ကိုဗစ်ကာလ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အိန္ဒိယက မသန်စွမ်းများ

ဆွမ်မိနက်သန်နဲ့ သူ့မိသားစု

ဓာတ်ပုံ ရင်းမြစ်, ဆွမ်မိနက်သန်

ဓာတ်ပုံ ပုံစာ, ဆွမ်မိနက်သန်နဲ့ သူ့မိသားစု

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ဖြစ်ပွားတာ ၉ လ ရှိသွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ မသန်စွမ်း အများအပြားဟာ အစားအသောက် ဝယ်ယူဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး၊ အခြေခံ ကျန်းမာရေး အစောင့်အရှောက်တွေ ရရှိဖို့လည်း ခက်ခဲနေဆဲဖြစ်ပါတယ်။ နောက်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေလည်း ဆုံးရှုံးနေကြပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆွမ်မိနက်သန် ဟာ မိသားစုဝင် ငါးယောက်ရှိတဲ့ သူ့မိသားစုမှာ ပင်တိုင် ငွေရှာသူ ဖြစ်ပါတယ်။

"လော့ခ်ဒေါင်းချ ကန့်သတ်တာတွေ မလုပ်ခင်ထိ ဟိုက်ဒရာဘတ်မြို့က Talking Hands စားသောက်ဆိုင်မှာ ကျွန်တော် စားပွဲထိုး လုပ်တယ်" လို့ အိန္ဒိယနိုင်ငံတောင်ပိုင်း သန်ဂျာဗာမြို့မှာ နေထိုင်သူ၊ နားမကြားတဲ့ ဆွမ်မိနက်သန် က ပြောပါတယ်။

ဝန်ထမ်းတွေ အားလုံး နားပင်းနေသူတွေဖြစ်တဲ့ အဲဒီစားသောက်ဆိုင် မတ်လထဲမှာ ပိတ်လိုက်တော့ သူလည်း အလုပ်ပြုတ်သွားပါတယ်။

"အလုပ်မရှိတော့ ငွေ ကျပ်တည်းလာပါတယ်။ အစားအစာ အထောက်အပံ့တွေ ရဖို့နဲ့ ဓာတ်ငွေ့ဗူးတွေ ဖြည့်တင်းဖို့အတွက်လည်း အခက်တွေ့နေပါတယ်" လို့လည်း သူက ဆိုပါတယ်။

Deaf Enabled Foundation လို နားပင်းနေသူတွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေက သူ့အပါအဝင် နားမကြားသူတွေကို ငွေရေးကြေရေး ထောက်ပံ့ပေးနေတုန်းမှာ ဆွမ်မိနက်သန်နဲ့ သူ့မိသားစုဟာ ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိလာပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုတွေ ရှိနေတာကြောင့် သူတို့ ဆေးရုံ သွားမပြရဲကြပါဘူး။

"အမေနဲ့ ညီလေးက ဖျားနေတယ်။ အစာပိုင်းတုန်းကတော့ အစိုးရ ဆေးရုံတစ်ခုမှာ ပုံမှန် ဆေးကုသမှု သူတို့ ခံယူခဲ့သလို ဆေးဝါး အခမဲ့လည်း ရခဲ့ပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုတွေကြောင့် ဆေးရုံကို သိပ်သွားမပြရဲကြတော့ဘူး။ ပိုးကူးစက်ခံရမှာ ကြောက်လို့ နှစ်လ တစ်ကြိမ်ပဲ ဆေးရုံသွားပြတော့တယ်။"

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာတွေ ဆက်လက် မြင့်တက်နေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကလည်း ဖိအားအများအပြားနဲ့ ရင်ဆိုင်နေရတာပါ။ လက်ရှိအချိန်ထိ အဲဒီမှာ လူဦးရေ ၆ သန်းကျော် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး သေဆုံးသူ ဦးရေကလည်း ၉၂၀၀၀ ကျော်သွားပါပြီ။

