ချေဂွေဗားရားတိုက်ခန်း ရောင်းဖို့ ဈေးကွက်တင်

အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို မြို့လယ်ခေါင်က နီယိုကလပ်စစ်ကယ် ရှေးဟောင်း ဂရိနဲ့ ရောမ လက်ရာ ပုံစံတိုက်ခန်း တိုက်ခန်းတခုမှာ ချေဂွာဗားရားကို ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို မြို့လယ်ခေါင်က နီယိုကလပ်စစ်ကယ် ရှေးဟောင်း ဂရိနဲ့ ရောမ လက်ရာ ပုံစံ တိုက်ခန်းတခုမှာ ချေဂွေဗားရားကို ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့။

၂၀ ရာစု လက်ဝဲ တော်လှန်ရေးခေါင်းဆောင် တယောက်အဖြစ် အမွှမ်းတင်ခံခဲ့ရတဲ့ အာနက်စတို ချေ ဂွေဗားရား မွေးဖွားနေထိုင်ခဲ့ရာ အာဂျင်တီးနားနိုင်ငံ ရိုဆာရီယို (Rosario) မြို့လယ်ခေါင်က တိုက်ခန်းကို ရောင်းဖို့ ဈေးကွက်မှာ တင်လိုက်ပါတယ်။

မြို့လယ်မှာ နီယိုကလပ်စစ်ကယ် ရှေးဟောင်း ဂရိနဲ့ ရောမ လက်ရာ ပုံစံ နဲ့ ဆောက်ထားတဲ့ ၂၄၀ စတုရန်းမီတာ (၂, ၅၈၀ စတုရန်းပေ) အကျယ် တိုက်ခန်းကို လက်ရှိပိုင်ရှင် ဖရန်စစ္စကို ဖာရက်ဂျီယာက ၂၀၀၂ ခုနှစ်မှာ ဝယ်ယူထားခဲ့တာပါ။

သူက ဒီတိုက်ခန်းကို ယဉ်ကျေးမှုစင်တာတခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အစီအစဉ်က လက်တွေ့ဖြစ်မလာနိုင်ခဲ့ပါဘူး။

တိုက်ခန်းပိုင်ရှင် အာဂျင်တီးနား စီးပွားရေးလုပ်ငန်းရှင်က သူတိုက်ခန်းခေါ်ဈေးကိုတော့ မပြောပြပါဘူး။

အူရကိဇာ (Urquiza) နဲ့ အင်တရေ ရီးယိုစ် (Entre Ríos) လမ်းမတွေ အကြားမှာရှိတဲ့ ဒီ တိုက်ခန်းက ထင်ရှားကျော်ကြားတဲ့သူအတော်များများ လာလည်အောင် နှစ်ပေါင်းများစွာ ဆွဲဆောင်လာခဲ့တာပါ။

အဲဒီသူတွေထဲမှာ ဥရုဂွေးက သမ္မတ (ဟောင်း) ဟိုဆေး ပက်ပေး မိုဟိကာ လည်းပါသလို၊ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖိဒဲလ် ကက်စထရိုရဲ့ သားသမီးတွေလည်းပါ ပါတယ်။

လာလည်တဲ့သူတွေထဲမှာ ၁၉၅၀ နှစ်တွေ တဝိုက် ချေဂွေဗားရား ဆရာဝန်ငယ် ဘဝမှာ ဆိုင်ကယ်စီးပြီး တောင်အမေရိကတိုက်နိုင်ငံတွေကို အတူသွားခဲ့ကြတဲ့ အဲလ်ဘာတို ဂရန်နာတို (Alberto Granados) က အထင်ရှားဆုံးဖြစ်မှာပါ။

ချေဂွာဗားရားဟာ တော်လှန်ရေးကို တောင်အမေရိကတိုက် တခွင်လုံးကို ပျံ့နှံ့သွားစေချင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ချေဂွာဗားရားဟာ တော်လှန်ရေးကို တောင်အမေရိကတိုက် တခွင်လုံးကို ပျံ့နှံ့သွားစေချင်ခဲ့

