ဒစ်ဂျစ်တယ်လိင်ပြစ်မှု ကျုးလွန်ခံရတဲ့သူတွေကို နှစ်သိမ့်ဆွေးနွေးပေးသူ

ဓာတ်ပုံ ရင်းမြစ်, Jilla Dastmalchi/BBC
"ရပ်တန့်လို့မရနိုင်ခဲ့တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ လှုပ်ရှားမှုကို ဘရိတ်အုပ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဒါကတော့ လိင်ဖျော်ဖြေမှုဗီယိုတွေ ခြိမ်းခြောက်အကျပ်ကိုင်ရယူပြီး အွန်လိုင်းမှာ ခိုးတင်နေတဲ့ အဖွဲတစ်ခုရဲ့ ခေါင်းဆောင်လို့ သံသယရှိထားတဲ့သူ အဖမ်းခံရပြီးတော့ ပြောခဲ့တဲ့စကားပါ။
ချိုဂျုဘင်ကို "The Doc" ဒေါက်တာလို့ လည်း လူတွေက သိကြပါတယ်။ သူက အသက်၁၆နှစ် အောက်တွေအပါအဝင် အမျိုးသမီးငယ်ဒါဇင်ပေါင်းများစွာကို ခြိမ်းခြောက် ဖိုမဆက်ဆံတဲ့ ဗီဒီယိုတွေကိုအတင်းရိုက်ခိုင်းပြီး အွန်လိုင်းchatrooms ချက်ရွန်းတွေမှာ တင်ခဲ့တဲ့သူဖြစ်ပါတယ်။
သူတို့ဆီမှာ မုဒိမ်းကျင့်တာနဲ့ လိင်အကြမ်းဖက်တဲ့ဗီဒီယိုတွေလည်း မကြာခဏ တင်လေ့ရှိပါတယ်။
ပြီးတော့ အဲ့ဒီဗီဒီယိုတွေကို Telegramတယ်လီဂရမ်အကောင့်ကနေတစ်ဆင့် လိုချင်တဲ့သူတွေဆီရောက်အောင်ပို့ပေးတာပါ။ ဗီဒီယိုတစ်ခုကို ဒေါ်လာနှစ်ရာက နေ ဒေါ်လာတထောင့်နှစ်ရာအထိ စျေးတင်ရောင်းတယ်လို့ လည်း သိရပါတယ်။
Telegramတယ်လီဂရမ် ဆိုတာက မက်ဆင်ဂျာလို စာတိုပေးပို့တာ ဓာတ်ပုံ ၊ ဗွီဒီယို၊ စတစ်ကာ၊ အသံဖိုင်တွေပို့လို့ ရတဲ့ အပလီကေးရှင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်တာက သူ့ရဲ့ "Doctor Room" လို့ခေါ်တဲ့ သူ့ရဲ့ ချက်ရွန်းက ပထမဆုံးတော့ မဟုတ်ပါဘူး။
လိင်အသားပေး ဗီဒီယိုတွေကိုခြိမ်းခြောက်အကျပ်ကိုင်ယူပြီး အချိန်နဲ့ တစ်ပြေးညီတင်နေတဲ့ သူတို့အရင်ကရှိခဲ့တဲ့ "Nth Rooms"လို့ခေါ်တဲ့ ချက်ရွန်းကို ပုံတူကူး ချထားတာပါ။
.အဖွဲ့ဝင်ကြေးပေးပြီးကြည့်နေကြတဲ့ သူတွေ သောင်းနဲ့ချီရှိနေကြတဲ့ အတွက်လည်း သူတို့လို မျိုး အလားတူ ချက်ရွန်းတွေကလည်း အများကြီးရှိနေပါတယ်။
ချက်ရွန်းတစ်ခုမှာ ချက်ရွန်းအော်ပရေတာတွေက ခြိမ်းခြောက်အကျပ်ကိုင် ရယူထားတဲ့ မိန်းကလေး၃ယောက်ကနေ ၄ယောက်ရဲ့ ဗီဒီယိုတွေ ရှိတယ်လို့ ကိုရီးယားသတင်းစာ ကွက်မင်းအီဘိုရဲ့ အပြောအရ သိရပါတယ်။
ချက်ရွန်းအော်ပရေတာတွေက ကောင်မလေးတွေကို မော်ဒယ် သို့မဟုတ် ကိုယ်ရံ တော်အလုပ်ရမယ်လို့ ကတိပေး ဆက်သွယ်ခဲ့ကြတာပါ။