Sanjay Bakshi

ဓာတ်ပုံ ရင်းမြစ်, Sanjay Bakshi

ဓာတ်ပုံ ပုံစာ, ဆန်ဂျေး ကူမာ ဘက်ရှီ

နယူးဒေလီမြို့မှာ နေထိုင်ကြတဲ့ ဆန်ဂျေး ကူမာ ဘက်ရှီနဲ့ ဇနီးသည် ဆန်ဂျုတို့ဟာ အမြင်အာရုံချို့တဲ့သူတွေပါ။

"လုပ်ငန်းခွင် စာချုပ်သစ် ထပ်တိုးမပေးတော့လို့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကနေ ကျွန်တော် အလုပ်ထွက်လိုက်ရတယ်" လို့ ဆန်ဂျေးက ပြောပါတယ်။

သူဟာ လစဉ် ဒေါ်လာ ၂၀၃.၅၀ ဝင်ငွေ ရှာနိုင်ခဲ့သူပါ။

အခု အမွှေးတိုင်လုပ်ရောင်းနေပေမဲ့ သူအရင်ရခဲ့တဲ့ လစာရဲ့ တစ်ဝက်တောင် မရှိပါဘူး။

" အလုပ်တစ်ခုရဖို့ အသည်းအသန် လိုက်ရှာနေဆဲပါ။ ကျွန်တော်ဟာ ပညာတတ်တစ်ဦး၊ လုပ်ငန်းခွင် အတွေ့အကြုံလည်း ရှိရဲ့သားနဲ့ ဘာလို့ လူတွေက ကျွန်တော့်ကို အလုပ်မခန့်ချင်တာလဲ မသိဘူး။"

မသန်စွမ်းတွေအတွက် အလုပ်အကိုင်တွေ ပိုတိုးပေးဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (NCPEDP) ရဲ့ လေ့လာမှု တစ်ခုအရ သူတို့ စစ်တမ်းကောက်ယူခဲ့ကြတဲ့ မသန်စွမ်း ၁,၀၆၇ ဦးမှာ ၇၃ % ဟာ အကြီးအကျယ် ဆင်းရဲဒုက္ခရောက်ခဲ့ကြပြီး ကပ်ရောဂါ ကာလအတွင်း အခက်အခဲ များစွာနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲက ၅၇% ဟာ ငွေကြေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရသလို ၁၃% ဟာ လိုအပ်တဲ့ အခြေခံ အစားအသောက်တွေ ရရှိဖို့ ခက်ခဲနေပြီး၊ ၉% ကတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့ အတားအဆီးတွေ ရှိနေတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

ရထားဘူတာတွေမှာ ပစ္စည်း ရောင်းတဲ့ မသန်စွမ်းတွေ ဒါမှမဟုတ် စက်ရုံအလုပ်သမား မသန်စွမ်းတွေလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ မရှိကြတော့ဘူးလို့ NCPEDP က ပြောပါတယ်။

နောက်ပြီး မသန်စွမ်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုတိုးလာတယ်ဆိုတာ သတိပြုမိတယ်လို့လည်း ဆိုပါတယ်။

Ramya Miryala

ဓာတ်ပုံ ရင်းမြစ်, Ramya Miryala

ဓာတ်ပုံ ပုံစာ, ရမ်မြာ မီယာလာ

အိန္ဒိယနိုင်ငံမှာ မသန်စွမ်းတွေကို သနားစရာလူတွေလို့ တစ်ခါတစ်ရံ မြင်ကြပြီး အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အကိုင်တွေ မရထိုက်ဘူးလို့လည်း ရှုမြင်တတ်ကြပါတယ်။

အဲဒီ အယူအဆတွေဟာ ဒီကပ်ရောဂါ ကာလအတွင်း ပိုဆိုးလာခဲ့ပါတယ်။

နားမကြားသူတွေကို ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း (Deaf Enabled Foundation) ရဲ့ ဒါရိုက်တာ ရမ်မြာ မီယာလာ ကတော့ သူနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ နားပင်းသူတချို့ဟာ ငွေကြေးမရှိ၊ ဆင်းရဲမွဲတေနေတယ်လို့ ပြောပါတယ်။

