တိရစ္ဆာန်ရုံ လှောင်အိမ်ထဲ ထည့်ပြခံခဲ့ရတဲ့ ကွန်ဂိုလူငယ်လေး

ဓာတ်ပုံ ရင်းမြစ်, LIBRARY OF CONGRESS
၁၉၀၄ ခုနှစ်မှာ ယနေ့ခေတ် ကွန်ဂိုနိုင်ငံ နယ်နမိတ်အတွင်းက အိုတာ ဘန်ဂါဆိုတဲ့ လူငယ်လေးတစ်ဦးဟာ အမေရိကန်နိုင်ငံက တိရစ္ဆာန်ရုံ တစ်ရုံမှာ လှောင်အိမ်သွင်း အပြသ ခံဖို့အတွက် ပြန်ပေးဆွဲခံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်က အခုလို အာဖရိကန် လူငယ်လေးတစ်ဦးကို မျောက်လှောင်အိမ်အတွင်းမှာ ထည့်သွင်းပြမှုကို နိုင်ငံတကာ သတင်း စာမျက်နှာတွေကလည်း အကျယ်တဝင့် ဖော်ပြလာခဲ့ရာမှာ အခုအချိန်ကျမှ နယူးယောက်မြို့က ဘရွန့်ဇ် တိရစ္ဆာန်ရုံက ဒီလို လုပ်ခဲ့တဲ့အပေါ် နောင်တရကြောင်း ဝန်ခံလာပါတယ်။
လတ်တလော အမေရိကန်နိုင်ငံအတွင်း ဂျော့ဖလွိုက်ဆိုတဲ့ လူမည်းတစ်ဦးကို ရဲတွေက ပစ်သတ်ရာကစပြီး လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေ ဆက်လက် ဖြစ်ပေါ်နေရာမှာ ဒါတွေကို ထောက်ခံ ရပ်တည်တဲ့ အနေနဲ့ အိုတာ ဘန်ဂါကို ရုံသွင်းပြခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ပြီး ဝန်ချ တောင်းပန်ကြောင်း အဲဒီ ဘရွန့်ဇ် တိရစ္ဆာန်ရုံ မှာ ရုံးစိုက်တဲ့ သဘာဝတောရိုင်းတိရစ္ဆာန်နဲ့ နယ်မြေထိန်းသိမ်းရေးအဖွဲ့ WCS ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလို ဝန်ခံတောင်းပန်ချက် ထွက်လာဖို့ ကြာခဲ့တဲ့ ကာလကတော့ နှစ်ပေါင်း ၁၁၄ နှစ် ဖြစ်နေပါတယ်။
တိရစ္ဆာန်ရုံက ဝန်ထမ်းပါလို့ ဆိုတဲ့ ကာကွယ်ပြောဆိုမှု
၁၈၉၅ ခုနှစ်ကတည်းက စတင်ထူထောင်လာတဲ့ WCS ဟာ အခုလို လူကို တိရစ္ဆာန်နဲ့ တစ်တန်းတည်းထားတဲ့အထိ အလွန်ဆိုးရွားလှတဲ့ လူမျိုးရေးခွဲခြားမှု ဖြစ်ခဲ့တဲ့အပေါ် အခြားသူတွေပါ အသိတရား ရစေမယ့် အမှားအဖြစ် ပြန်လည် အသုံးချနိုင်ပါလျက်နဲ့ ဖြစ်ခဲ့တာတွေအပေါ် ဖုံးကွယ်ပြောဆိုမှုတွေအပေါ် အမှန်ပြင် မပေးခဲ့တဲ့အပြင် ဆက်လက် ကူညီဖုံးဖိတဲ့ နေရာယူခဲ့သူ အဖွဲ့အစည်း တစ်ရပ်လည်း ဖြစ်နေပါတယ်။
၁၉၀၆ ခုနှစ် စက်တင်ဘာလအတွင်း အိုတာ ဘန်ဂါကို ရက် ၂၀ ကြာ ရုံသွင်းပြအပြီး ဝေဖန်မှုတွေကြောင့် ပြန်လွှတ်ပေးလိုက်ရရာမှာ အဲဒီနှစ်အတွင်းမှာပဲ ဘရွန့်ဇ် တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဘန်ဂါကို တိရစ္ဆာန်ရုံဝန်ထမ်း ဖြစ်ကြောင်း ဇာတ်လမ်းဆင်ဖို့ တိုင်ပင်ခဲ့တဲ့ သက်သေ စာတစ်စောင်ကို ဒီတိရစ္ဆာန်ရုံရဲ့ မှတ်တမ်းတွေထဲမှာ လတ်တလော ပြန်လည် တွေ့ရှိခဲ့ရပါတယ်။