Telegram တယ်လီဂရမ်အကောင့်တစ်ခုကနေ အမျိုးသမီးတွေကို တိုက်ရိုက်ဆက်သွယ်ပြီး သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေ ရအောင်ယူပြီးရင် အဲ့ဒီအချက်အလက်တွေနဲ့ ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ကြတာပါ။
မုဒိန်းမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အနိုင်ထက်ပြုမှု၊ လိင်ဆက်ဆံတဲ့ ဗီဒီယိုတွေ တရားမဝင်ထုတ်လုပ်ဖြန့်ချီမှုတွေအပါအဝင် အမှု၁၄မှုနဲ့ ချို တရားစွဲခံထားရပါတယ်။
သူအဖမ်းခံရပြီး သုံးလအကြာ ဇွန်လ၁၁ရက်နေ့မှာ သူ့ကို စတင်ရုံးတင် စစ်ဆေးခဲ့တာပါ။
လိင်ဆက်ဆံတဲ့ ဗီဒီယိုတွေထုတ်လုပ်ပြီး တယ်လီဂရမ်မှာ ဖြန့်ချီခဲ့တယ်ဆိုတာကိုတော့ သူ ဝန်ခံထားပေမဲ့ အနိုင်ကျင့် ခြိမ်းခြောက်အကျပ်ကိုင် အကြမ်းဖက်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ငြင်းဆိုထားတယ်လို့ သူ့ရှေ့နေ အပြောအရသိရပါတယ်။
ဒါပေမဲ့ ပြစ်မှုကျုးလွန်တဲ့ တရားခံကို အရေးယူဖို့ အာရုံစိုက်နေကြတဲ့ တစ်ချိန်တည်းမှာပဲ သူကျုးလွန်ခဲ့တဲ့ ခံရတဲ့သူတွေကတော့ အားပေးမယ့်သူ အဖော်မပါဘဲ တစ်ကိုယ်တည်း ရှေ့ဆက်နေကြရပါတယ်။
တောင်ကိုရီးယားက ရေးရိုးစွဲ လူမှုအသိုင်းအဝန်းအရလည်း ခြိမ်းခြောက်အကျပ်ကိုင် ဗီဒီယိုတင်ခံရတဲ့ အမျိုးသမီးဒါဇင်ပေါင်းများစွာနဲ့ ကလေးတွေဟာ ဘဝပြန်တည်ဆောက်နိုင်ဖို့ အခက်တွေ့နေကြပါတယ်။
အဲ့ဒီလို အခက်တွေ့နေတဲ့ သူတွေကို လီဟွန်ရင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကူညီနေပြီး သူလုပ်နေတဲ့ ဒစ်ဂျစ်တယ် လိင်ရာဇဝတ်မှုတိုက်ဖျက်ရေး အကြောင်းကို သူက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

"ငါအိပ်နေရင် လိင်အနိုင်ကျင့်စော်ကားခံရတဲ့ ဗီဒီယိုတွေပိုများလာမယ် ၊ ခံရတဲ့သူ တွေလည်းပိုများလာမယ်ဆိုပြီး ဒီမကောင်းမှု ဒုစရိုက်ကိုတိုက်ဖျက် ရမယ်လို့ ခံစားခဲ့ရတာပါ။ အဲ့ဒါကြောင့် ဒီဗီဒီယိုတွေကို အကုန်ဖျက်ပစ်ရမယ်လို့ တွေးပြီး နေ့ရောညပါ အလုပ်လုပ်ရမယ်လို့ဆုံးဖြတ်ခဲ့တာ" လို့ ဟွန်ရင်က ဘီဘီစီ ကိုပြောပါတယ်။
သူဟာ ဒီ ဆိုးရွားတဲ့ ဒစ်ဂျစ်တယ်လိင်ပြစ်မှုတွေကို တိုက်ဖျက်ဖို့ကိစ္စတွေ ၂၀၁၇ခုနှစ် ကတည်းက လုပ်လာခဲ့တဲ့သူပါ။
.အစပိုင်းမှာ ဗီဒီယိုတွေ ဖြုတ်ချပစ်တဲ့ကိစ္စမှာပဲ ဝင်ပါခဲ့ပေမဲ့ ရာဇဝတ်မှုတစ်ခုရဲ့ အထောက်အထား ဗီဒီယိုတွေဖျက်ပစ်တာနဲ့ မလုံလောက်ဘူးဆိုတာကိုလည်း သိပ်မကြာခင်မှာ သူသိလာခဲ့ပါတယ်။
