ဂျပန်တွေ အသက်ရှည်တာ အစားအစာကြောင့်လား

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
ဂျပန်ဟာ ကမ္ဘာမှာ လူ့သက်တမ်း အရှည်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။ သူတို့ ဘာ့ကြောင့် အသက်ရှည်ကြသလဲ။ သူတို့စားတဲ့ အစားအစာကြောင့်လား။
ကမ္ဘာပေါ်မှာ မွေးနေ့ရာပြည့်ပွဲကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဆင်နွှဲနိုင်သူ အရေအတွက် အများဆုံးရှိတဲ့ လူမျိုးဟာလည်း ဂျပန်ပါပဲ။ မွေးနေ့ရာပြည့်ပွဲကို ကိုယ်တိုင် ပါဝင်ကျင်းပဆင်နွှဲနိုင်ဖို့ဆိုတာ အသက် ၁၀၀ ကျော်နေနိုင်တဲ့ ဘိုးသက်ရှည်၊ ဘွားသက်ရှည်တွေသာ တတ်နိုင်စွမ်းတဲ့ အရာပါ။
ကမ္ဘာမှာ ဘယ်နိုင်ငံနဲ့ပဲ ယှဥ်ယှဥ် ရာကျော်ဘိုးဘွားတွေ အများဆုံးနိုင်ငံဟာ ဂျပန်ပါပဲ။ ဂျပန်နိုင်ငံသား တသိန်းမှာ ၄၈ ယောက်နှုန်းဟာ အသက်ရာကျော်ရှည်ကြပါတယ်။ ဒါဟာ ကမ္ဘာမှာ အများဆုံး နှုန်းထားပါ။ သူတို့နောက်နားက မနီးရိုးစွဲကပ်လိုက်နိုင်တဲ့ နိုင်ငံတောင် မရှိပါဘူး။
ဒီလိုကိန်းဂဏန်းမျိုးတွေ ထွက်ပေါ်လာတာကြောင့် ကမ္ဘာ့တခြားနိုင်ငံတွေဟာ ဂျပန်ကို ဂရုမစိုက်ဘဲ မနေနိုင်လောက်အောင်ဖြစ်လာပါတယ်။ သူတို့ဘာလို့များ ဒီလောက် အသက်ရှည်ကြတာပါလိမ့်။ သူတို့က ငါတို့မလုပ်တာ ဘာတွေကိုများ လုပ်ကြလို့ အသက်ရှည်ကြတာလဲ။ ဒါမှမဟုတ်သူတို့စားတဲ့ အစားအစားကြောင့်များလား။
ကမ္ဘာမှာ ကျန်းမာရေးနဲ့ အလွန်ညီညွတ်တယ်လို့ နာမည်ကြီးတဲ့ စားသောက်ဓလေ့တခုက မြေထဲပင်လယ် အစားအစာပါ။ အမေရိကန် အာဟာရပညာရှင် အန်ဆယ်ကီးစ်ဟာ မြေထဲပင်လယ်အစားအစာကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့သူတွေထဲက တယောက်ပါ။ အန်ဆယ်ကီးစ်ဟာ တိရစ္ဆာန်အဆီကို စားသောက်တာနည်းတဲ့ အီတလီလူမျိုးတွေ အသက်ရာကျော်ရှည်တာကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ပါတယ်။ အန်ဆယ်ကီးစ်ဟာ ၁၉၇၀ ကျော်နှစ်တွေကတည်းက စားသောက်ဓလေ့တွေ အကြောင်း လေ့လာသုတေသနပြု ရေးသားခဲ့သူဖြစ်ပါတယ်။