ထူးခြားတာကတော့ ဒီလို ဇာတ်လမ်းဆင်မှုက သူတို့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်ရာမှာ ဆယ်စုနှစ်နဲ့ ချီပြီး အောင်မြင်ခဲ့တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
အိုတာ ဘန်ဂါ ၁၉၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့အချိန်မှာ အဲဒီအချိန်က နယူယောက်တိုင်း သတင်းစာက သူ့ကို ရုံသွင်းပြခဲ့တယ် ဆိုတာဟာ တကယ့် အဖြစ်အပျက်သဖွယ် ပြောဆိုကြတဲ့ ယုံတမ်းပုံပြင်တစ်ခုသာ ဖြစ်တယ်ဆိုပြီး ဆောင်းပါးတစ်စောင် ဖော်ပြခဲ့ပါတယ်။
အဲဒီဆောင်းပါး မထွက်လာခင် ဆယ်စုနှစ်အတွင်းမှာတော့ ဒီလို လူတစ်ယောက် ရုံသွင်းအပြခံရတယ်ဆိုတာကို အမေရိကန်ပြည်တွင်းမှာသာမက ဥရောပမှာပါ အကျယ်တဝင့် ဖော်ပြမှုတွေ ရှိခဲ့ပြီး ဒီဆောင်းပါးနဲ့ ဝိရောဓိ ဖြစ်နေပါတယ်။
အမှန်တကယ်ဆိုရင် နယူးယောက်တိုင်းသတင်းစာကိုယ်တိုင်က ဒီလို ရုံသွင်းပြသမှုနဲ့ ပတ်သက်လို့ သတင်းအမြောက်အများ ဖော်ပြခဲ့ဖူးပြီး ပထမဆုံး ဖော်ပြမှုအနေနဲ့ ၁၉၀၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ သတင်းစာမှာဆိုရင် “ကန္တာရ ချုံပုတ်တွေမှာ နေထိုင်တဲ့လူသားက ဘရွန့်ဇ်ပန်းခြံထဲက မျောက်တွေနဲ့ တစ်လှောင်အိမ်တည်းမှာ နေထိုင်နေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားပါတယ်။
၁၉၇၄ မှာဆိုရင်လည်း ဒီ တိရစ္ဆာန်ရုံရဲ့ ဂုဏ်ထူးဆောင် ပြတိုက်မှူး ဝီလျံ ဘရစ်ဂျက်စ်က ‘အိုတာ ဘန်ဂါကို ထူးဆန်း ရှားပါးတဲ့ တိရစ္ဆာန်တစ်ကောင်လို သဘောထားပြီး အချိန်အကန့်အသတ် ကာလတစ်ခုအတွင်းမှာ အများကြည့်နိုင်အောင် သံချောင်းတွေကာထားတဲ့ လှောင်အိမ်အတွင်း သော့ခတ်ထားတယ် ဆိုတာ မဖြစ်နိုင်လောက်ဘူး’ ဆိုပြီး သူ့ရဲ့ The Gatherings of Animals ဆိုတဲ့ စာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ရေးသားချက်တွေဟာ WCS ရဲ့ မှတ်တမ်းမှတ်ရာတွေက သက်သေ အထောက်အထားများစွာကို သိသိသာသာ လျစ်လျူရှုထားပြီး ဒီလို ပိတ်လှောင်ပြသခဲ့တဲ့ အဖြစ်အပျက်အကြောင်းကို အဲဒီအချိန်က တိရစ္ဆာန်ရုံ ဒါရိုက်တာကိုယ်တိုင်က ရေးသားပြီး WCS က ထုတ်ဝေတဲ့ စာအုပ်စာစောင် တစ်ခုအတွင်းမှာပဲ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MISSOURI HISTORICAL SOCIETY
