရှိနေတာကြောင့် Cornwall ဒေသခံတွေနဲ့ ခရီးသွားတွေရဲ့ နေထိုင်သွားလာရေးတွေမှာ အနှောင့်အယှက်တွေ ရှိလာနိင်ပါတယ်။ St Ives ရဲ့ တချို့ လူနေရပ်ကွက်တွေမှာ ဆိုရင် ဒေသခံတွေဟာ အဲဒီအရပ်ထဲမှာ နေထိုင်သူဖြစ်ကြောင်း အထောက်အထား ပြနိုင်မှသာ ဝင်ထွက်သွားလာလုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
ယူကေ အစိုးရကတော့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လူချင်း တွေ့ဆုံနိုင်ဖို့ အရေးကြီးပါတယ်လို့ ပြောထားသလို ကိုဗစ် ရှိမရှိ ဆေးစစ်မှုတွေကိုလည်း ပုံမှန် လုပ်သွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
G7 ဘာတွေ လုပ်သလဲ
G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ ကမ္ဘာ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ တနှစ်ပတ်လုံး အစည်းအဝေးတွေ ကျင်းပ၊ သဘောတူညီချက်တွေ ဖော်ဆောင်ပြီး သဘောထား ပူးတွဲ ကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။
ဒီထိပ်သီး အစည်းအဝေးမတိုင်ခင်မှာလည်း G7 ရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေက နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အခွန်ပိုထမ်းစေဖို့ အတွက် လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြပါတယ်။
တကယ့် အစည်းအဝေးကြီးကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အရေးတွေ အတွက် G7 နိုင်ငံခေါင်းဆောင်တွေ မျက်နှာစုံညီ စည်းဝေးကြတာပဲ ဖြစ်ပါတယ်။
ဒီနှစ် အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြမလဲ
ဒီနှစ် G7 အစည်းအဝေးမှာ အဓိကအားဖြင့်တော့ ကိုဗစ်လွန် ကာလ နာလန်ထရေး ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အနာဂတ်မှာ ကမ္ဘာ့လူသားတွေကို ကပ်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ ကမ္ဘာ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပိုမို အင်အား တောင့်တင်း ခိုင်မာလာဖို့ တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
နောက်ပြီး ရာသီဥတု ပြောင်းလဲမှုနဲ့ ကုန်သွယ်ရေး ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာလည်း ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်၊ ဥရောပသမဂ္ဂ တို့နဲ့ တွေ့ဆုံပြီး ယူကေနဲ့ အီးယူအကြား ကုန်သွယ်ရေး ကိစ္စ အငြင်းပွားနေတာတွေကြောင့် မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားဝင် ထိပ်သီး အစည်းအဝေးကိုတော့ စနေနေ့ မနက်ပိုင်းမှာ စတင်ကျင်းပမှာ ဖြစ်ပြီး ဧည့်သည်အဖြစ် ဖိတ်ကြားထားတဲ့ နိုင်ငံတွေကတော့ နေ့လယ်ပိုင်းမှာ တက်ရောက် လာကြမှာ ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင်တွေ အတူတကွ မှတ်တမ်း ဓာတ်ပုံ ရိုက်တာမျိုးလို လူတွေ သတင်းသမားတွေ ရှေ့ကို ထွက်လာတဲ့ အခိုက်အတန့် မျိုးတွေ ရှိနိုင်ပေမယ့် အဓိက အားဖြင့်တော့ တံခါးပိတ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးတဲ့ အခါမှာ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ယူကေက ဒီဆွေးနွေးပွဲတွေကနေ ခေါင်းဆောင်တွေအကြား ဘာတွေ သဘောတူခဲ့ကြသလဲ စတာတွေကို ကြေညာချက် ထုတ်ပြန် ပေးမှာ ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူကေ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဆန္ဒပြပွဲတွေရော ရှိမှာလား၊ လုံခြုံရေးရော ပိုချထားမလား
