အမေရိကန်ဗီဇာ ဆိုင်းငံ့မှု နိုင်ငံခြားအလုပ်သမားတွေကို အဓိကထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံမှာ green cards အမြဲတမ်းနေထိုင်ခွင့်တချို့နဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အမေရိကန်နိုင်ငံမှာ လာရောက်အလုပ်လုပ်ခွင့် ဗီဇာဆိုင်းငံ့ထားတာကို ၂၀၂၀ ပြည့်နှစ် အကုန်အထိ သမ္မတ ထရမ့်က သက်တမ်း ထပ်တိုးလိုက်ပါတယ်။
အဲဒီထဲမှာ အရည်အချင်းမြင့် နည်းပညာရှင်အလုပ်သမားတွေ၊ စိုက်ပျိုးမွေးမြူရေးနဲ့ မဆိုင်တဲ့ ရာသီအလိုက် ယာယီအလုပ်သမားတွေ၊ အိမ်ရှင်နဲ့ အတူနေပြီး အချိန်ပိုင်း ကလေးထိန်းပေးသူတွေနဲ့ ထိပ်ပိုင်း အလုပ်အမှုဆောင် စီမံခန့်ခွဲသူတွေ ပါဝင်ပါတယ်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် စီးပွားရေး ထိခိုက်ခဲ့ရသူ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်တွေ ဖန်တီးပေးနိုင်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ အမေရိကန်အစိုးရဟာ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို တင်းကျပ်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြနေတယ်လို့ ထောက်ပြနေကြပါတယ်။
ဘယ်သူတွေအပေါ် ထိခိုက်မလဲ
အခုနှစ်ကုန်ပိုင်းအထိ သက်တမ်းထပ်တိုးလိုက်တဲ့ ဒီဆိုင်းငံ့မှုကြောင့် လူ ၅၂၅,၀၀၀ သက်ရောက်မှုတွေ ရှိလာမယ်လို့ အမေရိကန်အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီထဲမှာ နိုင်ငံခြားသားတွေကို အမေရိကန်နိုင်ငံမှာ အမြဲနေထိုင်ခွင့် green card ရပ်ဆိုင်းခံရတဲ့ လူပေါင်း တစ်သိန်း ခုနစ်သောင်းလောက် ပါဝင်ပါတယ်။
ဇွန်လ ၂၂ ရက် တနင်္လာနေ့အထိ ဒီဗီဇာတွေ ဆိုင်းငံ့လိုက်ကြောင်းကို အမေရိကန်အစိုးရက ဧပြီလမှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်သစ်ဟာ လက်ရှိ ဗီဇာ ရထားပြီးသားသူတွေအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။
ဒီကန့်သတ်ချက်ဟာ H-1B ဗီဇာအမျိုးအစားအတွက် အကြုံးဝင်ပြီး အဲဒီထဲက ဗီဇာ အတော်များများဟာ အိန္ဒိယ နည်းပညာသမားတွေအတွက် ဖြစ်ပါတယ်။ ဒီဗီဇာတွေဟာ နိုင်ငံခြားသား အလုပ်သမားတွေကို လုပ်ခနည်းနည်းနဲ့ အမေရိကန်နိုင်ငံမှာ အလုပ်ခန့်နိုင်အောင် နည်းပညာကုမ္ပဏီတွေကို ခွင့်ပြုထားတဲ့ ဗီဇာတွေ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေတာပါ။
ပြီးခဲ့တဲ့နှစ်က H-1B ဗီဇာအစီအစဉ်ကနေ လျှောက်ခွင့်ရှိတဲ့ နေရာ ရှစ်သောင်းကျော်အတွက် လျှောက်လွှာတင်သူပေါင်း နှစ်သိန်းနှစ်သောင်းကျော် ရှိခဲ့ပါတယ်။