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို လျှော့ချခဲ့ပြီး အငှားတက်စီတွေလည်း မငှားနိုင်တဲ့ အခုလို ကာလမှာ သူတို့တွေ အလုပ်ကို မသွားနိုင်တာကြောင့် ငွေကြေး မွဲပြာကျနေတယ်လို့လည်း ဆိုပါတယ်။

"အကြားအာရုံ ချို့တဲ့သူ တချို့ကလည်း အိမ်ငှားခတွေ မပေးနိုင်ကြသလို အိမ်ရှင်တွေကလည်း အိမ်ငှားဈေးတွေ တိုးကောက်နေတယ်။ ဒီလူတွေ အလုပ်လုပ်ကြတဲ့ ကုမ္ပဏီတွေကလည်း လော့ခ်ဒေါင်းကာလ စီးပွားရေး အရှုံးပေါ်လို့ လစာ အချိန်မှန် မပေးနိုင်ကြဘူး" လို့လည်း ရမ်မြာ မီယာလာ က ပြောပါတယ်။

ဝင်ငွေနည်းပါးတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်တွေ ဆက်လုပ်နိုင်ဖို့ကတော့ နည်းပညာပိုင်း အားနည်းပြီး စကားပြန် အကူအညီ လိုတဲ့ အကြားအာရုံ ချို့တဲ့သူ တချို့အတွက် အခက်ကြုံရလာနိုင်ပါတယ်။

G.Sunitha (centre) with her mother (L) and daughter (R)

ဓာတ်ပုံ ရင်းမြစ်, G. Sunitha

ဓာတ်ပုံ ပုံစာ, ဂျီ ဆူနီသာ

ဟိုက်ဒရာဘတ်မြို့မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ဂျီ ဆူနီသာကတော့ အိမ်အကူအဖြစ် လုပ်ကိုင်သူတစ်ဦးပါ။

ဒါပေမဲ့ လော့ခ်ဒေါင်းကာလအတွင်း အများပြည်သူသုံး သယ်သူပို့ဆောင်ရေးစနစ်တွေ မရှိတော့ သူ အလုပ်ကနေ ထွက်ခဲ့ရပါတယ်။

"ကျွန်မ ခင်ပွန်းကလည်း မသန်စွမ်းတစ်ယောက်ပဲ။ အခု သူ့မှာလည်း အလုပ်မရှိတော့ဘူး။ ကျွန်မ အဖေကလည်း ဒီအတော်အတွင်းလေးမှာပဲ ဆုံးပါးသွားတယ်။ စားဝတ်နေရေး ကျပ်တည်းနေသလို အိမ်ငှားခမပေးနိုင်လို့ ကျွန်မတို့အိမ်ကနေ ဆင်းပေးခဲ့ရတယ်" လို့ သူက ပြောပါတယ်။

"အခု ကျွန်မ အစ်မနဲ့ ကပ် နေနေရတယ်။"

ဆူနီသာဟာ အစားအစာ အထောက်အပံ့ရပေမဲ့ မသန်စွမ်းတွေအတွက် လစဉ်ပေးတဲ့ ထောက်ပံ့ကြေး ၁၉ ဒေါ်လာတော့ မရသေးပါဘူး။

ဒီထောက်ပံ့ကြေးရဖို့ မတ်လထဲမှာ နောက်တစ်ခေါက် ထပ်လျှောက်ခဲ့ပေမယ့် လော့ခ်ဒေါင်းကာလဆိုတော့ စီမံခန့်ခွဲရေး ကြန့်ကြာမှုတွေ ရှိနေပါတယ်။

အဲဒီလို စောင့်နေရင်းမှာပဲ အခြေခံ လိုအပ်ချက်တွေနဲ့ သမီးလေး ပညာရေးမှာ သုံးဖို့ ငွေလိုအပ်နေပါတယ်။