ဆန္ဒပြပွဲတွေရော လုံခြုံရေးတွေရော ရှိမှာပါ၊ ဒါပေမယ့် ဆန္ဒပြဖို့နဲ့ လုံခြုံရေးတွေချဖို့ အတွက် ဒီနှစ်က ပိုအခက်ကြုံရပါတယ်။ အကြောင်းကတော့ ကိုဗစ် စည်းကမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီထိပ်သီး စည်းဝေးပွဲအတွက် Devon နဲ့ Cornwall ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁,၅၀၀ အပြင် အပိုဆောင်းထားတဲ့ အရာရှိပေါင်း ၅,၀၀၀ ကိုလည်း တာဝန်ပေးထား ပါတယ်။ အဲဒီ အပိုခေါ် အားဖြည့်ထားတဲ့ လုံခြုံရေး အရာရှိတွေ နေဖို့ အတွက် နောက်ပြီး အနီးမှာရှိတဲ့ Falmouth မှာ ခရီးသည်တင် သင်္ဘောတစင်းတောင် ကမ်းကပ်ပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Colin Moore
ဆန္ဒပြသူတွေကတော့ ဆန္ဒပြဖို့ တရားဝင်သတ်မှတ်ပေးထားတဲ့ နေရာ ၄ ခုမှာ စုဝေးနိုင်ကြပါတယ်။ အဲဒီနေရာ ၄ ခုထဲက တခုက မိုင် ၁၀၀ ကျော်ဝေးတဲ့ Exeter မှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တော့ သူတို့ဟာ လူတွေဒီနေရာ ၄ ခုမှာပဲ ဆန္ဒပြကြမယ်လို့ မျှော်လင့်ထားလောက်အောင် မအ ကြပါဘူးလို့ ဆိုပါတယ်။ ရာသီဥတုအရေး လှုပ်ရှားတဲ့ Extinction Rebellion အဖွဲ့က Plymouth ကနေ Carbis Bay အထိ ချီတက်တာ အပါအဝင် ဆန္ဒပြပွဲ တော်တော်များများ လုပ်သွားဖို့ စီစဥ်ထားပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း ယူကေ အနယ်နယ် အရပ်ရပ်မှာ နေထိုင်နေကြတဲ့ မြန်မာ တိုင်းရင်းသား လူမျိုးပေါင်းစုံက အဲဒီကို သွားပြီး ဆန္ဒပြကြဖို့ စီစဥ်ထားကြပါတယ်။
လူ ရာဂဏန်းတက်ရောက်ပြီး မြန်မာ့အရေး လေးလေးနက်နက် ဆွေးနွေးပေးဖို့ တောင်းဆိုကြမှာ ဖြစ်ပါတယ်။
G7 ဟာ သြဇာ အာဏာ ရှိသလား
G7 ဟာ ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ သီးခြားစီ ရပ်တည်နေတဲ့ နိုင်ငံတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် ဥပဒေ ပြဋ္ဌာန်းတာမျိုးတွေတော့ လုပ်လို့မရပါဘူး။

ဒါပေမယ့် သူတို့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။
ဥပမာ ဆိုရရင် ပြီးခဲ့တဲ့ G7 ဟာ ၂၀၀၂ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျား၊ အဆုတ်ရောဂါနဲ့ ခုခံအားကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ အဖွဲ့ကို တည်ထောင်ရာမှ အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်ခဲ့ပါတယ်။
အခုနှစ် ရရှိထားတဲ့ အခွန်ကိစ္စ သဘောတူညီမှုတွေကလည်း အကျိုးဆက်များစွာ ရှိလာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
တဖက်မှာတော့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံတွေ ဖြစ်လာကြတဲ့ အိန္ဒိယနဲ့ တရုတ်တို့ ပါဝင်ခွင့် မရတာကြောင့် G7 အဖွဲ့ဟာ ခေတ်နောက်ကျနေတဲ့ နိုင်ငံစုံအဖွဲ့တခုအဖြစ် ဝေဖန်မှုတွေ ရှိနေပါတယ်။








