ANOM- မက်ဆေ့ခ်ျ အပ်ပလီကေးရှင်း သုံးမိတဲ့ ရာဇဝတ်ဂိုဏ်းသား အမြောက်အမြားအဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Australian Federal Police
FBI အဖွဲ့က ပြုလုပ်တဲ့ မက်ဆေ့ချ်ကို ဝှက်စာလုပ်ပို့တဲ့ အပ်ပလီကေးရှင်းကို သုံးမိတဲ့ ကမ္ဘာ့နေရာအနှံ့က ရာဇဝတ်မှု သံသယရှိသူ ၈၀၀ ကျော် အဖမ်းခံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို သြစတြေးလျနဲ့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်တို့ ပူးပေါင်း ကြံစည်လုပ်ဆောင်တာ ဖြစ်ပါတယ်။
အဲဒီ ANOM အပ်ပလီကေးရှင်း ပါတဲ့ ဆက်သွယ်ရေး ကိရိယာတွေကို ရာဇဝတ်ဂိုဏ်းသားတွေလက်ထဲရောက်အောင် တိတ်တဆိတ် ဖြန့်ဝေထားခဲ့တာပါ။ အဲဒီကနေ သူတို့ ပြောဆိုတဲ့ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ လူသတ်မှု အကွက်ချ ကြံစည်မှုတွေကိုတောင် ရဲတွေက စောင့်ကြည့်နေနိုင်တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ ဒါကို ကြီးမားတဲ့ အပြောင်းအလဲ အခိုက်အတန့်ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်မှတ်ထားစောင့်ကြည့်ခံရသူတွေထဲမှာ မူးယစ်ဆေးဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းနဲ့ အချိတ်အဆက်ရှိသူတွေ ပါဝင်ခဲ့ပါတယ်။
နိုင်ငံ ဆယ်နိုင်ငံမကမှာ လုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးကနေ မူးယစ်ဆေး၊ လက်နက်၊ ဇိမ်ခံကားတွေနဲ့ ငွေသားတွေလည်း သိမ်းဆည်းမိခဲ့ပါတယ်။
အဲဒီထဲမှာ ကိုကင်း ရှစ်တန်၊ သေနတ် အလက် ၂၅၀၊ အမေရိကန် ဒေါ်လာ ၄၈ သန်းတန်ဖို့းရှိ ငွေကြေးမျိုးစုံနဲ့ အွန်လိုင်းငွေကြေးတွေ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Australian Federal Police
သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ဒီစစ်ဆင်ရေးဟာ ကမ္ဘာတစ်လွှားက အုပ်စုဖွဲ့ ရာဇဝတ် ကျူးလွန်မှုတွေကို "အကြီးအကျယ်ထိုးနှက်ပစ်လိုက်တယ်" လို့ ပြောပါတယ်။
ယူရိုပို ဥရောပရဲတပ်ဖွဲ့ က ဒီ စစ်ဆင်ရေး Operation Trojan Shield/Greenlight ဟာ ဝှက်စာစနစ်သုံး ဆက်သွယ်ရေးကို ဖော်ထုတ်တဲ့ အရင်က မရှိခဲ့ဖူးတဲ့ အကြီးဆုံး စစ်ဆင်ရေးဖြစ်တယ်လို့ ပြောပါတယ်။
ANOM ဘယ်လို အလုပ်လုပ်လဲ
FBI က သူတို့ကိုယ်ပိုင် ဝှက်စာသုံး ကိရိယာ ANOM ကုမ္ပဏီကို စလည်ပတ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီ chat app စကားပြော အပ်ပလီကေးရှင်း ပါတဲ့ ကိရိယာတွေကို မြေအောက် ရာဇဝတ်ဂိုဏ်းတွေ လက်ထဲရောက်အောင် သတင်းပေးတွေကနေတစ်ဆင့် တိတ်တဆိတ် ဖြန့်ထားခဲ့ပါတယ်။
တခြား ဝှက်စာသုံး စနစ်နှစ်ခုကို ရဲတွေက ဖြိုခွင်းလိုက်ပြီးနောက် ရာဇဝတ်ဂိုဏ်းတွေက စျေးကွက်ထဲမှာ လုံခြုံတဲ့ ဖုန်းတွေ လိုနေချိန်မှာ ဒီအကြံအစည် ပေါ်ထွက်လာတာပါ။
အဲဒီကိရိယာတွေကို အစပိုင်းမှာ ဂိုဏ်းခေါင်းဆောင်ပိုင်းမှာ သုံးခဲ့ကြပြီး ဒါကို စိတ်ချသုံးကြဖို့ သူတို့လူတွေကို ထုတ်ပေးခဲ့ကြပါတယ်။
"ဒီသီးသန့်ထုတ်ထားတဲ့ဖုန်းတွေ သုံးအောင်လို့ ဂိုဏ်းသားတစ်ယောက်လောက်နဲ့တော့ သိဖို့ လိုတယ်။ ဒီဖုန်းတွေက ဖုန်းဆက်တာ၊ အီးမေးလ်ပို့တာတွေ လုပ်လို့မရဘူး။ ဒီဖုန်းကိုင်သူ ပလက်ဖောင်းတစ်ခုထဲကသူ အချင်းချင်းပဲ ဆက်သွယ်လို့ရတာ"လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ရှင်းပြပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ သြစတြေးလျ မူးယစ်မှောင်ခိုသမား ဟာကန်အာရစ်က ဒီစစ်ဆင်ရေးမှာ အဓိက ကျခဲ့ပါတယ်။ သူ့ကို အသွင်ယူရဲတွေကပေးတဲ့ ဖုန်းတစ်လုံး ရခဲ့ပြီးနောက် သူ့နဲ့ပတ်သက်သူတွေကို ဒီအပ်ပလီကေးရှင်းသုံးကြဖို့ သူက အကြံပေးခဲ့မိတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