“ဖမ်းသူနဲ့ အဖမ်းခံရသူတွေ မိတ်ဆွေဖြစ်သွားကြသတဲ့”
အိုတာ ဘန်ဂါဟာ ၁၉၀၄ ခုနှစ်က ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ လှောင်အိမ်အတွင်းထည့်ပြီး ပြသမခံရခင်မှာလည်း အမေရိကန်နိုင်ငံ မစ်ဆိုရီ ပြည်နယ် စိန့်လူးဝစ်မြို့မှာ ၁၉၀၄ ခုနှစ်အတွင်းမှာပဲ ကျင်းပခဲ့တဲ့ စိန့်လူးဝစ် ကမ္ဘာ့ ကုန်စည်ပြပွဲကြီး အတွင်းမှာလည်း ရုံသွင်းပြသတာကို ခံခဲ့ရပါသေးတယ်။
အခုလို ပြသဖို့အတွက် ယနေ့ခေတ် ကွန်ဂိုနယ်နိမိတ်အတွင်းကို လက်နက်အပြည့်အစုံနဲ့ သွားရောက်ပြီး အိုတာ ဘန်ဂါကို ဖမ်းဆီးတဲ့ အဖွဲ့ထဲမှာ ပါဝင်သူ ဆန်မြူရယ် ဗာနာ ရဲ့ မြေးဖြစ်သူ မစ္စတာ ဆန်ပါ ဗာနာက သူ့အဖိုးနဲ့ ပတ်သက်ပြီး ၁၉၉၄ ခုနှစ်မှာ စာအုပ်တစ်အုပ်ကို ပူးတွဲ ရေးသားခဲ့ပါတယ်။
အဲဒီ စာအုပ်ထဲဟာ ဗာနာနဲ့ အိုတာ ဘန်ဂါတို့ မဖြစ်နိုင်စရာ မိတ်ဆွေဖြစ်သွားကြတဲ့ အကြောင်းကို ရေးသားထားပြီး နောက်ပိုင်းမှာလည်း ဆယ်မြူရယ် ဗာနာရဲ့ မြေးဖြစ်သူ အဲဒီ စာရေးဆရာက အိုတာ ဘန်ဂါဟာ အစပိုင်းမှာ သူ့ကို ဖမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် မလိုလားကြောင်း ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ နယူးယောက်မြို့သားတွေကို ဖျော်ဖြေရတာကို ကြိုက်သူဖြစ်ကြောင်း သတင်းစာတစ်စောင်မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။
အိုတာ ဘန်ဂါရဲ့ အဖြစ်ကို ပြန်ကြည့်မယ်ဆိုရင် သူ့ကို ဖမ်းဆီး အသုံးချခဲ့ကြသူတွေနဲ့တကွ ပါဝင်တဲ့ အဖွဲ့အစည်းတွေက ဆွေစဉ်မျိုးဆက်က ကမ္ဘာတဝန်းမှာ မဟုတ်မမှန်တွေ ပြောကြား ရေးသားခြင်းအားဖြင့် အဖြစ်မှန်ကို ဖုံးကွယ်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အခုအချိန်အထိတောင်မှ မစ္စတာ ဆန်ပါက အိုတာ ဘန်ဂါကို ရက်အတော်များများ မျောက်လှောင်အိမ်ထဲ ပိတ်ထားတဲ့အပေါ် တောင်းပန်ပါတယ်လို့သာ ဝန်ခံထားပြီး သုံးပတ်နီးပါးကြာအထိ ပိတ်လှောင်ထားခဲ့တာကို ဝန်ခံခြင်း မရှိသေးပါဘူး။