၁၉၉၀ ကျော်နှစ်ကာလတွေမှာတော့ အာဟာရဗေဒသုတေသီ ဝေါ်လတာဝီးလက်က တမူထူးစွာ အသက်ရှည်ကြတဲ့ဂျပန်လူမျိုးတွေအကြောင်းနဲ့ သူတို့ နှလုံးရောဂါအဖြစ်နည်းကြတာကို စာတမ်းပြုစုခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အသက်ရှည်တာ အစားအသောက်နဲ့ဆိုင်သလားဆိုတဲ့ သုတေသနစာတမ်း အများအပြား ထွက်လာပါတယ်။ သူတို့လို အသက်ရှည်အောင် ဘာတွေများ ဖြည့်စွက်စားသောက်သင့်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
ဂျပန်လူမျိုး ကူးစက်ရောဂါသုတေသီ ရှူကျန်းက ဂျပန်အစားအသောက်ဆိုတာ ဆူရှီးဘူဖေးဆိုင်မှာ ရတဲ့ အစားအစာတွေလောက်ပဲလို့ မထင်ကြပါနဲ့၊ အဲဒီထက် အများကြီးပိုကျယ်ပြန့်ပါတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ လတ်တလော ထုတ်ပြန်ခဲ့တဲ့ လေ့လာချက် ၃၉ ခုထဲမှာတော့ ဂျပန်အစားအသောက်နဲ့ ကျန်းမာရေးဆက်နွှယ်မှုကိုဖော်ပြရာမှာ ဆူရှီဆိုင်က အစားအသောက်တွေ အများအပြားကို တူညီစွာထောက်ပြထားကြတာတွေ့ရပါတယ်။
အဲဒါတွေကတော့ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်၊ ပဲပိစပ်၊ ပဲငံပြာရည်၊ ဆန်၊ မီဆိုစွပ်ပြုပ်တွေ ဖြစ်ပါတယ်။
ဒီအစားအသောက်တွေစားရင် နှလုံးရောဂါနဲ့ သေဖို့အကြောင်း နည်းတာမှန်ပေမယ့် ကင်ဆာလိုရောဂါမျိုး ဖြစ်မဖြစ်ဆိုတာကတော့ ဒီအစားအသောက်တွေနဲ့ သိပ်ဆိုင်ဘူးလို့ ဒေါက်တာရှူကျန်းက ဆိုပါတယ်။
အစားအသောက်နဲ့ မော်လီကျူးဇီဝသိပ္ပံပညာရှင် ပါမောက္ခဆူယိုရှီဆူဒုကီကတော့ ဂျပန်အစားအစာတွေထဲမှာ ဘယ်အပိုင်းက အသက်ရှည်စေတာဖြစ်နိုင်မလဲဆိုတာကို တိတိကျကျ အဖြေရှာဖို့ ကြိုးစားခဲ့ပါတယ်။
အစပိုင်းမှာတော့ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ နိုင်ငံစစ်တမ်းတွေမှာ တွေ့ရတဲ့ ၁၉၉၀ ကျော်ကာလ ဂျပန်အစားအသောက်နဲ့ အဲဒီခေတ်ပြိုင်ကာလ အမေရိကန် အစားသောက်တွေကို နှိုင်းယှဥ်လေ့လာခဲ့ပါတယ်။
ကြွက်တွေကို အဲဒီအစားအသောက် နှစ်မျိုးကျွေးပြီး ဂရုစိုက်လေ့လာခဲ့ပါတယ်။
အံ့သြစရာ အချက်တချက်က အစာနှစ်မျိုးစလုံးမှာ ပါဝင်တဲ့ အဆီပမာဏ၊ ပရိုတင်းပမာဏ၊ ကာဘိုဟိုက်ဒရိတ်ပမာဏ ဆတူဖြစ်ပေမယ့် အမေရိကန် အစာစားတဲ့ကြွက်ထက် ဂျပန်အစာစားတဲ့ကြွက်က ဗိုက်မှာအဆီစုတာနည်းပြီး သွေးတွင်း အဆီဓာတ်လည်း နည်းတာကို သွားတွေ့ရပါတယ်။