"ဖေ့စ်ဘွတ်ခ် ဂိုဏ်းစတား" လို့ သြစတြေးလျ မီဒီယာတွေမှာ ခေါ်ကြတဲ့ အာရစ်ကို ဆိုရှယ်မီဒီယာတွေမှာ တက်တူးကြီးတွေနဲ့ ကြွက်သားတွေနဲ့ ပုံတွေကို တွေ့ရတတ်ပါတယ်။
ဖမ်းဆီးမှုကနေ လွတ်မြောက်သွားကတည်းက သူဟာ တူရကီမှာ နယ်သာလန်သူဇနီးနဲ့ ဇိမ်ကျကျ နေနေတာလို့ သြစတြေးလျ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
နိုင်ငံပေါင်း ၁၀၀ ကျော်က ရာဇဝတ်ဂိုဏ်း ၃၀၀ လောက်ဆီမှာ အဲဒီ ဝှက်စာသုံး ကိရိယာ စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရှိနေပါတယ်။
ဘာတွေ ဖော်ထုတ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Australian Federal Police
ဂိုဏ်းသားချင်းပြောနေတဲ့ သန်းချီတဲ့ မက်ဆေ့ချ်တွေကို ရဲတွေက တစ်ပြိုင်တည်း လိုက်ဖတ်နိုင်နေခဲ့တာပါ။
လူသတ်ဖို့ ကြံစည်တာ၊ မူးယစ်ဆေးတင်သွင်းမယ့် အစီအစဥ်တွေနဲ့ တခြားအကြံအစည် ပြောစကားမက်ဆေ့ချ်တွေကို ဖတ်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။
"သူတို့ ပြောတာတွေက မူးယစ်ဆေး၊ အကြမ်းဖက်မှု၊ အချင်းချင်းသတ်ဖြတ်မှု၊ သူတို့သတ်မယ့် အပြစ်မရှိတဲ့ သားကောင်တွေ အကြောင်း အဲဒီလို အမျိုးစုံပါပဲ" လို့ သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့က ရဲချုပ် ရီစီ ကာရှောက ပြောပါတယ်။
ဒီစစ်ဆင်ရေးကနေ အစုလိုက် ပစ်ခတ်မှုတွေကိုလည်း ရဲတွေက ကြိုတင်တားဆီးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ စုစုပေါင်း လူ ၂၂၄ ဦးကို ဖမ်းမိခဲ့ပါတယ်။ အဲဒီထဲမှာ ဥပဒေပြင်ပ မော်တော်ဆိုင်ကယ် ဂိုဏ်းတွေက ဂိုဏ်းသားတွေ၊ သြစတြေးလျ မာဖီးယားအုပ်စုတွေ၊ အာရှ ရာဇဝတ်ဂိုဏ်းတွေနဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုကြီးတွေလုပ်တဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သြစတြေးလျရဲတွေက မူးယစ်ဆေးနဲ့ ငွေသားတွေနဲ့ ဖမ်းမိတာနဲ့အတူ သတ်ဖြတ်ဖို့ ကြံစည်ခံထားရတဲ့ အပြစ်မဲ့သူတွေရဲ့ အသက်ကို ကယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Operation Ironside လို့ ခေါ်တဲ့ အဲဒီ စစ်ဆင်ရေးဟာ သြစတြေးလျရဲ့ အကြီးဆုံး စစ်ဆင်ရေး ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာမှာတော့ ရဲတပ်ဖွဲ့ဝင် ၉၀၀၀ ကျော်ပါဝင်ခဲ့ပါတယ်။
"သူတို့ရဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်ပစ်ဖို့ဟာ အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေကို တားမြစ်ဖို့မှာ အဓိက အပိုင်း ဖြစ်တယ်" လို့ ရဲချုပ် ကာရှောက ပြောပါတယ်။
ဒါပေမဲ့ ဒီဝှက်စာသုံးဆက်သွယ်ရေးစနစ်ဟာ ရာဇဝတ်ဂိုဏ်းတွေ သုံးတဲ့ အပ်ပလီကေးရှင်းတွေထဲက တစ်ခုသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နယူးဇီလန်မှာတော့ လူ ၃၅ ယောက် ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၇ သန်းဖိုး ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ နယူးဇီလန် ရဲတွေက ပြောပါတယ်။
ယူရိုပိုကတော့ ထူးခြားတဲ့ အောင်မြင်မှုပဲလို့ ပြောပါတယ်။
အက်ဖ်ဘီအိုင်ဘက်ကလည်း ဒီကနေ့မှာ ဒီထက်ပို အသေးစိတ် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။