ဘရွန့်ဇ် တိရစ္ဆာန်ရုံကတော့ အိုတာ ဘန်ဂါကို ပိတ်လှောင်ထားစဉ်က သူနဲ့ သူ့ကို ပိတ်ထားသူတွေရဲ့ နေ့စဉ် ပြုမူမှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို အင်တာနက်ပေါ်က သူတို့ ဝက်ဆိုက်ပေါ်မှာ တင်လိုက်ပြီ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက အဲဒီအထဲက သက်သေခံစာ တော်တော်များများကို အခြေခံပြီး အိုတာ ဘန်ဂါ အဖြစ်အပျက်ကို ဝေဖန်ထားတဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပေမဲ့ အဲဒီအချိန်က တိရစ္ဆာန်ရုံ ကြီးကြပ်သူတွေက နောင်တရကြောင်း ပြောဆိုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် စာနယ်ဇင်းသမားတွေရဲ့ စုံစမ်းမေးမြန်းမှုတွေကိုလည်း ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
လူသားမျိုးသန့်ရေးဝါဒနဲ့ ဆက်စပ်တဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှု
အိုတာ ဘန်ဂါကို ဖမ်းခဲ့သူ ဆမ်မြူရယ် ဗာနာရဲ့ မြေးဖြစ်သူ မစ္စတာ ဆန်ပါကတော့ “ဒီလို လုပ်ခဲ့တာတွေကို ကျွန်တော်တို့က လူသိရှင်ကြား ရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူအများအပြား မျိုးဆက်နဲ့ချီပြီး နာကျင်ခံစားရတဲ့အပေါ် နက်နက်ရှိုင်းရှိုင်း နောင်တရမိပါတယ်” လို့ နောက်ပိုင်းမှာ ထပ်မံ ပြောဆိုလာခဲ့ပါတယ်။
အိုတာ ဘန်ဂါကို ရုံသွင်းပြသမှုမှာ တိုက်ရိုက်တာဝန်ရှိတဲ့ WCS ထူထောင်ရေး အဖွဲ့ဝင်တွေဖြစ်ပြီး လူသားမျိုးသန့်ရေး ဝါဒီတွေလည်း ဖြစ်သူ မက်ဒီဆင် ဂရန့်နဲ့ ဟန်နရီ ဖဲဖီးလ် အော့စဘွန်း တို့ကိုလည်း မစ္စတာ ဆန်ပါက ဝေဖန်ရှုတ်ချခဲ့ပါတယ်။
အဲဒီ နှစ်ဦးထဲက မက်ဒီဆင် ဂရန့်ဟာ ‘The Passing of the Great Race’ ဆိုတဲ့ သိပ္ပံနည်းကျသယောင် ရေးသားထားတဲ့ လူမျိုးရေး ခွဲခြားမှု အခြေခံ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပြီး ဂျာမနီ အာဏာရှင် ဟစ်တလာ ကိုယ်တိုင်က ချီးကျူးခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။
အော့စဘွန်းဆိုရင်လည်း အမေရိကန် သဘာဝသမိုင်းပြတိုက်ကို ၂၅ နှစ် ဦးစီးခဲ့သူ ဖြစ်ပြီး ၁၉၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ လူသားမျိုးသန့်ရေး ဆိုင်ရာ ညီလာခံကို ကြီးမှူး ကျင်းပပေးခဲ့သူ ဖြစ်နေပါတယ်။