"လိင် အနိုင်ကျင့် အလွဲသုံးစား လုပ်ခံရတဲ့ ဗီဒီယိုတွေက လူမှုပြဿနာလို့ အစပိုင်းမှာ သဘောထားခဲ့တုန်းက ခံရတဲ့သူတွေကို ကူညီတဲ့ စနစ်က မရှိသေးဘူး။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ကျွန်မတို့ရဲ့ ဆိုက်ဘာ လိင်အကြမ်းမှုတိုက်ဖျက်ရေးအဖွဲ့ ပေါ်လာတော့ ကျွန်မတို့ရဲ့ ရည်မှန်းချက်က ဗီဒီယိုတွေ ဖြုတ်ချပစ်တာတင် မဟုတ်တော့ဘဲ ခံရတဲ့အမျိုး သမီးတွေကို လူ့အခွင့်အရေးအရ ဆွေးနွေးလမ်းညွှန်မှုတွေ လုပ်ပေးဖို့လည်း ပါလာ တယ်" လို့ သူကပြောခဲ့ပါတယ်။
သူ့ရဲ့ အလုပ်က ရာဇဝတ်မှုကျုးလွန်ခံရတဲ့ သူတွေကို ရေရှည် ကာကွယ်စောင့်ရှောက်ပေးရမယ့် အလုပ်ဆိုတာကိုလည်း သူ အလျင် အမြန်နားလည်ခဲ့ပါတယ်။
"သူတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုယ်တိုင်က သူများကိုမျှဝေလိုက်တာ၊ သိမ်းထားပြီးတော့ နောက်ဆယ်နှစ်လောက်ကြာမှ ဖျော်ဖြေမှုအတွက် ပိုက်ဆံနဲ့ ပြန်ရောင်းခဲ့တာကို ခံရတဲ့ သူအများစုက ကြောက်လန့်တကြားတွေ့ခဲ့ရတာ "လို့ လည်း သူက ရှင်းပြပါတယ်။
ခံရတဲ့သူ အများစုက သူတို့လုပ်ခံခဲ့ရတာကို ခွင့်လွှတ်ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jilla Dastmalchi/BBC
"သူတို့ ဒီလိုလုပ်ကြတာ ကျွန်မတကယ့်စိတ်မကောင်းဘူး။ ဒီကိစ္စက ရှင့်မှာ တာဝန်မရှိဘူး။ ရှင့်အပြစ်မဟုတ်ဘူးလို့ သူတို့ သိအောင် အသေအချာ ပြောပြရတယ်" လို့ လည်း သူက ပြောပါတယ်။
သူတို့မှာ အပြစ်ရှိနေတယ်ဆိုတဲ့ စိတ်ကလွတ်အောင်လုပ်နိုင်ဖို့က သူတို့ ပြန်ကောင်းလာဖို့ အခြေခံအချက်ပဲလို့ လည်းသူက ယုံကြည်ထားပါတယ်။
"စိတ်မကောင်းစရာကောင်းတာက သူတို့ကို ကျွန်မပြောပြသလိုမျိုး ပြောပေးနိုင်မယ့် လူတွေဘယ်သူမှ ခံရတဲ့သူတွေနားမှာ လုံးဝမရှိတာပါ။"
ကူညီဖေးမပြောပေးရမယ့်အစား သူတို့ကို အပြစ်တင်တာနဲ့ ဝေဖန်အကဲဖြတ်တာတွေပဲ လုပ်ခဲ့ကြလို့ ခံရတဲ့သူ အများစုက သူတို့မှာ အပြစ်ရှိနေတယ်လို့ ခံယူပြီး အရှက်ရနေကြတာလို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jilla Dastmalchi/BBC
ရှေ့ဆက်နိုင်ဖို့ သတ္တိမွေးပေးတာတွေကိုလည်း ကောင်းကောင်းလုပ်ရပါတယ်။ အမှန်အားဖြင့် တကယ်တော့ သူတို့ အဖွဲ့ကိုရောက်လာလို့ သူတို့ကူညီနေရတဲ့ တယ်လီဂရမ်မှာ လိင်ဗီဒီယို တရားမဝင် ရောင်းခံနေရတဲ့ သူအရေအတွက်က ခံနေရတဲ့ လူတွေအားလုံး ပမာဏနဲ့ တွက်ရင် အရမ်းနည်းနေသေးတယ်လို့ ဟွန်ရင် တွက်ဆ ထားပါတယ်။