ခြေလေးချောင်းသားနဲ့ငါး၊ ဆန်နဲ့ဂျုံ စသည်ဖြင့် အာဟာရဓာတ်ချင်းတူပေမယ့် ရင်းမြစ်မတူတာဟာ ရလဒ်မှာ သွားကွာနေတဲ့ သဘောဖြစ်ပါတယ်။
ဂျပန်အစားအသောက်တိုင်းလည်း တပုံစံတည်းမဟုတ်

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
ပိုပြီး အတွင်းကျကျစူးစမ်းကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက ဂျပန်တွေစားခဲ့တဲ့ စားသောက်ဓလေ့ အစပ်အဟပ်အမျိုးမျိုးနဲ့ ဒီနေ့ခေတ် အစားအသောက်အမျိုးမျိုးဟာ တချိန်ပြီးတချိန် ပြောင်းလဲလာတာ တွေ့ရပါတယ်။ အထူးသဖြင့် အနောက်တိုင်းသြဇာပိုသက်ရောက်တဲ့ မြို့ကြီးပြကြီးတွေမှာ ပိုသိသာပါတယ်။
သုတေသီအဖွဲ့ဟာ ၁၉၆၀၊ ၁၉၇၅၊ ၁၉၉၀၊ ၂၀၀၅ ခုနှစ်တွေမှာ တဖြည်းဖြည်းပြောင်းလဲလာတဲ့ အစားအသောက်ပုံစံအတိုင်း ဖြည့်စွက်ပြုပြင်ပြီး ကြွက်တွေကိုကျွေးကြည့်ပါတယ်။
အဲသလိုကျွေးကြည့်တဲ့အခါ ဂျပန်အစာတိုင်းလည်း တပုံစံတည်း မဟုတ်ဘူးဆိုတာသွားတွေ့ပါတယ်။
၁၉၇၅ ခုနှစ်အစားအသောက်ကို ကျွေးထားတဲ့ ကြွက်တွေဟာ တခြားကြွက်တွေထက် ဆီးချိုနဲ့ အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းတာကို တွေ့ရပါတယ်။ အဲဒီ ၁၉၇၅ ဂျပန် အစားအသောက်ဟာ ပင်လယ်ရေညှိ၊ ပင်လယ်စာ၊ ပဲမျိုးစုံ၊ သစ်သီး၊ ရိုးရာဟင်းခပ်အရသာမှုန့်တွေ အစုံပါဝင်နေပါတယ်။ သကြားမလွန်ကဲပါဘူး။
ထပ်မံသုတေသနပြုချက်တွေအရ ၁၉၇၅ ပုံစံ ဂျပန်အစားအသောက်ဟာ ကြွက်တွေကို အသက်ပိုရှည်စေတယ်၊ မှတ်ဥာဏ်ပိုကောင်းစေတယ်၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းကျဆင်းမှုနည်းပြီး အိုမင်းမှုကိုထိန်းနိုင်တယ်ဆိုတာ တွေ့ရပါတယ်။
ကျန်းမာခြင်း၊ အသက်ရှည်ခြင်းနဲ့ ဂျပန်အစားအသောက်ဟာ ဆက်စပ်တယ်လို့ ကူးစက်ရောဂါသုတေသီ ဒေါက်တာရှူးကျန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ လောလောဆယ်နောက်ဆုံး ထုတ်ပြန်ချက်ထဲမှာ ကောက်ချက်ချပါတယ်။
ပါမောက္ခဆူဒုကီအဖွဲ့ကလည်း ဂျပန် အစားအသောက်ဟာ ကျန်းမာရေး အပေါ် ကောင်းကျိုး သက်ရောက်မှုရှိတာကို တွေ့ခဲ့ပါတယ်။
အဝလွန်နေတဲ့ သူတွေကို ၁၉၇၅ ဂျပန်အစားအသောက်ပုံစံ ၂၈ ရက်ကျွေးပြီး စမ်းသပ်ခဲ့ရာမှာ တခြား အစားအသောက်စားသူတွေထက် ကိုယ်အလေးချိန်ပိုကျပြီး ကိုလက်စထရောလည်း ကျပါတယ်။