ဒီကန့်သတ်ချက်အရ ရာသီအလိုက် ယာယီအလုပ်သမားတွေအတွက် ထုတ်ပေးတဲ့ H-2B ဗီဇာအမျိုးအစားကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။ အဲဒီဗီဇာက ဟိုတယ်၊ စားသောက်ဆိုင်တို့လို ဧည့်ခံပြုစုတဲ့ လုပ်ငန်းမှာ အလုပ်လုပ်သူတွေအတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက အလုပ်သမားတွေတော့ ဒီကန့်သတ်ချက်ကနေ ကင်းလွတ်ပါတယ်။
တခါ တက္ကသိုလ်ကျောင်းသားတွေ၊ အိမ်ရှင်နဲ့ အတူနေပြီး အချိန်ပိုင်း ကလေးထိန်းပေးသူတွေအတွက် ထုတ်ပေးတဲ့ J-1 ဗီဇာအမျိုးအစားလည်း ဒီကန့်သတ်ချက်ထဲမှာ ပါပါတယ်။
ဒါပေမဲ့ ပါမောက္ခတွေ၊ ပညာသင်ထောက်ပံ့ကြေးနဲ့ စာလာသင်တဲ့သူတွေတော့ မပါပါဘူး။ ဒီဗီဇာအမျိုးအစားကတော့ ဆိုင်းငံ့ခွင့် ကင်းလွတ်ဖို့ လျှောက်ထားနိုင်ပါတယ်။
နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအတွက် မန်နေဂျာတွေနဲ့ တခြားအရေးပါတဲ့ ဝန်ထမ်းတွေအတွက်ထုတ်ပေးတဲ့ L ဗီဇာအမျိုးအစားကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
ဘယ်လို တုံ့ပြန်ကြသလဲ
ဒီပြည်ဝင်ခွင့်ဗီဇာတွေကို ဆိုင်းငံ့လိုက်တဲ့ ရည်ရွယ်ချက်က အမေရိကန် စီးပွားရေးအတွက် "အကောင်းဆုံး၊ အတော်ဆုံး"နဲ့ "အတန်ဆုံး" ရဖို့ ဖြစ်တယ်လို့ ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
"ဒီလုပ်ဆောင်ချက်ဟာ အမေရိကန်မှာ အလုပ်တွေကို ကာကွယ်ဖို့ သမ္မတထရမ့်အစိုးရရဲ့ ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်" လို့ ဒီကန့်သတ်ချက်တွေကို ထောက်ခံတဲ့ လူဝင်မှုကြီးကြပ်ရေး ဘာသာရပ်ဌာနရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မာ့ခ် ကရီကိုရီယန် က AP သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ အမေရိကန် အရပ်သား လွတ်လပ်ရေး သမဂ္ဂအဖွဲ့ကတော့ "ဒါဟာ ကပ်ရောဂါကြီးတစ်ခုကို အသုံးချပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ပြန်ပြင်ဖို့ ကွန်ဂရက်ကို ကျော်လုပ်လိုက်တာ" လို့ ပြောပါတယ်။
နိုင်ငံခြားသား အလုပ်သမားတွေအပေါ် မှီခိုအားထားနေတဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ဒီပေါ်လစီအသစ်ကို ကန့်ကွက်နေကြပါတယ်။
"စီးပွားရေး ပြန်ကောင်းလာတဲ့အချိန်ကျရင် အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ လိုအပ်တဲ့ အလုပ်သမားထု အားလုံးကို ဖြည့်ဆည်းပေးနိုင်ရမယ် ဆိုတဲ့ အာမခံချက် လိုအပ်လာပါလိမ့်မယ်" လို့ ဒီကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ သတိပေးထားတဲ့ စာတစ်စောင်ကို အမေရိကန် ကုန်သည်ကြီးများအသင်းက အခုလမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။
"အဲဒီအချိန်ကျရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကျွမ်းကျင်သူ အလုပ်သမားတွေကို ပြည်တွင်းကနေရော ပြည်ပကနေပါ ရနိုင်ခွင့် ရှိဖို့ အရေးကြီးတယ်"လို့ ဆိုပါတယ်။








