တောင်ကိုရီးယားမှာ ဘုရားကျောင်းတက်သူတွေအကြား အစုလိုက်အပြုံလိုက် ရောဂါကူးမှု ထပ်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်နေ့တည်းတင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၇၉ ခု ရှိခဲ့ပြီး ၅ လအတွင်း ရောဂါကူးစက်မှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ရောဂါကူးစက်သူအများအပြားဟာ ဆာရန်ဂျေး ခရစ်ယာန်အသင်းတော်နဲ့ ဆက်နွှယ်နေပြီး အဲဒီဘုရားကျောင်းက သင်းအုပ်ဆရာဟာ သမ္မတ မွန်ဂျေအင်းအပေါ် ဝေဖန်ပြောဆိုနေသူ ဖြစ်ပါတယ်။
နောက်အသင်းတော်တစ်ခုဖြစ်တဲ့ ယေရှုခရစ်ရဲ့ ရှင်ချွန်းဂျီအသင်းတော် ဆိုတဲ့ ဘုရားကျောင်းမှာလည်း အခုနှစ်အစောပိုင်းက ရောဂါကူးစက်မှုတွေ ဖြစ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်မှု အစုလိုက်အပြုံလိုက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။
အငြင်းပွားစရာ ဖြစ်နေတဲ့ အဲဒီဘုရားကျောင်းဟာ ရောဂါကူးစက်မှု ၅၂၀၀ ကျော်နဲ့ ဆက်နွှယ် ပတ်သက်နေတာ တွေ့ခဲ့ရပါတယ်။
လတ်တလော ဖြစ်ခဲ့တဲ့ ရောဂါ ဖြစ်ပွားမှု
တောင်ကိုရီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က ရောဂါဖြစ်ပွားမှုအသစ် ၂၇၉ ခု ထပ်ဖြစ်ခဲ့ပြီး ဒါဟာ မတ်လကစလို့ ရောဂါကူးစက်မှု ပထမဆုံးအကြိမ်အဖြစ် ၂၀၀ ကျော်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့သြဂုတ်လ ၁၇ ရက် တနင်္လာနေ့မှာလည်း ရောဂါကူးစက်မှု နောက်ထပ် ၁၉၇ ခု ထပ်ဖြစ်ခဲ့တယ်လို့ သိရပြီး ၄ ရက်ဆက်တိုက် ရောဂါကူးစက်မှု ရာနဲ့ချီ ဖြစ်ပွားခဲ့တာပါ။
အခုဆိုရင် တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု စုစုပေါင်း ၁၅၅၁၅ ခု ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုအသစ်တွေထဲက အနည်းဆုံး ၃၁၂ ခုဟာ ဆာရန်ဂျေး ဘုရားကျောင်းနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုးလ်မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ယွန်ဟက် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
"ဘုရားကျောင်းတက်သူ ၄၀၀၀ ထဲက ၃၄၀၀ ကို ကွာရန်တင်း သီးသန့်ထားထားပြီး ၂၀၀၀ ကို ဆေးစစ်ခဲ့တယ်"လို့ တောင်ကိုရီးယား ဒုတိယ ကျန်းမာရေးဝန်ကြီး ကင် ဂန်းလစ်က ပြောကြောင်း ယွန်ယက်သတင်းဌာနရဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
"အဲဒီထဲက ၃၁၂ ဦးမှာ ရောဂါပိုး စစ်ဆေးတွေ့ခဲ့ပြီး ဒါဟာ ရောဂါပိုးဓာတ်ခွဲအတည်ပြု တွေ့ရှိမှု မြင့်မားတဲ့ ၁၆.၁ ရာခိုင်နှုန်း ဖြစ်တယ်" လို့ သူက ပြောပါတယ်။
မစ္စတာကင်က အဲဒီဘုရားကျောင်းကိုလည်း ပြစ်တင်ဝေဖန်လိုက်ပြီး အသင်းတော်ဝင် စာရင်းက မတိကျတဲ့အတွက် အသင်းတော်ဝင်တိုင်းကို ခြေရာခံလိုက်ရှာဖို့ အခက်အခဲတွေ တွေ့နေတယ်လို့ ဆိုပါတယ်။
ဒီဘုရားကျောင်းအပေါ် ဒေါသအမျက်ထွက်မှုတွေ အထိုက်အလျောက် ရှိနေပြီး သင်းအုပ်ဆရာ ဂျန်ကွမ်ဟွန်းကို ထိန်းသိမ်း အရေးယူပေးဖို့ လူ ၂ သိန်းကျော်က အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတယ်လို့ ယွန်ဟက် သတင်းမှာ ဖော်ပြထားပါတယ်။
ဒီတစ်ခေါက် ရောဂါကူးစက်မှုဟာ ရှင်ချွန်းဂျီဘုရားကျောင်းနဲ့ ဆက်နွှယ်နေတဲ့ လူအစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့ပြီးကတည်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရာမှာ အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်တယ်လို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။