"ကျုးလွန်ခံခဲ့ရတဲ့သူတွေက ကျွန်မတို့ဆီကိုရောက်မလာခင် ရဲစခန်း၊မီဒီယာ စသဖြင့် နေရာတွေကို ခဏခဏ ခက်ခက်ခဲခဲသွားခဲ့ရတာပါ။ ကျွန်မတို့ဆီ သူတို့ရောက်လာတော့ စိတ်နာကျင် အားကုန်ခန်း နေကြပါပြီ။"
ခံရတဲ့သူအများစုကလည်း အဲ့ဒီလမ်းကြောင်းကို လက်လျှော့ထားကြပါပြီ။ ခံရတဲ့သူတွေနဲ့ အတူ အလုပ်ပြီး သူကူညီနေတာက သူတို့ဘဝကို သူတို့ ပြန်ထိန်းချုပ်နိုင်တဲ့ အတွေးတွေနဲ့ အခြေနေတွေ ပြန်ရလာဖို့ပါ။
သူတို့ နာလန်ထူလာဖို့ အရေး ကျွန်မတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က သူတို့ကို ထိခိုက်နာ ကျင်အောင်လုပ်မယ့် သူတွေ လုပ်တာကို ဒီတိုင်းဆက် ငြိမ်ခံမနေဖို့ပါ။ ကြုံခဲ့ရတာကို ဘဝသင်ခန်းစာ တစ်ခုလို့ မှတ်ယူပြီး ဘဝကို ရှေ့ဆက် ချီတက်သွားဖို့ပါ။"

ဒါပေမဲ့ ဟွန်ရင် ကိုယ်တိုင်လည်း စိတ်နာကျင်ခံစားမှုတွေရှိခဲ့ပါတယ်။
"ဆွေးနွေး လမ်းညွှန်မှုတွေလုပ်နေတဲ့အချိန်မှာ သူတို့ရဲ့နာကျင်မှုတွေကို ကျွန်မခံစား ရပါတယ်။ စိတ်ဒဏ်ရာနာကျင်ခံစားရမှု တစ်ခုခုရခဲ့တဲ့ပုံစံမျိုးပေါ့။ Nth Rooms ကိစ္စမှာဆိုရင် အမျိုးသားတွေက ကောင်မလေး တစ်ယောက်ကို အင်အားသုံးပြီး သွေးသားရင်းတွေက စပ်ယှက်မှုတွေကျုးလွန်ခဲ့ကြတာ။ ခံရတဲ့သူတွေရဲ့ ဂုဏ်သိက္ခာကိုထည့် မတွက်ဘဲ အနိုင်ကျင့် အကြမ်းဖက်ခဲ့ကြတာ တကယ် ထိတ်လန့်စရာကောင်းပါတယ်။" လို့သူ့ခံ စားမှုကို ပြောပြပါတယ်။
ဒီ လိင်ဗီဒီယိုတွေ ကိစ္စကလည်း သူ့ကိုယ်ပိုင်ဘဝကို ရိုက်ခတ်မှုရှိခဲ့ပါတယ်။
"ကျွန်မကိုယ်တိုင်လည်း ထိတ်လန့်ခဲ့ရတာ။ ဒီ အဖွဲ့အစည်းမှာ အလုပ်မလုပ်ခင်က ကျွန် မနဲ့ကျွန်မအဖော်နဲ့ဆင်တဲ့ လိင်ဆက်ဆံနေတဲ့ ဗီဒီယိုကို ကျွန်မတွေ့လိုက်ရတယ်။ အဲ့ဒါနဲ့ ကြောက်ပြီးတစ်ညလုံးငိုတာ။ မနက်ရောက်တော့မှ ဒေါင်းလုပ်ဆွဲပြီး ပြန်ကြည့်လို က်တော့မှ ကိုယ်မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ အလုပ်မှာ လိင်ဆက်ဆံတာနဲ့ ပတ်သက် တဲ့ ဗီဒီယိုတွေ ဖြုတ်ချပစ်နေတဲ့အချိန်မှာလည်း ညီမအငယ်နဲ့ တူတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တူတာမျိုးတွေတွေ့ရင် လိုရမယ်ရ အသေအချာလိုက်ကြည့်ရတယ်။"
သူ့အလုပ်ကရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေကိုလည်း အချိန်ယူ ကျော်ဖြတ်ခဲ့ရပါတယ်။