ချေဂွေဗားရားဟာ ၁၉၂၈မှာ ချမ်းသာတဲ့ အလယ်အလတ်လူတန်းစား မိသားစုကနေ မွေးဖွားလာခဲ့သူဖြစ်ပြီး တောင်အမေရိကတိုက်က ဆင်းရဲသူတွေ၊ ဆာလောင်မွတ်သိပ်သူတွေကို မြင်ခဲ့ရတဲ့နောက် သူ့ရဲ့ အတွေးအမြင်ပြောင်းလဲခဲ့ပါတယ်။

အာဏာရှင် ဘာတစ်စတာကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၉၅၃ ကနေ ၁၉၅၉ ကျူးဘားတော်လှန်ရေးမှာ သူက အဓိက ခေါင်းဆောင်တယောက်အနေနဲ့ ပါဝင်ခဲ့သူပါ။

တော်လှန်ရေးကို တောင်အမေရိကတိုက်တခွင်လုံးနဲ့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြား ပျံ့နှံ့သွားစေချင်တဲ့ သူ့စိတ်ဆန္ဒကို အဲဒီတုန်းက ချေဂွေဗားရားက ထုတ်ဖော်ပြောခဲ့ပါတယ်။

ကျူးဘားကနေ ဘိုလီးဗီးယားကို သူ သွားပြီး သမ္မတ ရနေး ဘာရီယန်တိုစ် အော်တွန်ညို အစိုးရကို ဆန့်ကျင်ပုန်ကန်ကြတဲ့ အင်အားစုတွေကို ဦးဆောင်တိုက်ပွဲဝင်ခဲ့ပါတယ်။

အမေရိကန်က အကူအညီပေးထားတဲ့ ဘိုလီးဗီးယား စစ်တပ်ဟာ ချေဂွေဗားရားနဲ့ သူ့ နောက်ဆုံးကျန် တိုက်ပွဲဝင်သူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်။

ဗီဒီယို ပုံစာ, ချေဂွေဗားရားရဲ့သား ထောင်တဲ့ စီးပွားရေး

လာ ဟီယဲရာ (La Higuera) ရွာမှာ ၁၉၆၇ အောက်တိုဘာလ ၉ ရက်နေ့က ချေကို သတ်ဖြတ်စီရင်ခဲ့ကြပါတယ်။ နောက်တော့ နေရာဖော်မပြတဲ့ လျှို့ဝှက်နေရာမှာ သူ့အလောင်းကို မြှုပ်နှံခဲ့ကြပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ သူ့မြေပုံနေရာကို ပြန်ရှာတွေ့နိုင်ခဲ့ပြီး သူ့အရိုးစု အကြွင်းအကျန်တွေကို ပြန်တူးဖော်ယူကာ ကျူးဘားကို ပြန်သယ်ခဲ့ကြတယ်။ အဲဒီမှာ သူ့ကို ပြန်လည်မြှုပ်နှံခဲ့ကြပါတယ်။

သူ့ဘဝအသက်ရှင်စဉ်ချိန်က တော်လှန်ရေး သဘောထားအမြင်အမျိုးမျိုး ကွဲပြားစေခဲ့သလို လက်ရှိကာလမှာလည်း အဲဒီတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အမြင်တွေက အမျိုးမျိုးရှိကြဆဲပါ။

သူ့ကိုထောက်ခံကြသူတွေက သူ့ကို ဇွဲရင့်သန်မှု၊ ကိုယ်ကျိုးစွန့်လွှတ်မှုတို့ရဲ့ စံနမူနာအဖြစ် သတ်မှတ်ကြပြီး သူ့ကို ဝေဖန်သူတွေကတော့ ကြမ်းတမ်းတဲ့၊ ရက်စက်တဲ့သူ အဖြစ် သဘောထားကြပါတယ်။