မစ္စတာ ဆန်ပါ ထည့်မပြောထားဘဲ ကျန်နေခဲ့တဲ့ အခြားအရေးပါသူတစ်ဦး ရှိပြီး သူကတော့ ဘရွန့်ဇ် တိရစ္ဆာန်ဥယျာဉ် ထူထောင်ရေး ဒါရိုက်တာ တစ်ဦးဖြစ်သူ ဝီလျံ ဟောနဒေး ဖြစ်ပါတယ်။
မစ္စတာ ဟောနဒေးဟာ အမေရိကန်နိုင်ငံရဲ့ ရှေ့ဆောင် ဇီဝဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ဥယျာဉ်တွေထဲက တစ်ခုဖြစ်တဲ့ ဝါရှင်တန်မြို့က စမစ်ဆိုနီယမ် သဘာဝ ဥယျာဉ်ကို ထူထောင်သူလည်း ဖြစ်ပေမဲ့ အိုတာ ဘန်ဂါကို ထားတဲ့ လှောင်အိမ်ထဲမှာ အရိုးတွေ ဖြန့်ကျဲထားပြီး မျိုးတူသား စားသူဖြစ်သည့်သဖွယ် ပြောဆိုခဲ့သူ ဖြစ်ပြီး အိုတာ ဘန်ဂါကို မျောက်အိမ်ထဲက အကောင်းဆုံးအခန်းမှာ ထားတာပါ လို့လည်း ဝံ့ကြွား ပြောဆိုခဲ့သူ ဖြစ်နေပါတယ်။
ဘရွန့်ဇ် တိရစ္ဆာန် ဥယျာဉ်ကို ထူထောင်ခဲ့သူတွေဟာ အပေါ်ယံ မှန်သလို ထင်ရပေမဲ့ တကယ်တမ်း လူမျိုးအရ ခွဲခြားမှု အခြေခံတဲ့ ဝါဒတွေကို ဖြန့်ချိရာမှာ လွှမ်းမိုးမှု အရှိဆုံးလူတွေ စာရင်းထဲ ပါဝင်နေကြပြီး လက်ရှိအချိန်အထိလည်း သူတို့ရဲ့ ဝါဒတွေကို အတုယူမှုတွေ ရှိနေပါတယ်။
ဒီလို အခြေအနေတွေ ရှိနေတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာပေးမှုမှာ ဦးဆောင်နေတဲ့ WCS အဖွဲ့အနေနဲ့ မပြည့်မစုံ တောင်းပန်တာထက်ပိုပြီး အမှန်တရား ထုတ်ဖော်သင့်တယ်လို့ ဝေဖန်သူတွေက ယူဆနေကြပါတယ်။
ခြုံပြောရမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု သမိုင်းကြောင်းဟာ လူသားမျိုးသန့်ရေးဝါဒနဲ့ ဆက်စပ်မှုတွေလည်း ရှိခဲ့တာ ဖြစ်တဲ့အတွက် အိုတာ ဘန်ဂါ အဖြစ်အပျက်ကို အများပြည်သူကို အသိပညာပေးရာမှာ WCS က အသုံးချသင့်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
အိုတာ ဘန်ဂါရဲ့ ဘဝကံအကြောင်း မလှမှုနဲ့တကွ နောက်ဆက်တွဲ အမွေအနှစ်တွေနဲ့ ခွဲလို့မရအောင် ဆက်စပ်နေတဲ့ ဘရွန့်ဇ် တိရစ္ဆာန်ဥယျာဉ်အနေနဲ့ သူတို့ရဲ့ ပညာပေး ဌာနကို အိုတာ ဘန်ဂါ လို့ နာမည်ပေးဖို့ အထိပါ အကြံပေးမှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MISSOURI HISTORICAL SOCIETY
အိုတာ ဘန်ဂါ အဖမ်းခံရပြီးနောက်ပိုင်း ဘဝဖြစ်စဉ် အကျဉ်း
၁၉၀၄ ခုနှစ် မတ်လမှာ အမေရိကန် ကျွန်ကုန်သည် ဆမ်မြူရယ် ဗာနာနဲ့အဖွဲ့က အဲဒီအချိန်က ဘယ်လ်ဂျီယံပိုင် ကွန်ဂိုမှာ အသက် ၁၂ နှစ် ဒါမှမဟုတ် ၁၃ နှစ် ဝန်းကျင်လောက် ရှိနိုင်တဲ့ အိုတာ ဘန်ဂါကို ဖမ်းဆီးခဲ့ပါတယ်။