ရှင်ချွန်းဂျီဘုရားကျောင်းရဲ့ အကြီးအကဲ လီးမန်ဟီး ကို အခုလဆန်းပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ အသင်းတော်ရဲ့ လူဦးရေစာရင်း အရေအတွက်နဲ့ ထိတွေ့ခဲ့သူတွေရဲ့စာရင်း အချက်အလက်တွေ ကို ဖုံးကွယ် ဖော်ပြခဲ့မှုနဲ့ စွပ်စွဲခံထားရတာပါ။
ဘုရားကျောင်းကတော့ သူဟာ အသင်းတော်ဝင်တွေ ဘေးကင်းလုံခြုံမှုရှိဖို့ကိုသာ စိုးရိမ်ခဲ့တာဖြစ်ပြီး သတင်းအချက်အလက်တွေ ဖုံးကွယ်ခဲ့တာမျိုး မရှိဘူးလို့ ပြောပါတယ်။
"တရားရုံးရဲ့ ဖမ်းဆီးမိန့်ဟာ သူ့မှာ ပြစ်မှုထင်ရှားတယ်ဆိုတဲ့ အဓိပ္ပါယ်ကို မဆောင်ကြောင်း၊ အမှန်တရား ပေါ်ပေါက်လာအောင် လာမယ့် တရားရုံး ကြားနာစစ်ဆေးမှုတွေမှာ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း" ဘုရားကျောင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆာရန်ဂျေးဘုရားကျောင်းအကြောင်း
ဆိုးလ်မြို့ အခြေစိုက် ဆာရန်ဂျေးဘုရားကျောင်းနဲ့ ပတ်သက်လို့ လူတွေ သိပ်မသိကြဘဲ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ ဂျန်ကွမ်ဟွန်း အကြောင်းကို ပိုသိကြပါတယ်။
အသက် ၆၃ နှစ်အရွယ် မစ္စတာဂျန် ဟာ အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုလာတာ နှစ်နဲ့ချီ ရှိနေပြီ ဖြစ်ပြီး ဆိုးလ်မြို့မှာ လုပ်တဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှု အများအပြားကို ဦးဆောင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက မစ္စတာဂျန်ဟာ ကိုယ့်ဟာကိုယ် သီးသန့် ခွဲနေရမယ့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းကို ချိုးဖောက်ပြီး ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။
မစ္စတာဂျန်နဲ့အတူ ဆန္ဒပြပွဲမှာ ပါခဲ့ကြတဲ့ ဘုရားကျောင်းကလူတွေဟာ တခြားသူတွေအပေါ် အသက်အန္တရာယ် ကျရောက်စေနိုင်တဲ့ ခွင့်မလွှတ်နိုင်လောက်စရာ လုပ်ရပ်မှာ ပါဝင်ခဲ့ကြတယ်လို့ သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။
ဒီရောဂါကြောင့် သေဆုံးတာဟာ မျိုးချစ်စိတ်ကို ပြနေတယ်၊ တကယ်လို့ ရောဂါကူးစက်ခံရသူတွေ ဆန္ဒပြပွဲတွေထဲ ပါရင် ရောဂါပျောက်သွားလိမ့်မယ်ဆိုပြီး မစ္စတာဂျန်က သူ့နောက်လိုက်တွေကို အခုနှစ်ဦးပိုင်း ဆန္ဒပြပွဲတစ်ခုမှာ ပြောခဲ့တယ်လို့ Korean Herald သတင်းမှာ ဖော်ပြခဲ့ပါတယ်။
သမ္မတ မွန်ဂျေအင်းကို မြောက်ကိုရီးယားရဲ့ သူလျှိုလို့ ခေါ်ဝေါ် ခဲ့တဲ့အတွက် အသရေဖျက်မှုနဲ့ အခုနှစ်ဦးပိုင်းက မစ္စတာဂျန် တရားစွဲခံခဲ့ရတယ်လို့ ယွန်ဟက်သတင်းမှာ ဖော်ပြထားပါတယ်။
ကိုယ့်ဟာကိုယ် သီးသန့်ခွဲနေဖို့ စည်းမျဉ်းကို ချိုးဖောက်ခဲ့မှု၊ ကိုရိုနာဗိုင်းရပ်စ်မပြန့်ပွားအောင် အစိုးရက ဆောင်ရွက်နေမှုတွေကို ဟန့်တားခဲ့မှု စတဲ့စွဲချက်တွေနဲ့ မစ္စတာဂျန်ကို တရားစွဲအရေးယူမယ်လို့ ဆိုးလ်မြို့ အုပ်ချုပ်ရေးအဖွဲ့က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။
တောင်ကိုရီးယားမှာ အိမ်တွင်း လူ ၅၀၊ အိမ်ပြင် လူ ၁၀၀ ထက် ပိုမစုဖို့ အစိုးရက လောလောဆယ် အမိန့်ထုတ်ထားတာပါ။
အခုနှစ်အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်သူ အရေအတွက် စံချိန်တင် နည်းခဲ့တဲ့အတွက် တောင်ကိုရီးယားမှာ ရောဂါတားဆီးကာကွယ်မှု အောင်မြင်တယ်လို့ ချီးကျူးခံခဲ့ရပါတယ်။