သင့်တင့်တဲ့ ကိုယ်အလေးချိန်ရှိတဲ့သူတွေကို ၁၉၇၅ ခု အစားအသောက် ကျွေးပြီး စမ်းသပ်ကြည့်ရာမှာတော့ ကိုယ်ခန္ဓာပုံစံ ပိုပြီး အချိုးကျလာတာ တွေ့ရပါတယ်။
လူတဦးချင်းစီရဲ့ ပင်ကိုယ်အဏုဇီဝစနစ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပါမောက္ခဆူဒုကီတို့ အဖွဲ့က မှန်းဆပြီး လူမျိုးစုံနဲ့ စမ်းသပ်ခဲ့ပါတယ်။
ပင်လယ်ရေညှိနဲ့ ပဲငံပြာရည်တို့ရဲ့ ဂမ္ဘီရအစွမ်းမဟုတ်လောက်

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
ဒီတော့ အခုတွေ့ရှိချက်တွေအရ လျှို့ဝှက်ချက်က ဘာပါလဲ။ ဂျပန်အစားအသောက်ထဲကတမျိုးမျိုးကို ကျန်တဲ့လူတွေ ထည့်သွင်းစားသောက်ရမှာလား။
ပါမောက္ခဆူဒုကီရဲ့ အကြံပေးချက်က အဲဒီလို မဟုတ်ပါဘူး။
ဂျပန်တွေက အစားအသောက်တွေကို ခွက်သေးလေးတွေနဲ့ များများ ခင်းကျင်းပြင်ဆင်ပါတယ်။ ပါဝင်တဲ့အစားအသောက် တော်တော်များများက ကြော်တဲ့အစာနည်းတယ်။
ရေနွေးငွေ့နဲ့ပေါင်းတဲ့အစာ၊ မီးအေးအေးနဲ့ချက်တဲ့ အစာတွေပိုများတယ်။ ဆားနဲ့သကြားများများမပါတဲ့ ဟင်းခပ်မှုန့် အနည်းငယ်ကိုသုံးတယ်။
နောက်ဆုံးကောက်ချက်ကဒီလိုပါ။ ဂျပန်အစားအသောက်ထဲက တခုခု ဥပမာ ပင်လယ်ရေညှိတို့ ပဲငံပြာရည်တို့မှာ ဂမ္ဘီရ အစွမ်းရှိလို့ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုးကို အသားပေးပြီး အမယ်မျိုးစုံကို (အမည်မျိုးစုံကို) ကျန်းမာရေးနဲ့ကိုက်ညီမယ့်ပုံစံနဲ့ ချက်ပြုတ်တာဟာ ဂျပန်အစားအသောက်ရဲ့ ကျန်းမာရေး လျှို့ဝှက်ချက်ပါပဲ။ ဘယ်သူမဆို လိုက်လုပ်နိုင်တဲ့နည်းပါ။
ဒါပေမယ့် ခေတ်သစ်ဂျပန်မှာ အစားအသောက်မျိုးစုံ နည်းနည်းစီစားဖို့ကို ဂျပန်တွေကိုယ်တိုင်တောင် လိုက်နာဖို့ ခက်နေတာမျိုးလည်း တွေ့ရပါတယ်။
အခုနှစ်ပိုင်းမှာဆိုရင် ဂျပန်လူမျိုးတွေမှာ ဆီးချိုဖြစ်နှုန်းတိုးလာတာ တွေ့ရပါတယ်။ ဒါဟာ လူအများက အသက်ရှည်ကြတော့ သက်ကြီးရွယ်အိုတွေ ပိုများလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေများတာလည်း ပါပါလိမ့်မယ်။
ဒီလို အခြေအနေတွေကြားမှာ ဂျပန်ဟာ ရာကျော်ဘိုးဘွားအများဆုံးတိုင်းပြည်အဖြစ် ထိပ်ဆုံးမှာ ကြာကြာရပ်တည်နိုင်မှာပါလား။