အိုတာ ဘန်ဂါဟာ သင်္ဘောနဲ့ နယူးအော်လင်းပြည်နယ်အထိ ခေါ်ဆောင်ခံရပြီး နောက်ပိုင်းမှာ အခြား လူငယ်အမျိုးသား ၆ ဦးနဲ့အတူ စိန့်လူးဝစ် ကမ္ဘာ့ ကုန်စည် ပြပွဲမှာ ရုံသွင်း ပြသခံခဲ့ရပါတယ်။
အဲဒီ ပြပွဲကို ဆောင်းလတွေ အထိ ဆက်လက် ပြုလုပ်နေပေမဲ့ အိုတာ ဘန်ဂါတို့လူစုအတွက် လုံလောက်တဲ့ အဝတ်အစားနဲ့ နေစရာ မရခဲ့ပါဘူး။
၁၉၀၆ ခုနှစ် စက်တင်ဘာလမှာတော့ နယူးယောက်မြို့က ဘရွန့်ဇ် တိရစ္ဆာန်ဥယျာဉ်မှာ အိုတာ ဘန်ဂါကို ရက် ၂၀ ကြာ ပိတ်လှောင် ပြသခဲ့ပြီး လူအမြောက်အများ လာရောက် ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ပြသမှုဟာ လူသားက မျောက်မျိုးနွယ်က ဖြစ်လာတယ်ဆိုတဲ့ ချားလ်စ် ဒါဝင်ရဲ့ အယူအဆကို ရှေ့တန်းတင်ဖို့ ရည်ရွယ်တဲ့အတွက် ခရစ်ယာန်ဘာသာနဲ့ ဆန်ကျင်တယ်ဆိုပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေက ကန့်ကွက်ပြောဆိုမှုအပါအဝင် အခြား ကန့်ကွက် ပြောဆိုမှုတွေကြောင့် နောက်ပိုင်းမှာ အိုတာ ဘန်ဂါကို အာဖရိက အနွယ်ဝင် အမေရိကန် ခရစ်ယာန်ဘုန်းတော်ကြီး ဂျိမ်းစ် အိတ်ချ် ဂေါ်ဒန် ဦးစီးတဲ့ နယူးယောက်မြို့ရှိ ဟောင်းဝပ် မျက်နှာဖြူ မဟုတ်သူ မိဘမဲ့များအတွက် ဂေဟာကို တိရစ္ဆာန်ရုံက ပို့လိုက်ပါတယ်။
၁၉၁၀ ခုနှစ်မှာတော့ အိုတာ ဘန်ဂါဟာ ဗာဂျီးနီးယား ပြည်နယ်မှာရှိတဲ့ လူမည်းကျောင်းသားတွေအတွက် ဖွင့်ထားတဲ့ လင့်ချ်ဘာ့ဂ် ဘာသာရေး စာသင်ကျောင်းနဲ့ ကောလိပ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
အိုတာ ဘန်ဂါဟာ အဲဒီကျောင်းမှာ နေထိုင်စဉ်မှာ ပတ်ဝန်းကျင်က လူငယ်တွေကို အမဲလိုက်နည်းနဲ့ ငါးဖမ်းနည်းတွေကို သင်ပေးလေ့ရှိပြီး သူ ကွန်ဂိုဒေသမှာ နေထိုင်ခဲ့စဉ်က စွန့်စားခန်းတွေအကြောင်းကိုလည်း ပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ အိုတာ ဘန်ဂါဟာ မွေးရပ်မြေကို လွမ်းတဲ့စိတ်နဲ့ စိတ်ဓာတ်ကျလာပြီး သူ အသက် ၂၅ နှစ်လောက် ရှိပြီလို့ ယူဆရတဲ့ ၁၉၁၆ ခုနှစ် မတ်လမှာ ဝှက်ထားတဲ့ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။
ကိုးကား။ ။ Spectacle: The Astonishing Life of Ota Benga