" တစ်ယောက်ယောက်ရဲ့လိင်ဖျော်ဖြေမှုဗီဒီယိုတစ်ခုကို ဖြုတ်ချပစ်ဖို့ လွန်ခဲ့တဲ့၂နှစ်က လုပ်ခဲ့တုန်းကဆို ကျွန်မ စိတ်ထိခိုက်ခဲ့ရတယ်။ ပြီးတော့ အဲ့ဒီအကြောင်းက စိတ်ထဲမှာကျန်နေခဲ့တာ။ အခုတော့ အဆင်ပြေသွားပါပြီ။ အချိန်ကြာလာတော့လည်း စိတ်ထိခိုက်ခဲ့တာတွေကနေ ကျော် လွှားလာနိုင်လာပြီလို့ ကျွန်မထင်ပါတယ်။"
စိတ်ဖိစီးမှုတွေအများကြီးနဲ့ ကြုံနေရလို့ နှစ်သိမ့်ဆွေးနွေးသူ ကိုယ်တိုင်လည်း နှစ်သိမ့်ဆွေးနွေးပေးတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေး လမ်းညွှန်မှုယူရတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက် ပြဿနာတစ်ခုက ဒစ်ဂျစ်တယ်လိင်ပြစ်မှု ကျုးလွန်တာတွေကို တရားစွဲဖို့ ခက်ခဲတာပါ။
လိင်ပြစ်မှုနဲ့ အဖမ်းခံရတဲ့သူတွေက သတိပေးခံရတာနဲ့ပဲ မကြာခဏ ပြန်လွတ်သွား တတ်ပြီး တရားစွဲလို့ရရင်တောင်မှ သက်သက်ညှာညှာ အပြစ်ဒဏ်တွေကိုပဲ ရသွားတတ်ကြပါတယ်။
တရားရုံးချုပ်ရဲ့ အချက်အလက်တွေအရ တရားမဝင်ဗီဒီယိုခိုးရိုက်တဲ့လူ ၇၄၄၆ကို ၂၀၁၂ကနေ ၂၀၁၇ကြား ရုံးတင်စစ်ဆေးခဲ့တာမှာ ၆၄ရယောက် ၈.ရ%ကိုပဲ ထောင်ဒဏ်နဲ့ ဒဏ်ငွေကိုချမှတ် နိုင်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒါကြောင့် တောင်ကိုရီးယားကလူတွေ အများကြီးဒေါသထွက်ခဲ့ကြပါတယ်။
" အမျိုးသမီးတွေ ထပ်ခါထပ်ခါ ကျွန်မကို လာပြောနေကြတာက လိင်ပြစ်မှုတွေကို အပြစ်ပေးတာ ဒီတရားရေးစနစ်နဲ့ မလုံလောက်ဘူးဆိုပါ။ သူတို့ကို ဟန့်တားနိုင်တဲ့ ဥပဒေလည်းမရှိဘူး"လို့ ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာကလည်း ပြောထားပါတယ်။
အွန်လိုင်းကိုအသုံးပြုပြီး ဆယ်ကျော်သက်တွေနဲ့ ကလေးတွေကို ခြိမ်းခြောက် အ ကျပ်ကိုင်တာတွေ အပါအဝင် လိင်ပြစ်မှုတွေနဲ့ပတ်သက်တဲ့ ဥပဒေပြင်ဆင်မှုတွေ လုပ်သွားမယ်လို့လည်း အစိုးရက သန္နိဌာန်ပြုထားပါတယ်။
ဒစ်ဂျစ်တယ် လိင်ရာဇဝတ်မှုတွေ နှိမ်နင်းအပြီးနောက်ဆက်တွဲ မေလထဲမှာ နိုင်ံငံတော် အဆင့် အစည်းအဝေးကနေ တားမြစ်ထားတဲ့ ဗီဒီယိုတွေနဲ့ ဓါတ်ပုံတွေ ရိုက်တာ ၊ဝယ်ယူ သိမ်းဆည်း ကြည့်ရှုတာတွေကို တရားမဝင်လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ကျုးလွန် တဲ့သူတွေကို ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ကိုရီးယားငွေ ဝမ်သန်း၃၀နဲ့ ညီမျှတဲ့ ဒေါ်လာ ၂သောင်း၅ထောင် ဒဏ်ကြေးပေးဆောင်ရမယ်လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