မသန်စွမ်း လူမှုအသိုင်းအဝန်းတစ်ခုလုံးကို သက်ရောက်မှု ရှိခဲ့တဲ့ ငွေကြေး အထောက်အပံ့ နည်းပါးတာတစ်ခုတည်း တင် မဟုတ်ပါဘူး။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှာ စိုးရိမ်မှုတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကြောင့် ရထားဘူတာသွားဖို့ လမ်းညွှန်ပြသပေးတာ လိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီတဲ့ အပြုအမူတွေ၊ ကြင်နာသနားမှုတွေဟာလည်း ဒီကာလအတွင်းမှာ လျော့ကျလာခဲ့ပါတယ်။

အမြင်အာရုံ ချို့တဲ့သူတွေကို အကူအညီပေးနေတဲ့ SCORE ဖောင်ဒေးရှင်းကို တည်ထောင်သူလည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်း ဖြစ်တဲ့ ဂျော့ချ် အက်ဘရာဟမ်ကတော့ " လူတွေက အခု စိုးရိမ်ပူပန်နေကြပြီး အရင်တုန်းက သူတို့ လုပ်ခဲ့သလို မသန်စွမ်းတွေကို လမ်းပြကူညီတာတွေ လုပ်ဖို့ မဝံ့မရဲဖြစ်နေကြတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီအခက်အခဲတွေဟာ ခဏတာသာဖြစ်ပြီး အချိန်တန်ရင် တိုးတက်ပြောင်းလဲမှုတွေ ရှိလာလိမ့်မယ်လို့တော့ သူက ယုံကြည်နေပါတယ်။

"နည်းပညာအကူအညီနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆတယ်၊ အနာဂတ်မှာ အပြောင်းအလဲတွေ အများကြီး ရှိလာမှာပါ။"

ဒါပေမဲ့ ကူညီစောင်ရှောက်ရေး စင်တာတွေက တခြားသူတွေက ဒါကို အယုံအကြည်မရှိပါဘူး။

Arman Ali

ဓာတ်ပုံ ရင်းမြစ်, Arman Ali / NCPEDP

ဓာတ်ပုံ ပုံစာ, အာမန်း အလီ

မသန်စွမ်းတွေကိုအစားအသောက်၊ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ငွေကြေးအထောက်အပံ့ မြန်မြန်ပေးဖို့နဲ့ ကိုဗစ်ရှိမရှိ စမ်းသပ်မှုတွေကို မသန်စွမ်းတွေနဲ့ သူ့မိသားစုတွေကို ဦးစားပေးလုပ်ဆောင်ဖို့ NCPEDP အဖွဲ့ကြီးက လိုလားနေပါတယ်။

စောင့်ရှောက်ကူညီသူတွေ သူတို့အလုပ်ရှင် အိမ်တွေကို သွားလာနိုင်ဖို့အတွက် ခွင့်ပြုစာတွေ ထုတ်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီတောင်းဆိုမှုတွေကို အာဏာပိုင်တွေဘက်က နားမထောင်မှာကို NCPEDP အဖွဲ့က စိုးရိမ်နေပါတယ်။

"တောင်းဆိုမှုတွေ အများကြီး ရှိနေရုံသာမက နိုင်ငံတစ်ဝန်း ကဏ္ဍအစုံမှာ အစိုးရနဲ့ ပူးတွဲလုပ်ဆောင်မှုတွေ ရှိနေပေမဲ့ နောက်အနာဂတ်မှာ ဒီလိုမျိုး ကပ်ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ မသန်စွမ်းတွေ ဦးစားပေး ခံရနိုင်မလားဆိုတာ မသေချာဘူး" လို့ NCPEDP အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် အာမန်း အလီက ပြောပါတယ်။

"မသန်စွမ်းတွေရဲ့ အရေးကိစ္စကို နိုင်ငံရေးမှာသာမက အဓိက ဆွေးနွေးစရာ ကိစ္စရပ်တွေထဲမှာ မတွေ့ရတာကတော့ ဝမ်းနည်းစရာကောင်းပါတယ်။"

ဒီဆောင်းပါးနဲ့ပတ်သက်လို့ အိန္ဒိယ အစိုးရရဲ့ မသန်စွမ်းသူတွေအရေး လုပ်ဆောင်နေတဲ့ ဌာနကို ဆက်သွယ်ခဲ့ပေမဲ့ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။