အရင်တုန်းကဆိုရင် ဒီဗီဒီယိုတွေကြည့်တာ၊ တရားမဝင် ဗီဒီယိုတွေပိုင်ဆိုင်တာ က အပြစ်ပေးမခံခဲ့ရပါဘူး။
Nth and Doctor Room ကိစ္စတွေနဲ့ပတ်သက်လို့ အဓိကသံသယရှိတဲ့ သူတွေ အပါအဝင် သံသရှိသူ ၆၆၄ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ကိုရီးယား ရဲတပ်ဖွဲ့ ကပြောပါတယ်။
ဒါပေမဲ့ တချို့တရားသူကြီးတွေက ဒစ်ဂျစ်တယ်လိင်ပြစ်မှု ကျုးလွန်တဲ့သူတွေကို လျော့လျော့ပေါ့ပေါ့ ပြစ်ဒဏ်တွေပဲ ပေးနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jilla Dastmalchi/BBC
ချိုကို ရုံးတင်တဲ့ တရားရုံးအပြင်ဘက်ကနေ ကန့်ကွက်ခဲ့တဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားတဲ့သူတွေကလည်း သူ့ကို တိကျပြင်းထန်တဲ့အပြစ်မပေးရင် သူ့လို ပြစ်မှုကျုးလွန်တဲ့သူတွေ ထပ်ပေါ်လာပြီး ခံရတဲ့သူတွေပိုများ လာမယ်လို့ ပြောနေကြပါတယ်။
ဟွန်ရင်ရဲ့ စိတ်ဓာတ် လှုံ့ဆော်မှုက ဒစ်ဂျစ်တယ် လိင်ပြစ်မှုတွေ ကင်းရှင်းသွားတဲ့အထိ ဆက်လုပ်သွားဖို့ပါ။
"ဘာကြောင့် ဒီကိစ္စတွေ တရားမျှတမှု ရှိမလာတာလဲ။ ဘာကြောင့် အနိုင်ကျင့်စော် ကား ခံရတာတွေ အများကြီးကြုံနေရတာလဲဆိုပြီး ၂၀၁၈တုန်းက ကိုယ်တိုင် မေးခွန်းထုတ်မိတယ်။ လုပ်နေတာတွေကို မရပ်မနား ဆက်လုပ်သွားမယ်။ အဲ့လိုပြောတာက နှိုးဆွနေတာ အဖေါ်ခေါ်နေတာလို့ ထင်နိုင်ပါတယ်။
ဘယ်အမှုကမှ အဆုံးမသတ်သေးတာက ကျွန်မတို့အတွက် အကြီးမားဆုံး ပြဿနာပါ ။ လက်စားချေတဲ့ အပြာဗီဒီယိုတွေကြောင့်ခံခဲ့ရသူတွေကို ကူညီနေရသလို ဒစ်ဂျစ်တယ် လိင်ရာဇဝတ်မှု ကျုးလွန်ခံရတဲ့သူတွေ ပြန်ကောင်းလာဖို့လည်း အကူညီပေး နေရပါတယ်။"
ဗီဒီယိုတစ်ခုကို ဖျက်ပစ်လိုက် ဖြုတ်ချပစ်လိုက်တဲ့အချိန်တိုင်း တစုံတယောက် ပုံမှန်ပြန် ကောင်းလာဖို့ လုပ်ငန်း စရမယ်လို့ သူယုံကြည်ထားပါတယ်။
ဒါပေမဲ့ ဥပဒေနဲ့ ဆန့်ကျင်တာတွေကို ပုံမှန်ဖြုတ်ချနေရတာနဲ့ အမျှ လုပ်နေရတဲ့ စစ်ဆင်ရေးတွေကလည်း ဘယ်တော့မှပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
"ဒစ်ဂျစ်တယ် လိင်ရာဇဝတ်မှုကျုးလွန်တာက တစ်စုံတစ်ယောက်ရဲ့ အခြေခံလူ့ အခွင့်အရေး ဂုဏ်သိက္ခာကို ခွာချဖျက်ဆီးပစ်နိုင်တာကြောင့် ကျွန်မတို့အလုပ်ကလည်း ဘယ်တော့မှရပ်ရမှာ မဟုတ်ပါဘူး။"








